သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရုသင်း (ခေါ်) သမင်ဖြူ အရေပြားရောဂါ


မြန်မာနိုင်ငံမှာအဖြစ်များတဲ့ အရေးပြားရောဂါတွေထဲမှာ ခရုသင်းရောဂါလည်း ပါနေပြီး၊ ဒီရောဂါရှိသူတွေအပေါ် ခွဲခြားဆက်ဆံမှုတွေလည်း ရှိနေတာမို့ ဒီရောဂါအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ဖို့ အရေးကြီးတယ်လို့ ကျန်းမာရေး ပညာရှင်တွေက ပြောဆိုပါတယ်။

ဒီရောဂါက ကူးစက်တာကြောင့် ဖြစ်တာမဟုတ်တဲ့ အတွက် ဒီရောဂါရှိသူတွေအပေါ် လူမှုရေးအရ ခွဲခြားဆက်ဆံတာတွေ မလုပ်သင့်ပါဘူး။ တကယ်တမ်း ဒီရောဂါဖြစ်ရခြင်းအကြောင်းရင်းက ခန္ဓာကိုယ် အရေပြားမှာရှိတဲ့ အရေပြား ရောင်ခြယ်ဓာတ်ထုတ်ပေးတဲ့ ရောင်ခြယ်ဆဲလ်တွေ အကြောင်းတစ်ခုခုကြောင့် သေသွားတာကြောင့်ပါ။ ဒီအရေပြား ရောင်ခြယ်ဆဲလ်တွေကို သေစေတဲ့ အကြောင်းရင်းတွေထဲမှာ မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်သလို၊ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစနစ်က ဒီရောင်ခြယ်ဆဲလ်တွေကို မှားပြီးသွားတိုက်ခိုက်မိတာကြောင့်နဲ့ ရောဂါတစ်ခုခုကြောင့် (ဥပမာ - လည်ပင်းကြီးရောဂါကြောင့် ဟော်မုန်းပြောင်းပြီး) ဒီရောင်ခြယ်ဆဲလ်တွေ သေသွားတာတွေကြောင့်လည်း ပါပါတယ်။ ဒါကြောင့် လူချင်းထိ ကူးစက်တာမဟုတ်လို့ ဒီရောဂါဖြစ်သူတွေကို ခွဲခြားဆန့်ကျင်မှု မပြုဘဲ ဖေးမကူညီပေးသင့်ပါတယ်။

တကယ်တော့ ဒီခရုသင်းရောဂါက သူသူကိုယ်ကိုယ် ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ရောဂါဖြစ်သူ တဝက်ကျော်ခန့်က အသက် (၂၀) အောက်မှာ ဖြစ်ကြပြီး၊ ရောဂါရှိသူ (၅) ယောက်မှာ (၁) ယောက်ကတော့ မျိုးရိုးလိုက်တာကို တွေ့ရှိထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဒီရောဂါကို မဖြစ်အောင် ကာကွယ်လို့ မရပေမယ့် အထက်ပါ ဖြစ်လာဖို့ အန္တရာယ်များသူတွေဖြစ်တဲ့ မျိုးရိုးရှိထားသူတွေ၊ လည်ပင်းကြီး ရောဂါရှိထားသူတွေမှာ အသားရောင် အနည်းငယ်ဖျော့လာလျှင်၊ အဖြူစက်လေးတွေ စပေါ်လာလျှင်၊ ကြိုတင် ဆေးခန်းပြ စစ်ဆေးပြီး၊ လိုအပ်လျှင် ဆေးလိမ်းပေးခြင်းဖြင့် ပိုမဆိုးအောင် ကြိုတင် ကာကွယ် ကုသနိုင်ပါတယ်။

ရောဂါဖြစ်လာတာကို သိနိုင်ဖို့ လက္ခဏာတွေကတော့ အဖြူစက်တွေ အဖြူကွက်တွေ နို့နှစ်ရောင်ကွက်တွေ အရေပြားမှာ ဖြစ်လာတာ အဓိကပါ။ အသားညိုသူတွေမှာ ပိုသိသာလေ့ရှိပါတယ်။ ဒီလက္ခဏာတွေက ခန္ဓာကိုယ် ဘယ်နေရာမဆို ဖြစ်နိုင်ပေမယ့် အဖြစ်များတဲ့နေရာတွေကတော့ မျက်နှာ၊ နှုတ်ခမ်းတဝိုက်၊ လက်မောင်း၊ လက်ဖဝါး၊ ခြေထောက်နဲ့ လိင်အင်္ဂါတဝိုက်တွေ ဖြစ်ပါတယ်။ တချို့မှာ စဖြစ်ပြီး ရက်ပိုင်း လပိုင်းအတွင်း ပိုသိသာလာတာ၊ နောက် တကိုယ်လုံးဖြူဆွတ်သွားတာရှိသလို၊ တချို.မှာတော့ အဖြူကွက် တစ်ကွက် နှစ်ကွက်သာပေါ်ပြီး လနဲ့ချီ နှစ်နဲ့ချီ ဆက်ရှိနေတတ်ပါတယ်။ ကလေးတွေမှာတော့ တချို့ လသားအရွယ်ထဲက စဖြစ်တတ်သလို၊ ဖြစ်လာရင် အဖြူစက်တွေ အဖြူကွက်တွေက လူကြီးတွေလို တခြားနေရာတွေနဲ့ တွဲမဖြစ်ပဲ မျက်နှာမှာသပ်သပ်၊ လက်မောင်းမှာသပ်သပ်၊ ခြေထောက်မှာသပ်သပ် စသည်ဖြင့် အပိုင်းလိုက်ပဲ ဖြစ်လေ့ရှိပါတယ်။

ဒီရောဂါ ကုသရာမှာ ရောဂါအတိမ်အနက်နဲ့ ဖြစ်တဲ့သူ အနေအထားပေါ်မူတည်ပြီး ကုသမှု အခြအနေ ကွဲပြားကြပါတယ်။ တချို့မှာ ဆေးကုပြီး လုံးဝပျောက်သွားတတ်သလို၊ တချို့မှာတော့ နည်းနည်းပဲ ပျောက်ကာ၊ တချို.မှာ ကုသပေမဲ့ ဆက်ဖြူနေတာလည်း ရှိတတ်ပါတယ်။ ဒါပေမဲ စနစ်တကျ ဂရုစိုက် ကုသလျှင်တော့ အများစုက အနည်းနဲ့အများဆိုသလို တိုးတက်မှုရှိပါတယ်။ အခုလို ကုသရာမှာ တစ်ပတ် နှစ်ပတ်နဲ့ မရပဲ၊ နှစ်နဲ့ချီ ဇွဲရှိရှိနဲ့ ကုသရပါတယ်။ ဒီရောဂါ ကုသချိန်မှာ နေလောင်မခံမိစေဖို့လည်း အရေးကြီးပါတယ်၊ ဒီ အရေပြားရောင်ခြယ်ဆဲလ်တွေ ပျက်စီးသွားတာကြောင့် အရေပြား အရောင်ဖျော့သွားတာအပြင်၊ နေပူဒဏ်ကိုလည်း အရေပြားက မခံနိုင်တော့တာမို့ နေရောက်ဒဏ်ကြောင့် အရေပြားကူးစက်ရောဂါတွေဖြစ်လွယ်ပြီး ရေရှည်မှာ အရေပြားကင်ဆာ ဖြစ်လာနိုင်တဲ့ အန္တရာယ် တဖြည်းဖြည်းများလာလို့ပါ။

ဒါကြောင့် နေပူခံ အဆီတွေ လူးပေးတာနဲ့ နေပူဒဏ်မထိအောင် ရှောင်ကျဉ်တာတွေ ပြုလုပ်ပေးသင့်ပါတယ်။ တချိန်ထဲမှာ အရေပြားမှာ ဒဏ်ရာမရအောင်လည်း ဂရုစိုက်ကာကွယ်သင့်ပါတယ်၊ ဘာလို့လဲဆိုတော့ ဒဏ်ရာရခဲ့ရင် ဒီ ရောင်ခြယ်ဆဲလ်တွေ ပိုသေပြီး ပိုဖြူလာလို့ပါ။ ဒါ့အပြင် ရောင်ခြယ်ဆဲလ်တွေ ပြန်ထုတ်ပေးနိုင်မဲ့ လူးဆေး၊ စားဆေးတွေနဲ့ အရေပြား အရာင်ဓာတ်ဆွပေးတဲ့ ရောင်ခြည်စက်တွေ လေဆာပစ်တာတွေ၊ ကောင်းတဲ့အရေပြားက ရောင်ခြယ်ဆဲလ်တွေကို ခြစ်ယူပြီး အစားထိုးကုသပေးတာတွေနဲ့ ကုသပေးနိုင်ပါတယ်။

ဒီရောဂါကုသရာမှာ လွဲမှားနေတဲ့ အယူအဆတချို့ ရှိပါတယ်။ တစ်ခုကတော့ အစာရှောင်တာပါ။ ဒီရောဂါက အစာနဲ့ မဆိုင်လို့ အစာရှောင်စရာမလိုပါ။ နောက်လွဲတာ တစ်ခုကတော့ ကြိတ်မှန်ရွက်ကို ထောင်းပြီး၊ လက်နဲ့ဆုပ်ပြီး အရည်ညှစ်လူးတာပါ။ ဒီကြိတ်မှန်ရွက်မှာ အစေးပါပြီး၊ မသန့်တာကြောင့် အဖြူကွက်ကို လောင်ပြီး ပိုဆိုးသွားစေနိုင်ပါတယ်။ ဒါ့အပြင် ပိုအရေးကြီးတာက အာဆင်းနစ်ပါတဲ့ ဆေးတွေကို အပြင်မှာ လူးတတ်ကြပြီး သူ့ရဲ့ဘေးထွက်ဆိုးကျိုးကြောင့် အဖြူကွက်မှာ အနီရောင် သန်းလာတာကို ကောင်းတယ်လို့ မှားယွင်းယူဆနေကြပါတယ်။ တကယ်က ဒီ အာဆင်းနစ်က လူူးပြီးရင် ခန္တာကိုယ်ထဲက မထွက်တော့ဘဲ ရေရှည်မှာ အဆိပ်ဖြစ်ကာ အရေပြားမှာ အသားမာအဖုတွေဖြစ်လာတာ၊ အရေပြားကင်ဆာဖြစ်တာနဲ့ အာရုံကြောရောဂါတွေဖြစ်လာဖို့ အန္တရာယ်ကြီးလွန်းတာမို့ လုံးဝ ရှောင်ကျဉ်သင့်ပါတယ်။

သိသင့်သိထိုက်တဲ့ ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံက အရေးပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG