စိတ်ဖိစီးမှုပြဿနာဟာ ကမာ္ဘမှာရော မြန်မာမှာပါ အလွန်အရေးပါလာနေပြီး၊ ဖြစ်စေတဲ့ အကြောင်းရင်းတွေကို လူတိုင်းသိထားသင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။
စစ်ဖိစီးမူဟာ ဖိစီးနေတဲ့ စိတ်ရဲ့ခံစားမှုဖြစ်ပြီး၊ လောကဒဏ်တွေကို သဘာဝအလျှောက် ရင်ဆိုင်တုံ့ပြန်တဲ့ ပုံမှန်လုပ်ငန်းစဉ် ဖြစ်ပေမဲ့၊ ရှေရှည် ဒီစိတ်ဖိစီးမှု ခံလာရလျှင်တော့ စိတ်ဖိစီးမှုပြဿနာ အဆင့်ရောက်လာရပါတယ်။ Stress လို့ အခုခေတ်မှာ လူအများပြောလာကြတဲ့ စိတ်ဖိစီးမှုဟာ အခုမှပေါ်လာတာ မဟုတ်ဘဲ၊ မြန်မာမှာလည်း ဟိုးအရင်ရှေးရှေးထဲက ပြောခဲ့တဲ့ စကားလုံးတွေမှာ ရှိထားပြီးသားပါ။ မြန်မာတွေ ပြောလာခဲ့ကြတဲ့ စိတ်သောကရောက်တာ၊ စိတ်အိုက်တာ၊ စိတ်လေးတာ၊ စိတ်ပင်ပန်းနွမ်းနယ်တာ၊ စိုးရိမ်ပူပန်တာ၊ စိတ်ထိခိုက်တာ၊ စိတ်မွန်းကြပ်တာ၊ စိတ်ထောင်းကိုယ်ကြေဖြစ်တာတွေအားလုံးက Stress စိတ်ဖိစီးမှုကို ဖော်ပြတာပဲ ဖြစ်ပါတယ်။
စိတ်ဖိစီးမှုလုပ်ငန်းစဉ်ကို စဖြစ်ပေါ်စေတဲ့ အခြေအနေတွေကတော့ လောကဒဏ်တွေဖြစ်တဲ့ အခက်အခဲ၊ စိန်ခေါ်မှုနဲ့ ခြိမ်းခြောက်မှုအန္တရာယ် (Threats) တွေပါ။ ဒီလောကဒဏ်တွေကို လူတိုင်း ကြုံရချိန်မှာ ကိုယ်ခန္ဓာ (Body) ကရော၊ စိတ် (Mind) ကပါ ပုံမှန် တုံ့ပြန်တာ (React) လုပ်လေ့ရှိပါတယ်။ ဥပမာ ရှေးခေတ်ထဲက ကျားနဲ့တွေ့ရချိန်မျိုးမှာ ကိုယ်ခန္ဓာရဲ့ ခုခံကာကွယ်မှုလုပ်ငန်းစဉ် (Fight or Flight Mechanism) ချက်ချင်း အလုပ်လုပ်ဖို့၊ ဒီ စိတ်ဖိစီးမှုခံစားချက်က စလှုံ့ဆော် (Trigger) ပေးရတာပါ။ အသားတွေတုန်၊ ကြွက်သားတွေကျစ်၊ ရင်တုန်ပန်းတုန်ဖြစ်ပြီး ကျားကို ပြန်ချမလား၊ ပုန်းနေမလား၊ ထွက်ပြေးမလားဆိုတဲ့လုပ်ငန်းစဉ်နဲ့ ရှင်သန်မှုအတွက် ရုန်းကန်ကြိုးပမ်းမှု ဆက်ဖြစ်စေတာပါ။ ဒါကြောင့် ကာလတစ်ခုအတွက် စိတ်ဖိစီးမှုက လိုအပ်ပါတယ်။ ဒါပေမဲ့ စိတ်ဖိစီးမှု ကြာရှည် မလိုအပ်ဘဲ ဖြစ်လာလျှင်တော့ စိတ်ဖိစီးမှုပြဿနာ ဖြစ်သွားပါတယ်။
စိတ်ဖိစီးမှုပြဿနာကို အမျိုးအစား (၂) မျိုးခွဲနိုင်တာမှာ တကိုယ်ရည် (Individual) နဲ့ အများနဲ့စုခံစားရတဲ့ (Societal) စိတ်ဖိစီးမူပြဿနာတွေ ပါဝင်ပါတယ်။ တကိုယ်ရည် စိတ်ဖိစီးမှုမှာတော့ အခက်အခဲတွေ နိမ့်တုံမြင့်တုံဖြစ်တာတွေ စိတ်ပင်ပန်းနွမ်းနယ်ရတာတွေ ပြဿနာတွေကြုံရတာတွေစတာတွေကို ဖြစ်စေတဲ့ အရင်းခံ အကြောင်းရင်းကြီး (၅) ခု ရှိပါတယ်။ လောကဒဏ် အခက်အခဲ ကြီး (၅) မျိုးလို့လည်း ခေါ်နိုင်ပါတယ်။ ဒီအကြောင်းရင်းတွေကို အမေရိကန် စိတ်ကျန်းမာရေးဆရာဝန်များအဖွဲ့ (American Psychological Association) က နှစ်စဉ်လုပ်တဲ့ စိတ်ကျန်းမာရေးဆိုင်ရာ သုတေသန လေ့လာမှုစစ်တမ်းမှာ အတိအကျ ဖော်ပြထားပြီး တခြားနိုင်ငံတွေအတွက်လည်း အကြုံးဝင်နိုင်ပါတယ်။
ဒီအမေရိကန်စစ်တမ်းမှာ နောက်ဆုံးတွေ့ထားတဲ့ စိတ်ဖိစီးမှုပြဿနာ ပထမအရင်းခံအကြောင်းကတော့ ကုန်ဈေးနှုန်းနဲ့ ငွေရေးကြးရေး ပြဿနာကြီးပါ။ ကုန်ဈေးနှုန်းတက်တာ (ငွေကြေးဖောင်းပွမှု Inflation ဖြစ်တာ) အတွက် စိုးရိမ်သူက ၈၃% အထိ မြင့်မားခဲ့ပြီး၊ ငွေကြေးပြဿနာ (အစားအသောက်ဝယ်ဖို့၊ အိမ်ဌားခပေးဖို့၊ အကြွေးနဲ့အိမ်ဝယ်တာ လစဉ်အရစ်ကျပြန်ဆပ်ဖို့) အတွက် သောကရောက်သူက ၅၇% ရှိတာကို ဒီ လေ့လာမှုစစ်တမ်းမှာ တွေ့ရှိခဲ့ပါတယ်။
အလားတူ မြန်မာမှာလည်း ကုန်ဈေးတွေကြီး၊ ငွေကြေးဖောင်းပွမှုတွေတက်၊ ပိုက်ဆံရှာရခက်၊ အလုပ်အကိုင်ရှားပါးလာတာ စတာတွေကြောင့် မိသားစုများစွာ လက်ရှိ ငွေရေးကြေးရေး ကြပ်တည်းတာအပေါ် စိတ်ပူပန်မှု တိုးလာနေပါတယ်။
ဒီအကြောင်း ပိုမိုသိရှိနားလည်ဖို့ ကိုဝင်းမင်းက သြစတျေးလျနိုင်ငံ၊ Central Queensland ဆေးရုံက စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး ဒေါက်တာသက်ဌေး ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။