သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နွေရာသီ အရေပြား စောင့်ရှောက်မှု


နွေရာသီ အရေပြား စောင့်ရှောက်မှု
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

နွေရာသီမှာ မြန်မာနိုင်ငံတွင်း ပူလွန်းတာကြောင့် ရေတိုရေရှည် အရေပြားရောဂါမျိုးစုံ ဖြစ်နိုင်တာမို့၊ အရေပြားကို အထူးဂရုစိုက် စောင့်ရှောက်သင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုလိုက်ပါတယ်။

ဒီ နွေရာသီအပူကြောင့် ချွေးထွက်အလွန်များပြီး စွတ်စိုတာကြောင့် အရေပြား ကိုယ်ခံစွမ်းအား ကျဆင်းလာကာ ပိုးဝင်လွယ်တာကြောင့်နဲ့ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ပြင်းအား များတာကြောင့် အရေပြားရောဂါ မျိုးစုံဖြစ်ရတာပါ။ အဖြစ်များတဲ့ရောဂါတွေကတော့ မွှေးကျွတ်နာ၊ အရေပြားပိုးဝင်တာ၊ ပွေးနဲ့ညှင်းလို အရေပြား မှိုစွဲကပ်တာ၊ မိတ်နဲ့ အနီဖုတွေပေါက်တာ၊ နေလောင်တာ၊ နေရောင်ကြောင့် တချို့အရေပြားယားယံတာ (Allergy) တွေ လတ်တလော ရေတိုမှာ ဖြစ်လာတာပါ။ ခရမ်းလွန်ရောင်ခြည် ပြင်းအားကြောင့်လည်း ရေရှည်မှာလည်း အသားအရေ ပိုအိုမင်းတာကနေ အရေပြားကင်ဆာတွေအထိ ဖြစ်သွားနိုင်ပါတယ်။

မြန်မာနိုင်ငံအတွင်း နွေရာသီမှာ နေရောင်ခြည်ထဲ ခရမ်းလွန်ရောင်ခြည် ပါဝင်မှုနှုန်း မြင့်မားလွန်းတာကြောင့် ဒီ ရေတို၊ရေရှည် ဖြစ်နိုင်တဲ့ အရေပြားရာဂါတွေကနေ ကာကွယ်နိုင်ဖို့ အထူးအရေးကြီးရာမှာ၊ တကိုယ်ရေ သန့်ရှင်းရေးနဲ့ ပြင်းထန်တဲ့ နေရောင်ခြည်ဒဏ် မခံရအောင် ပြင်ဆင်ရေးက အထူးအရေးကြီးပါတယ်။

တကိုယ်ရေသန့်ရှင်းရေးအနေနဲ့ ဆပ်ပြာနဲ့ရေပုံမှန်ချိုးပေးပြီး၊ ပြင်းထန်တဲ့နေရောင်ဒဏ်မခံရအောင် နေပူလွန်းတဲ့ မနက် (၁၀) နာရီနဲ့ ညနေ (၄) နာရီအတွင်း အပြင်မထွက်ဘဲ အရိပ်ထဲမှာနေတာ၊ အပြင်မှာ လုပ်စရာရှိတာတွေကို မနက်စောစောနဲ့ ညနေနှောင်းပိုင်းအချိန်တွေမှာ လုပ်တာနဲ့ နေကာလိမ်းဆေး လူးပေးတာတွေ လုပ်ပေးသင့်ပါတယ်။ မြန်မာနိုင်ငံမှာ အခုလို ဧပြီနဲ့မေလတွေမှာ ခရမ်းလွန်ရောင်ခြည် ပြင်းအားကြိမ်နှုန်းက အလွန်အကျွံပြင်းထန်တဲ့ အဆင့်မှာ အများအားဖြင့် ရှိတတ်တာမို့၊ နေကာလိမ်းဆေး အမှတ် (၁၅) နဲ့ မလုံလောက်ဘဲ၊ နေကာလိမ်းဆေးအမှတ် (၃၀) နဲ့ အထက်ကို အသုံးပြုသင့်ပါတယ်။

နေကာလိမ်းဆေး အမျိုးမျိုးရှိရာမှာလည်း မျက်နှာအတွက် ပုံမှန်အားဖြင့် အဆီလိမ်းဆေး (Cream) နဲ့ အဆီပြန်သူတွေအတွက်တော့ အခြောက်မြန်တဲ့ ဂျယ်လူးဆေး (Gel) သုံးတာ၊ နောက် ဆံပင်အတွက် နေကာဖြန်းဆေး (Spray) သုံးတာ၊ ကိုယ်ခန္ဓာနဲ့ ခြေ၊လက်တွေအတွက် လူးဆေးရည် (Lotion) သုံးတာတွေ လုပ်ပေးသင့်ပါတယ်။ ရေကူးတာနဲ့ ချွေးထွက်များလွန်းသူတွေအတွက်တော့ ရေစိုခံ နေကာလိမ်းဆေးအမျိုးအစား အသုံးပြုသင့်ပါတယ်။ ဒါ့အပြင် ဒီနေကာလူးဆေးတွေကို နေရောင်ထဲမထွက်ခင် (၁၅) မီးနစ်အလိုမှာ ကြိုတင် လူးထားသင့်ပြီး၊ အာနိသင် သက်တမ်းအလိုက် (၂) နာရီ၊ (၃) နာရီတကြိမ် နောက်ထပ်လူးပေးသင့်ပါတယ်။ ဒါ့အပြင် တခြားနေဒဏ်ကနေ အလွယ်တကူကာပေးနိုင်တဲ့ ထီးဆောင်းတာ၊ ဦးထုတ်ဆောင်းတာ၊ အခြောက်မြန်တဲ့ ချည်သား (Cotton) အသားကျစ်ကျစ်ကို လေဝင်လေထွက်ကောင်းအောင် အရွယ်ပွပွ ချောင်ချောင်ဖြစ်အောင် ဝတ်ပေးတာတွေလုပ်ပေးသင့်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် ရေရှည်မှာ မျက်စိအတွင်းတိမ် မဖြစ်အောင်လည်း နေကာမျက်မှန်တပ်သင့်ပါတယ်။

မိတ်ထွက်တာနဲ့ အနီဖုတွေထွက်တာကလည်း အထူးသဖြင့် ကလေးငယ်တွေမှာ ပိုဖြစ်တတ်တာမို့၊ အပူလှောင်စေတဲ့ နိုင်လွန် (Nylon)၊ ပိုလီအက်စတာ (Polyester)၊ သိုးမွှေးတွေ မဝတ်ဘဲ၊ ချွေးခြောက်မြန်တဲ့ ချည်သားပါးပါး၊ ချောင်ချောင်ဝတ်ပေးတာ၊ ရေအေးနဲ့ချိုးတာ၊ အေးတဲ့နေရာမှာနေတာ၊ အေးနေအောင် ရေချိုးပြီး သနပ်ခါးရည်ကျဲလိမ်းတာ၊ မိတ်ပျောက်ပေါင်ဒါမှုန့်သုံးတာတွေ လုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် နေပူထဲက ပြန်လာချိန်နဲ့ မွန်းတဲ့ချိန်တွေမှာလည်း အသားခြောက်စေတဲ့ လူးဆေးရည် (Lotion) နဲ့ ရှားစောင်းလက်ပတ် (Aloe) ပါတဲ့ အဆီလိမ်းဆေး (Cream) ပြန်လိမ်းပေးသင့်ပါတယ်။

ဒါ့အပြင် မွှေးကျွတ်နာနဲ့ ညှင်း၊ပွေးလို မှိုကပ်နာတွေကနေ ကာကွယ်ဖို့အတွက်လည်း၊ အလားတူ တကိုယ်ရေသန့်ရှင်းရေး အဓိကလုပ်ဆောင်ပေးပြီး (ဆပ်ပြာနဲ့ရေပုံမှန်ချိုးတာ)၊ အပူဒဏ်လျော့ပေးနိုင်အောင် အေးမြတဲ့နေရာမှာနေတာ၊ အရိပ်အောက်နေတာ၊ ပန်ကာ၊ လေအေးစက် (အဲယားကွန်း) နဲ့ ယပ်တောင်သုံးတာ၊ နောက် စွတ်စိုတာကို ပြန်ခြောက်လွယ်အောင် ချွေးခြောက်လွယ်တဲ့ ချည်သားနဲ့ အရွယ် ပွပွချောင်ချောင်ဝတ်ပေးတာ၊ ချွေးစိုလာရင် အင်္ကျ ီလဲပေးတာ၊ ချွေးသုတ်ပေးတာ၊ ပေါင်ဒါလူးတာတွေ လုပ်ပေးသင့်ပါတယ်။

နွေရာသီတွင်း အရေပြားအလှကုန်သုံးသူတွေအနေနဲ့လည်း အဆီများတာနဲ့ အဆီပျံစေတာတွေသုံးတာထက် အသားအေးစေပြီး မြန်မြန်ခြောက်စေ တာတွေကို အသုံးပြုသင့်ရာမှာ၊ မျက်နှာအတွက် အဆီမပါတဲ့ (Oil Free) အရေပြားအလှကုန်တွေ၊ အဆီပျံတဲ့မျက်နှာအတွက် ပေါင်ဒါ အမှုန့်၊ အခြောက်တွေ၊ ဆံပင်အတွက် အခြောက်မြန်တဲ့ ဂျယ်လူးဆေး (Gel) တွေ၊ ခန္ဓာကိုယ်အတွက် အဆီနဲတာ (သို့မဟုတ်) အဆီမပါတဲ့ လူးဆေးရည် (Lotion) တွေအပြင်၊ သနပ်ခါး ပေါင်ဒါလူးလေ့ရှိသူတွေအနေနဲ့လည်း ဒီ အလှကုန်တွေအပေါ်မှာ ထပ်လူးပေးနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်မတဲ့လို့ အရေပြားယားယံသူတွေအနေနဲ့လည်း အရောင်၊ အနံ့မပါတဲ့ အလှကုန်တွေကို သုံးသင့်ပါတယ်။ အရေးကြီးတာကတော့ ဘယ်လိုအလှကုန် သုံးတာဖြစ်ဖြစ် နေကာလိမ်းဆေးရောထားတဲ့ အမျိုးအစားကို နွေရာသီမှာ ရွေးချယ် အသုံးပြုသင့်ပါတယ်။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံက အရေးပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး ကို မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG