သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆယ်ကျော်သက် စိတ်ကျ ပြဿနာ ကာကွယ်ရေး


ဆယ်ကျော်သက် စိတ်ကျ ပြဿနာ ကာကွယ်ရေး
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

ဆယ်ကျော်သက်လေးတွေမှာ စိတ်ကျလက္ခဏာတွေ ရှိလာတာကို ကာကွယ်ဖို့ အဓိက မိသားစုတွေနဲ့ ကျောင်းတွေမှာ ပညာပေးလုပ်ဆောင်သင့်တယ်လို့ စိတ်ကျန်းမာရေး ပညာရှင်တွေက ဆိုပါတယ်။

ဆယ်ကျော်သက်ရွယ် စိတ်ကျပြဿနာအပါအဝင် စိတ်မကျန်းမာရခြင်းက ခန္ဓာကိုယ်ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ ပတ်ဝန်းကျင် ဖိစီးမှုအပိုင်းတွေကြောင့် ဖြစ်ရတာမို့ မဖြစ်ခင် ဒီအကြောင်းရင်းတွေကို ကာကွယ်နိုင်ဖို့ အရေးကြီးပါတယ်။ မိသားစုအပိုင်းအနေနဲ့ မိခင်တွေကိုယ်ဝန်ဆာင်ချိန်ကစပြီး စိတ်ရောကိုယ်ပါ ကျန်းမာရေးကောင်းမှ ကလေးကျန်းမာရေးကောင်းပြီး စိတ်ပိုင်းဆိုင်ရာပြဿနာတွေ မဖြစ်အောင်ကာကွယ်နိုင်မှာ။ မိခင်တွေ ကျန်းမာမာရေးကောင်းဖို့ ဆရာဝန်နဲ့ ကိုယ်ဝန်မှန်မှန်ပြတာ၊ လိုအပ်တဲ့ ကာကွယ်ဆေးထိုးတာ၊ အစားအသောက် ပုံမှန်စားသောက်တာ၊ အိပ်ချိန်ပုံမှန်အိပ်တာတွေ လုပ်ပေးဖို့ လိုပါတယ်။ ဒါ့အပြင် မိသားစုအနေနဲ့ ကလေးကို ပြုစုပျိုးထောင်ရာမှာ နွေးနွေးထွေးထွေးဖြစ်ဖို့ လိုအပ်ပြီး၊ မိဘတွေအလုပ်များကာ အချိန်မပေးနိုင်ဘဲ ကလေးကိုပစ်ထားသလို မဖြစ်စေဖို့၊ စိတ်ပန်းဆိုင်ရာ ညှင်းပန်းမှု မခံရစေဖို့ အထူးဂရုပြုသင့်ပါတယ်။ မိဘတွေအနေနဲ့ ဒေါသနဲ့ ရိုက်နှက်ဆုံးမတာတွေကြောင့်လည်း ကလေးစိတ်ကို ထိခိုက်စေပြီး ကြီးလာလျှင် စိတ်ကျရောဂါဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် မိမိတို့ကလေးအနေနဲ့ မူးယစ်ဆေးဝါးနဲ့ အရက် ရှောင်ကျဉ်နိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးသင့်ပါတယ်။

ဒါ့အပြင် ကျောင်းသားလူငယ်ဘဝမှာ ကြောက်တဲ့ရောဂါ၊ စိုးရမ်ကြီးတာနဲ့ စိတ်ဖိစီးတာအပါအဝင် စိတ်မကျန်းမာတဲ့ ပြဿနာတွေ စဖြစ်တတ်ပြီး၊ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးနေချိန် ကျောင်းနေစဉ်ဘဝမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေမဖြစ်စေဖို့ အရေးကြီးတာမို့ ကျောင်းတွေမှာ စိတ်ကျန်းမာရေး ပညာပေးဖို့အရေးကြီးပါတယ်။ ကျောင်းနေပျော်၍ စာတော်ရမည်ဆိုတဲ့ အဆိုစကားအတိုင်း စိတ်ကျန်းမာရေးကောင်းမှ ကျောင်းနေပျော်ပြီး စာလိုက်နိုင်၊ အောင်မြင်မှုတွေရနိုင်မှာ ဖြစ်ပါတယ်။ ကျောင်းတချို့မှာ အောင်ချက်ကောင်းဖို့ လုပ်ရာမှာ စည်းကမ်းက သဘာဝထက်လွန်ပြီး တင်းကြပ်လွန်းတာကြောင့် ကလေးတွေအတွက် စိတ်ဖိစီးမှုဖြစ်စေပါတယ်။ ဒါ့အပြင် ကလေးတွေမှာ ဖြစ်တတ်တဲ့ ADHD - Attention Deficit Hyperactivity Disorder ခေါ် အာရုံစိုက်ရခက်တဲ့ရောဂါကြောင့် စာသင်ချိန်မှာ ကလေးဟာ ဂနာမငြိမ် ဖြစ်နေတတ်တာမို့ ဆိုးတဲ့ကလေးလို့ မသတ်မှတ်မိဖို့၊ အထူးအရေးကြီးပါတယ်။ ဒါ့အပြင် ကျောင်းသားလူငယ်တချို့မှာ စိတ်နဲ့ပတ်သက်တဲ့ သင်ယူလေ့လာမှုဆိုင်ရာ အခက်အခဲ (Learning Disorders) ဥပမာအားဖြင့် တချို့မှာစာကောင်းကောင်းမရေးနိုင်တာ၊ တချို့ စာကောင်းကောင်း မဖတ်နိုင်တာမျိုးတွေလည်း ရှိတတ်တာကို ဆရာဆရာမတွေအနေနဲ့ သိထားပြီး ကူညီပံ့ပိုးမှုတွေ ပိုလုပ်ပေးသင့်ပါတယ်။

လက်ရှိ ကျောင်းကျန်းမာရေးလုပ်ငန်းတွေရှိပေမယ့် ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အဓိကထားပြီး စိတ်ကျန်းမာရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင်နိုင်သေးပါဘူး။ ဒါကြောင့် ကျောင်းသားလူငယ်တွေရဲ့ အရွယ်လိုက်ဖြစ်တတ်တဲ့ စိတ်ခံစားချက်အကြောင်းနဲ့ စိတ်မကျန်းမာလျှင်လည်း သိနိုင်တဲ့အနေအထားဖြစ်အောင် ဆရာဆရာမတွေ၊ မိဘတွေနဲ့ ကျောင်းသူကျောင်းသားတွေကို ပညာပေးပြောဆိုဖို့ လိုပါတယ်။ အခုလို ပညာပေးရာမှာ စိတ်ရောဂါဖြစ်တာဟာ ပုံမှန်ရောဂါမျိုးသာဖြစ်ပြီး ရှက်စရာမလိုကြောင်း၊ ခွဲခြားဆက်ဆံတာ မဖြစ်သင့်ကြောင်း ပညာပေးခြင်းအားဖြင့် ကျောင်းသားလူငယ်တွေအနေနဲ့ ငယ်စဉ်ထဲက အသိတရားရပြီး စိတ်ကျရောဂါလက္ခဏာ ပြလာလျှင် စောစောသိပြီး အချိန်မီကုသနိုင်ခြင်းဖြင့် ရလဒ်ကောင်း ရနိုင်မှာ ဖြစ်ပါတယ်။ ဆရာ၊ ဆရာမနဲ့ မိဘတွေအနေနဲ့ ကလေးစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို သိနားလည်ထားပြီး ဝိုင်းဝန်းဖေးမပံ့ပိုးပေးခြင်းဖြင့် နောက်ပိုင်းမှာ ကလေးစိတ်ကျပြဿနာမဖြစ်အောင် ဝိုင်းဝန်းကာကွယ်ပေးနိုင်ပြီး၊ မူးယစ်ဆေးနဲ့ အရက်စွဲတာတွေကိုပါ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

ဒီရောဂါဝေဒနာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ဆေးတက္ကသိုလ် (၁) စိတ်ကျန်းမာ ပညာဌာန ပါမောက္ခ၊ ဌာနမှုး ဒေါက်တာတင်ဦး ကို ကိုဝင်းမင်း က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG