သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာသီးရောင်ခြင်း


အာသီးရောင်ခြင်း
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာရော တခြားနိုင်ငံတွေမှာပါ ကလေးနဲ့ဆယ်ကျော်သက်တွေမှာ အာသီးရောင်တာ အဖြစ်များတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

အာသီးဆိုတာက လျှာရဲ့ ဘယ်နဲ့ညာမှာ ကန့်လန့်ကာလေးလို ရှိနေတဲ့အထဲက ထွက်နေတဲ့ ပန်းရောင် အလုံးလေး (၂) လုံးပါ။ ဒါ့အပြင် မမြင်ရတဲ့အာသီးတွေလည်း လည်ချောင်းနောက်နားမှာ ရှိပါတယ်။ ဒီ အာသီးတွေက ပြန်ရည်ကြိတ်တွေ (Lymph Nodes) ဖြစ်ပြီး ကိုယ်ခန္ဓာထဲ ဝင်လာတဲ့ ရောဂါပိုးတွေကို ပထမဆုံး စ ရင်ဆိုင်ထိတွေ့ကာ ရောင်ရမ်းမှုဖြစ် နီမြန်းလာကြရပါတယ်။

အာသီးရောင်တာဖြစ်ရခြင်းက ဗိုင်းရပ်စ် နဲ့ ဘက်တီးရီးယားပိုး (အထူးသဖြင့် Streptococcus ပိုး) တွေ လူ့ အစာအိမ်လမ်းကြောင်းနဲ့ အသက်ရှုလမ်းကြောင်းကနေ ကူးစက်ဝင်ရောက်လာလို့ပါ။ အာသီးရောင်တာ အဖြစ်များသူတွေကတော့ (၅) နှစ်ကနေ (၁၅) နှစ် အတွင်းဖြစ်တဲ့ ကျောင်းနေအရွယ်တွေဖြစ်ပြီး၊ လူကြီးတွေမှာတော့ အဖြစ် နည်းနည်း နည်းသွားတတ်ပါတယ်၊ အကြောင်းက ငယ်ရွယ်စဉ် ကျောင်းစသွားချိန်မှာ အိမ်ပြင်ပက ရောဂါပိုးတွေနဲ့ သိပ်မထိတွေ့ရသေးဘဲ ရောဂါပြီးတာ (Immunity) ကောင်းကောင်းမရသေးတာအပြင်၊ အာသီးသဘာဝအရလည်း (၂) နှစ်အရွယ်မှ စကြီးထွားလာပြီး၊ (၁၂) နှစ်အရွယ်က စကာ တဖြည်းဖြည်း ပြန်သေးသွားလို့ပါ။

ကာကွယ်ဖို့အတွက် အစာလမ်းကြောင်းနဲ့ အသက်ရှုလမ်းကြောင်းတွေကနေ ပိုးတွေ ဝင်မလာနိုင်အောင် အစာကို ကျက်အောင်ချက်ပြုတ်စားသောက်ပြီး၊ ရေအတွက်လည်း ရေသန့် (သို့မဟုတ်) ရေကို ကျိုချက် သောက်သင့်ကာ၊ လေကနေ ကူးစက်မခံရအောင် လူစည်ကားတဲ့ နေရာတွေကို ရှောင်ကျဉ်ပြီး၊ မဖြစ်မနေသွားရလျှင်လည်း နှာခေါင်းအစွပ် သုံးသင့်ပါတယ်။ ဒါ့အပြင် မူကြိုနဲ့ကျောင်းစနေချိန်တွေမှာ အဖြစ်များတာမို့ ကလေးတွေအနေနဲ့ ပန်းကန်ခွက်ယောက်နဲ့ မျက်နှာသုတ်ပုဝါ၊ လက်ကိုင်ပုဝါ အပါအဝင် အသုံးအဆောင်တွေကို အတူမသုံးဘဲ သီးသန့်ထားသုံးသင့်တာအပြင်၊ အာသီးရောင်ပြီးဖျားနေတဲ့ကလေးကို ကျောင်းမပို့သင့်ပါဘူး။ ဒါ့အပြင် နှာချေ၊ ချောင်းဆိုးလျှင်လည်း လက်ကိုင်ပုဝါအုပ် နှာချေ၊ ချောင်းဆိုးတာ၊ လက်မောင်းတတောင်ဆစ်နဲ့ ကာပြီး နှာချေ၊ ချောင်းဆိုးတာ၊ လက်မကြာခဏ ဆေးတာတွေ ကလေးတွေကို သင်ပေးထားသင့်ပါတယ်။

ကိုယ်ခံအားကောင်းဖို့အတွက်လည်း အာဟာရ ပြည့်အောင်စားပြီး အိပ်ချိန်လည်း ပြည့်ဝအောင် အိပ်သင့်ပါတယ်။ ကလေး ရောဂါ (၁၁) မျိုး ကာကွယ်ဆေးထဲမှာ အသက်ရှုလမ်းကြောင်းရောဂါ ကာကွယ်ဆေးလည်းပါတာမို့ အမျိုးသားကာကွယ်ဆေးထိုး စီမံချက်အတိုင်း ကာကွယ်ဆေး ပုံမှန်ထိုးပေးတာနဲ့၊ ဒီ စီမံချက်မှာ မပါသေးတဲ့ ဥပမာအားဖြင့် ရာသီတုပ်ကွေး ကာကွယ်ဆေးမျိုးတွေကိုပါ ထိုးပေးခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။

အာသီးရောင်တာ ဖြစ်လာလျှင် ပြလာမယ့် လက္ခဏာတွေက ဖျားတာ (ဘက်တီးရီးယားကြောင့်ဖြစ်လျှင် အဖျားကြီးပြီး ဗိုင်းရပ်စ်ကြောင့်ဖြစ်လျှင် အဖျားသိပ်မကြီးပဲ နှစ်ရက် သုံးရက်အတွင်း ပျောက်သွားတတ်)၊ လည်ချောင်းနာတာ၊ အစာမျိုရခက်တာ၊ တချို့မှာ အသက်ရှုရခက်တာ တွေပါ။ ပြင်းထန်တဲ့ Streptococcus ဘက်တီးရီးယားပိုးကြောင့် ဖြစ်လျှင်တော့ ပြည်ပါတည်လာပြီး၊ အာသီးမှာ အဝါရောင်အဖတ်လေးတွေကို မြင်နိုင်ပါတယ်။ တချို့မှာလည်း အိပ်ချိန် ဟောက်တာ ဖြစ်လာတတ်ပါတယ်။

ကုသမှု အနေနဲ့ အဖျားရှိလျှင် ပါရာစီတမော (Paracetamol) အဖျားကျဆေးပေးပြီး၊ ဘက်တီးရီယားကြောင့် ဖြစ်လျှင်တော့ ထိရောက်တဲ့ ပဋိဇီဝဆေးကို ဆေးချိန်ပမာဏအပြည့် ရက်အပြည့် သောက်ဖို့ လိုပါတယ်။ တချို. ရောဂါပြင်းထန်လွန်းလျှင်လည်း ထိုးဆေးတွေ အသုံးပြုနိုင်ပါတယ်။ ပြင်းထန်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်တာကို အခုလို ထိထိရောက်ရောက် မကုသမိလျှင် နောက်ဆက်တွဲအဖြစ် ပိုဆိုးပြီး ကုရလည်းပိုခက်တဲ့ နှလုံးလေးဖက်နာနဲ့ ကျောက်ကပ်ရောင်တာတွေ အထိ ဖြစ်သွားနိုင်ပါတယ်။ အထွေထွေ ပြုစုမှုအနေနဲ့လည်း အနားယူပြီး၊ ရေများများသောက်ကာ၊ ဆားရည်နဲ့ ပလုပ်ကျင်းတာအပြင်၊ နာတာသက်သာစေတဲ့ ငုံဆေး ငုံတာတွေ လုပ်ပေးနိုင်ပါတယ်။ အာသီးရောင်တာ များလွန်းတဲ့ ကလေးတွေအတွက် အာသီးဖြတ်သင့်မသင့် စဉ်းစားနိုင်ပါတယ်။

တစ်နှစ်အတွင်း (၆) ကြိမ်ထက် အာသီး ပိုရောင်တာ၊ (၂) နှစ် ဆက်တိုက် တစ်နှစ်လျှင် (၅) ကြိမ်စီ ရောင်တာ၊ (၃) နှစ်ဆက်တိုက် တနှစ်လျှင် (၄) ကြိမ်စီ အာသီးရောင်တာ ဖြစ်တဲ့ကလေးတွေအတွက် အာသီးဖြတ်သင့်၊ မသင့် စဉ်းစားနိုင်ပါတယ်။ ဒါပေမဲ့ အာသီး မဖြစ်မနေ ဖြတ်ရမှာကတော့ အာသီးတစ်ခုလုံး ပြည်တည်သွားချိန်နဲ့၊ မမြင်ရတဲ့အာသီးတွေ အလွန်ကြီးလာပြီး ညအိပ်ချိန် အသက်ရှုလမ်းကြောင်း ပိတ်လိုက် ပြန်ပွင့်လိုက်ဖြစ်လာချိန်မှာပါ။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ ပညာဌာန အငြိမ်းစားဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG