သုံးရလွယ်ကူစေသည့် Link များ

လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ မိုးရွာရေကြီးမှုတွေကြောင့် တိုက်ဖွိုက် (Typhoid) ရောဂါ ပိုဖြစ်နိုင်ပါတယ်။ ဒီရောဂါဟာ ရေမကြီးခင် ပုံမှန်အချိန်တွေမှာလည်း မြန်မာနိုင်ငံမှာ အဖြစ်များပါတယ်။ ဒီရောဂါကို စောစောကြိုသိပြီး၊ အချိန်မီ ထိထိရောက်ရောက် မကုသနိုင်ခဲ့ရင် အသက်ဆုံးရှုံး သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပြောဆိုနေကြပါတယ်။

ဒါကြောင့် စောစောကြိုသိနိုင်ဖို့ အခြားဖျားနာတာတွေနဲ့ ခွဲနိုင်သိရှိဖို့ ထူးခြားတဲ့ လက္ခဏာတွေကို သိထားနားလည်ဖို့ အရေးကြီးပါတယ်။ ဒီရောဂါက တုတ်ကွေးနဲ့ မတူဘဲ တပတ်ကျော်အထိ ဖျားနိုင်ပါတယ်။ ဖျားနာတဲ့အခါ ဆက်တိုက်အဖျားတက်ပြီး၊ ငှက်ဖျားလို အဖျားပြန်ကျလေ့ မရှိပါဘူး။ အခြားဖျားနာတွေလို ခေါင်းကိုက်တာ၊ ကိုယ်လက်မအီမသာ ဖြစ်တာမျိုးရှိပေမယ့်၊ ထူးခြားတာက အဖျားတက်တိုင်း သွေးခုန်နှုန်း လိုက်မတက်ဘဲ နှေးနေတာ ဖြစ်ပါတယ်။ နောက်ထူးခြားတာကတော့ ဗိုက်နာတာ၊ ဗိုက်ကယ်တာနဲ့ ဝမ်းချုပ်တတ် ပါတယ်။ ဒါ့အပြင် အသည်းကြီးတာ၊ ဗေလုံးကြီးတာ၊ မျက်စိနီတာနဲ့ လျှာအလယ်မှာ ဖြူလာပြီးထူကာ၊ လျှာဘေးမှာ နီနေတာတွေလဲ ဖြစ်တတ်ပါတယ်။ တချို့ မှာတော့ ဝမ်းဗိုက်မှာ အနီအစက်အပျောက်တွေ ပေါ်လာတတ်ပါတယ်။ ဒီလက္ခဏာတွေအပြင်၊ တပတ်ကျော်အကြာမှာ အဖျားပြန်မကျရင်လဲ ဒီရောဂါ ဖြစ်နိုင်ချေရှိတာမို့ ဆေးရုံ၊ဆေးခန်း စောစောပြပြီး၊ လိုအပ်ရင် သွေးစစ်ဖို့ လိုပါတယ်။

တိုက်ဖွိုက်ရောဂါဖြစ်တာ သေချာရင် ပဋိဇီဝဆေးတွေကို စောစောနဲ့ ထိထိရောက်ရောက် သုံးဖို့လိုပါတယ်။ ရောဂါဖြစ်လာပြီး ဒုတိယပတ်အတွင်းထိ အချိန်မီ ထိထိရောက်ရောက် မကုသဖြစ်ရင်တော့၊ တတိယ သတင်းပတ်အရောက်မှာ အူမှာ အနာပေါက်ပြီး၊ အူပေါက်ထွက်တာ၊ သွေးဆိပ်တက်တာတွေဖြစ်ကာ အသက်ဆုံးရှုံးနိုင်ပါတယ်။ မသန့်တဲ့ ရေနဲ့ အစာတွေကတဆင့် ကူးစက်နိုင်တဲ့ ရောဂါဖြစ်တာမို့ ကုသကာကွယ်ဖို့အတွက် အိမ်သာအထွက်မှာ ဆေးကြောသန့်စင်ပြီး သီးသန့်အဝတ်ထားသုတ်တာ၊ အသီးအရွက်တွေကို သေသေချာချာ ဆေးကြောပြီး စားတာတွေလုပ်ဖို့ လိုပါတယ်။ ခရု၊ငါး အစိမ်းသုတ်စားတာ၊ မကျက်တကျက် ကင်စားတာနဲ့ ကြက်ဥ၊ဘဲဥ မကျက်တကျက်စားတာတွေ ရှောင်ကျဉ်ဖို့ လိုပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG