မြန်မာနိုင်ငံက အမျိုးသမီးတွေမှာ မီးယပ်ဆိုင်ရာ ဆီးရောဂါ အဖြစ်များလာနေပေမယ့် ဖွင့်ပြောဆိုဖို့ ရှက်ရွံကြောက်ကြတာနဲ့ ဆေးဝါးမကုသနိုင်တာကြောင့် အိမ်ထောင်ကွဲတာ အပါအဝင် မမျှော်လင့်တဲ့ အဖြစ်ဆိုးတွေ ကြုံတွေ့ရင်ဆိုင်နေရတယ်လို့ ကျန်းမာရေးပညာရှင်တွေက သုံးသပ်ပြောဆိုကြပါတယ်။
ဒီရောဂါ ဖြစ်ရခြင်း အဓိကအကြောင်းရင်းက ကလေးမွေးတာ များလာချိန်မှာ သားအိမ်ကြွက်သားတွေ အားနည်းလာပြီး သားအိမ်ကျလာတာကနေ ဆီးအိမ်ပါကျလာပြီး ဆီးသွားမှုဆိုင်ရာ ပြဿနာတွေ ရှိလာတတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးဟော်မုန်း အထွက်နည်းလာချိန် သွေးဆုံးပြီးချိန်မှာ အဓိက ဖြစ်လေ့ရှိပါတယ်။ ကာကွယ်နိုင်ဖို့အတွက် အဓိက ကတော့ ကလေးမွေးချိန်မှာ ကျွမ်းကျင်တဲ့ ဆေးဝန်ထမ်းတွေနဲ့သာမွေးပြီး၊ မကျွမ်းကျင်တဲ့ အရပ်လက်သည်တွေနဲ့ မမွေးသင့်ပါဘူး၊ ဆီးအိမ်ပေါက်တဲ့အထိဖြစ်သွားနိုင်တာကြောင့်ပါ။ အခြားရော ဘယ်လိုကာကွယ်နိုင်ပါသေးလဲ။
ဆီးအိမ်ပေါက်တဲ့အထိ ဖြစ်လာခဲ့ရင်တော့ ရှက်ပြီးဖွင့်မပြောတာ၊ မကုသတာ လုံးဝ မလုပ်သင့်ပါဘူး။ ဆီးအမြဲ ထွက်ကျနေတာကြောင့် လူကြားမတိုးရဲတော့ဘဲ၊ အိမ်ထောင်ဖက်ကလည်း စိတ်ပျက်လာကာ အိမ်ထောင်ကွဲတဲ့အထိ ဖြစ်လေ့ရှိပါတယ်။ ကျေးလက်ဒေသက ဆင်းရဲသူတွေ အပါအဝင် ဒီရောဂါကုဖို့ မတတ်နိုင်သူတွေအတွက် မြန်မာနိုင်ငံဆရာဝန်များအသင်းက လမ်းစရိတ်၊ စားစရိတ်၊ နေစရိတ်တွေ ထုတ်ပေးပြီး ကူညီကုသပေးနေပါတယ်။ ဗဟိုအမျိုးသမီးဆေးရုံကိုလည်း ဆက်သွယ်ပြီး အကူအညီယူကာ၊ ပျောက်ကင်းအောင် ကုသနိုင်ပါပြီ။ ပြည်နယ်၊ တိုင်းဒေသကြီးတချို့က ဆေးရုံတွေမှာလည်း လက်ခံကုသပေးနေပါပြီ။
ဒီရောဂါနဲ့ ကုသမှုအကြောင်း ပိုမိုသိရှိနိုင်ဖို့ ဆေးတက္ကသိုလ် (၁) နဲ့ ဗဟိုအမျိုးသမီးဆေးရုံ သားဖွားမီးယပ်ပညာဌာန ပါမောက္ခ၊ ဌာနမှုး ဒေါက်တာမြသီတာ ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။