သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယအကြိမ် ထိုးပေးနေတဲ့ ကာကွယ်ဆေး နှစ်မျိုး


တိုက်ရိုက် လင့်ခ်

ဂျပန်ဦးနှောက်ရောင် နဲ့ အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေးကို အစောပိုင်းကာလ ထိုးပေးချိန်တုန်းက မထိုးနိုင်ခဲ့သူတွေအတွက် မြန်မာနိုင်ငံမှာ အခု ဒုတိယအကြိမ် ပြန်ပြီးထိုးပေးနေတာမို့ အမြန်ဆုံးသွားထိုးသင့်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက တိုက်တွန်းပြောဆိုနေပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး နိုင်ငံတဝှမ်းထိုးရာမှာ (၉) လ ကနေ (၁၅) နှစ်အရွယ် ကလေးပေါင်း (၁) သန်းကျော်ကို ထိုးမပေးနိုင်ဘဲ လွတ်သွားခဲ့ကြောင်း၊ အဲဒီအချိန်တုန်းက ကလေးငယ်ပေါင်း (၉၂.၅)% ကို ကာကွယ်ဆေး ထိုးပေးနိုင်ခဲ့သော်လည်း၊ ကလေးအနည်းငယ် တခြားရောဂါကြောင့် သေဆုံးခဲ့ရတာကို ကာကွယ်ဆေးကြောင့်ဖြစ်မှာ စိုးရိမ်လွန်ပြီး၊ အခုလို မထိုးဖြစ်ဘဲ လွတ်သွားခဲ့ရတာပါ။ ဒါကြောင့် အခုလို လွတ်သွားခဲ့သူတွေအတွက် ဒီကာကွယ်ဆေးကို ဒုတိယအကြိမ် ထိုးပေးနေတာကို မပျက်မကွက် သွားထိုးသင့်ပါတယ်။ ဂျပန်ဦးနှောက်ရောင်က အဖြစ်မများပေမယ့်၊ ဖြစ်တတ်ပြီး၊ ဖြစ်လာခဲ့လျှင် အသက်ဆုံးရှုံးမှုများပြီး၊ အသက်ဆက်ရှင်နိုင်သူတွေမှာလည်း မသန်မစွမ်းဖြစ်သွားသူ များလွန်းလို့ပါ။

ဒါ့အပြင် နောက်ထပ် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ အသည်းရောင် အသားဝါ (ဘီ) ကာကွယ်ဆေး ပြတ်သွားတာကြောင့် မထိုးရခဲ့တဲ့ ၂၀၁၁ ခုနှစ် ဧပြီလကနေ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ မွေးခဲ့ပြီး အခု (၆) နှစ် (၇) နှစ်အရွယ်ခန့် ကလေးတွေအတွက်လည်း၊ ဒီ ကာကွယ်ဆေးကို ထပ်ဆောင်းထိုးပေးနေပါပြီ။ ဒီကာကွယ်ဆေးက ငယ်ရွယ်စဉ်ထိုးလျှင် အကောင်းဆုံးကာကွယ်နိုင်တာမို့၊ ခုလို လွတ်သွားခဲ့သူတွေအနေနဲ့၊ ဒီကာကွယ်ဆေး (၃) ကြိမ် တစ်လခြားစီ ထိုးပေးနေတာကို အကြိမ်ပြည့်ထိုးနိုင်ဖို့အတွက် ဒီလ မေလမကုန်ခင် အမြန်သွားထိုးသင့်ပါတယ်။

ဒီကာကွယ်ဆေး နှစ်မျိုးစလုံးကို အခု ၂၀၁၈ ခုနှစ် ဧပြီလကနေ ဇူလိုင်လအထိ အခုလို လွတ်သွားသူတွေအတွက် ဒေသန္တရ၊ မိခင်ကလေးစောင့်ရှောက်ရေးဌာနအားလုံး၊ မြို့နယ်ဆေးရုံအားလုံး၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်အဆင့် ကုတင် (၁၀၀) နှင့်အထက် ဆေးရုံးများ၊ ကုတင်တစ်ထောင်အထက် ဆေးရုံကြီးများရှိ ပုံမှန်ကာကွယ်ဆေးထိုးခန်းများအပြင်၊ အအေးလိုင်းရှိသည့် တိုက်နယ်ဆေးရုံများ ကျေးလက်ကျန်းမာရေဌာနများတွင် ထိုးပေးနေပြီဖြစ်ပါတယ်။

ဒီဆေးဝါးဆိုင်ရာနဲ့ ရောဂါများအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG