သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးကြောထုံးရောဂါ


Varicose veins before and after treatment
Varicose veins before and after treatment

မြန်မာနိုင်ငံမှာ သွေးကြောထုံးရောဂါ အရင်ကထက် အဖြစ်များလာနေပြီး၊ မကုသတာကြောင့် အခြေအနေ ပိုဆိုးသွားတတ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။

ဒီရောဂါ ဖြစ်ရခြင်းအကြောင်းရင်းကတော့ နှလုံးကို သွေးပြန်ပို့ရာမှာ အဓိကလုပ်ပေးရတဲ့ သွေးပြန်ကြောတွင်းက အကန့် (Valve) လေးတွေ အားနည်းလာတာကြောင့် သွေးပြန်ကြောထဲ သွေးပြန်ယိုကျပြီး၊ အိုင်ထွန်း၊ ဖောင်းကား တွန့်လိမ်လာတာ ဖြစ်ပါတယ်။ အထူးသဖြင့် ခြေထောက်သွေးပြန်ကြောတွေမှာ အဓိက ဖြစ်လေ့ရှိပါတယ်။

ဒီရောဂါဖြစ်ဖို့ အန္တရာယ်များသူတွေထဲမှာ လှုပ်ရှားမှုနည်းသူတွေ၊ အထူးသဖြင့် အကြာကြီးရပ်ပြီး (သို့မဟုတ်) ထိုင်ပြီး အလုပ်လုပ်နေရသူတွေ ဖြစ်ပါတယ်။ ဥပမာ ကင်းစောင့်ရတဲ့ စစ်သားတွေ၊ နံပြားရိုက်သူတွေ၊ ဆံပင်ညှပ်သူတွေ အဖြစ်များပါတယ်။ ဒါ့အပြင် ဝမ်းတွင်းဖိအားများလာပြီး ခြေထောက်က နှလုံးကို သွေးပြန်တက်တာအပေါ် အဟန့်အတား ဖြစ်စေတဲ့ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်အပြင် ဝမ်းဗိုက်တွင်း အကြိတ်ရှိလာသူတွေမှာလည်း ပိုဖြစ်နိုင်ပါတယ်။ နောက်ထပ်ဖြစ်ဖို့ အန္တရာယ်များသူတွေကတော့ ဆေးလိပ်နဲ့ အရက်သောက်သူတွေ၊ ဝမ်းအလွန်ချုပ်သူတွေ၊ နာတာရှည်ချောင်းဆိုးသူတွေ၊ အသက် (၅၀) ကျော်လာသူတွေ၊ အဝလွန်သူတွေနဲ့ မျိုးရိုးလိုက်သူတွေ ဖြစ်ပါတယ်။

ကာကွယ်နိုင်ဖို့အတွက် ဖြစ်ရခြင်းအကြောင်းရင်းကို ရှောင်ဖို့နဲ့ ဖြစ်နိုင်ချေများသူတွေ နေပုံထိုင်ပုံ ပြောင်းဖို့လိုပါတယ်။ အဓိက အားဖြင့် ကျန်းမာညီညွတ်အောင် လှုပ်ရှားမှုလုပ်တာ၊ ကြာရှည်ရပ်၊ လမ်းလျှောက် အလုပ်လုပ်ရသူတွေ (၂) နာရီလုပ်ပြီးတိုင်း (၁၅) မိနစ် နားကာ ခြေထောက်ကို ခုံပေါ်တင်ပြီး မြှင့်ပေးတာ၊ အမြဲပေါင်ချိတ်၊ ဒူးချိတ် မထိုင်တာ၊ အစာအဟာရ မျှတအောင်စားတာ၊ ရေလုံလောက်အောင်သောက်တာ၊ အမျှင်ပါတဲ့ အသီးအရွက်ပိုစားတာ၊ ခါးပတ်ခါးစီး၊ အတွင်းခံကြပ်ကြပ် မဝတ်တာ၊ ဆေးလိပ်နဲ့ အရက်ရှောင်တာတွေ လုပ်ပေးသင့်ပါတယ်။

ရောဂါ အစပျိုးလက္ခဏာဖြစ်တဲ့ သွေးကြောတွေဖောင်းပြီး တွန့်လိမ်ကာ ညောင်းညာ၊ နာကျင်မှုရှိလာရင် ရောဂါကို စစ်ဆေး၊ ကုသသင့်ပါတယ်။ မကုသဘဲနေရင်တော့ ကြွက်တက်ပြီး၊ ခြေထောက်အရေးပြား ယားယံ၊ ပိုးဝင် အနာတွေဖြစ်တဲ့ အဆင့်အပြင်၊ အတွင်းပိုင်း သွေးပြန်ကြောတွေမှာပါ သွေးကြောထုံးလာပါက နှလုံးသွေးကြောပိတ်ပြီး အသက်ဆုံးရှုံးနိုင်တဲ့ အဆင့်တောင် ရောက်သွားနိုင်ပါတယ်။

ကုသမှုအပိုင်းအနေနဲ့ မြန်မာနိုင်ငံမှာ အရင်ကလို ခွဲစိပ်ကုသမှု အားမပေးပေမဲ့၊ ခြေစွပ်ဝတ်ပြီး ပြန်ကောင်းအောင် ကုသပေးနိုင်တာတွေ ရှိနေပါတယ်။ ထို့အပြင် လေဆာနဲ့ ကုသမှုသစ်လဲ ကမ္ဘာမှာ ပေါ်နေပါပြီ။

ဒီရောဂါအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG