သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးပြန်ကြောဆိုင်ရာ ခြေထောက်အနာနဲ့ ပတ်တီးစည်းကုသမှု


တိုက်ရိုက် လင့်ခ်


သွေးပြန်ကြောတွေ အားနည်းပြီး ခြေထောက်တွေမှာ အနာဖြစ်တဲ့အခါ ပြန်ပျောက်ဖို့ခက်ပေမယ့် သားရေလို ပြန်ရှုံးနိုင်တဲ့ ပတ်တီး (Elastic သို့မဟုတ် Crepe Bandage) စည်းပေးတာနဲ့ လဲလျောင်းအနားယူပါက ထိရောက်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက ပြောဆိုပါတယ်။

အခုလို ခြေထောက်အနာတွေအတွက် ကုသမှုတွေပေးရတဲ့ ရည်ရွယ်ချက်က ခြေထောက်သွေးပြန်ကြောတွေမှာ ဖိအား (Pressure) များနေတာကို ဖြေလျော့ပေးဖို့၊ အခြားသွေးကြောအသေးတွေမှာလည်း တင်းမာလာနေမှုကို လျှော့ချပေးဖို့၊ ဖြစ်လာတဲ့ အနာတွေကျက်သွားစေဖို့၊ ဒီအနာတွေ နောက်တစ်ခေါက် ပြန်မဖြစ်စေဖို့နဲ့ ခြေထောက်တွေ ခြောက်မလာစေဖို့ ဖြစ်ပါတယ်။

ပြန်ရှုံးနိုင်တဲ့ ပတ်တီး (အမျိုးသမီးသုံး နိုင်လွန် Stockings) နဲ့ စည်းတာကြောင့် ခြေထောက်သွေးပြန်ကြောတွေမှာ မြင့်မားနေတဲ့ ဖိအားတွေကို ဖြေလျော့ပေးပြီး၊ သွေးပြန်ကြောညှစ်အားတွေလည်း ပြန်ကောင်းစေကာ၊ အနာတွေကျက်ပြီးလျော့သွားစေတာကြောင့် ခုလို ထိရောက်မှုရှိတာဖြစ်ပါတယ်။ ဒီ ပတ်တီးကို ခြေမျက်စိကနေ ပေါင်ရင်းအထိ စည်းပေးဖို့လိုပါတယ်။ စည်းရာမှာလည်း ဂွမ်းစအနုစား အတွင်းကနေ ခံပြီး စည်းပေးလျှင် ပိုကောင်းပါတယ်။ ဒီပတ်တီးကို နေ့ဖက်မှာ စည်းပေးပြီး ညအိပ်ချိန်မှာ ပြန်ဖြုတ်ထားသင့်ပါတယ်။ လဲလျောင်းအိပ်တာကြောင့် သွေးပြန်ကြောဖိအားတွေ အလိုလို ပြန်လျော့သွားချိန် ဒီပတ်တီးစီးပြီး လျော့ပေးစရာမလိုတော့တဲ့အပြင် ပတ်တီးဖြုတ်ထားခြင်းဖြင့် ခြေထောက်အရေပြားအတွက် လေဝင်လေထွက်ကောင်းစေလို့ပါ။

အခုလို ပတ်တီးစည်း ကုသမှုနှင့်အတူ တွဲလုပ်သင့်တာက လဲလျောင်းအနားယူပေးတာပါ။ လဲလျောင်း အနားယူခြင်းဖြင့် မတ်တပ်ရပ်ချိန်မှာ ဖောင်းပြီးထောင်နေ၊ တင်းမာနေတဲ့ ခြေထောက်သွေးပြန်ကြောတွေ ပြန်လျော့ကျသွားပြီး နေသာထိုင်သာ ရှိလာတာကြောင့် အခုလို တွဲလုပ်ခြင်းဖြင့် ခြေထောက်အနာတွေ ပြန်ကောင်းစေနိုင်ပါတယ်။ ဒါ့အပြင် ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးခြင်းဖြင့်လည်း သွေးလှည့်ပတ်မှုကောင်းပြီး သွေးပြန်ကြောတွေတက်ကြွကာနှလုံးကိုသွေးပြန်သွားခြင်းဖြင့် ခြေထောက်သွေး ဖိအားလျော့ကျသွားပြီး ခြေထောက်အနာတွေကို သက်သာစေနိုင်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က နှလုံးခွဲစိပ် အထူးကုဆရာဝန်ကြီး၊ နှလုံးနှင့်သွေးကြောရောဂါ ခွဲစိပ်ကုဌာန အငြိမ်းစားပါမောက္ခ ဌာနမှူး ဒေါက်တာခင်မောင်အေး ကို မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG