သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်ခွင်အတွင်း စိတ်ကျန်းမာရေး အရေးပါမှု


တိုက်ရိုက် လင့်ခ်

လုပ်ငန်းခွင်အတွင်း စိတ်ကျန်းမာရေး မကောင်းတဲ့ ပြဿနာတွေ ရှိနေတာကို သတိပြုမိစေဖို့ ဒီနှစ် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ ဆောင်ပုဒ်မှာ အလေးပေးဖော်ပြထားတယ်လို့ စိတ်ကျန်းမာရေး ပညာရှင်တွေက ဆိုပါတယ်။

လုပ်ငန်းခွင်ထဲ စိတ်ကျန်းမာရေးကောင်းဖို့ အရေးကြီးရခြင်းက လူအများ အလုပ်လုပ်ကြရာမှာ အချိန်အများစုကို လုပ်ငန်းခွင်ထဲမှာ ပေးရတာအပြင်၊ ပေါင်းသင်းဆက်ဆံရေးပိုင်းလည်း လုပ်ငန်းခွင်ထဲမှာ ဖြစ်နေရပြီး၊ စိတ်ပျော်ရွှင်မှုနဲ့ အလုပ်ပြီးမြောက်မှု အပြန်အလှန် တိုက်ရိုက် ဆက်စပ်နေလို့ ဖြစ်ပါတယ်။ အလုပ်ခွင်မှာစိတ်ကျေနပ်တာကြောင့် စိတ်ကျန်းမာရေးကောင်း၊ စိတ်ပျော်ရွှင်လျှင် အလုပ်လုပ်ရပျော်လာပြီး အလုပ်ပြီးမြောက်မှု အားကောင်းစေသလို၊ အလုပ်မှာ စိတ်ဖိစီးတွေရှိခဲ့ရင် အလုပ်လုပ်ရတာ မပျော်ရွှင်ဘဲ မိမိအလုပ်ကို သွားထိခိုက်စေနိုင်တာအပြင်၊ အလုပ်တွင်း ပြဿနာကြောင့်လဲ စိတ်ကို ထိခိုက်စေနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ တွေ့ရှိချက်အရ ကမ္ဘာတဝှမ်းမှာ လုပ်ငန်းခွင်အတွင်း စိတ်ကျန်းမာရေး ပြဿနာကြောင့် ကုန်ထုတ်လုပ်မှု အမေရိကန်ဒေါ်လာ သန်းထောင်သောင်းချီပြီး ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ လုပ်ငန်းခွင်တွင်း ဖြစ်နေတဲ့ စိတ်ကျန်းမာရေး ပြဿနာတွေကို သတိမထားမိတဲ့ အနေအထားတွေ ဖြစ်နေရာမှာ အဓိက ဖြစ်နေတာတွေကတော့ စိတ်ကျတာနဲ့ စိတ်ဖိစီးမှု (ခေါ်) စိုးရိမ်စိတ်လွန်ကဲတဲ့ ရောဂါတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းခွင်တွင်း စိတ်ကျန်းမာရေးကောင်းအောင်၊ စိတ်ကျန်းမာရေး ထိခိုက်နေသူတွေရှိလာလျှင်လဲ ပြန်ကောင်းအောင် ငွေကြေးကုန်ကျခံ ဆောင်ရွက်ပါက ကုန်ကျစရိတ်ထက် (၄) ဆ အမြတ်ထွက်တဲ့ အလုပ်ပြီးမြောက်မှု ရလဒ်ထွက်စေတာကို လေ့လာမှုတွေအရ တွေ့ရှိထားပါတယ်။

လုပ်ငန်းခွင်တွင်း စိတ်ကျန်းမာရေးပြဿနာတွေ ဖြစ်စေရခြင်း အကြောင်းတွေကတော့ လုပ်ငန်းခွင်တွင်း နိုင့်ထက်စီးနင်း လုပ်တာအပြင်၊ အခြားအချက်မျိုးစုံ ပါပါတယ်။ တစ်ချက်ကတော့ ဆက်သွယ်ရေး အားနည်းတာဖြစ်ပြီး အထက်အောက် ဆက်ဆံရေး အချင်းချင်းဆက်ဆံရေးတွေ မချောမွေ့ဘဲ ကွာဟချက်တွေ ရှိနိုင်လို့ပါ၊ ဒီနေရာမှာ အောက်ကနေ အထက်ကို တင်ပြလို့ မရတာပါသလို၊ အထက်ကနေ အောက်ကို တိတိကျကျ ညွန်ကြားမှုမရှိတာလဲ ပါပါတယ်။ နောက်တစ်ချက်ကတော့ ကိုယ့်အလုပ်ကို ကိုယ် တန်ဖိုးမထားနိုင်တာကြောင့်ဖြစ်ပြီး၊ ကိုယ့်အလုပ်ရဲ့ ထူးကဲတဲ့ အကျိုးကို မသိတာ၊ ကိုယ့်အလုပ်မှာ ကိုယ်တိုင်ပါဝင် ဆုံးဖြတ်နိုင်မှုအားနည်းပြီး အလုပ်ကိုပဲ သက်သက်ဖိလုပ်နေရတာတွေကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်သားရဲ့ အဓိက လိုအပ်ချက်တွေဖြစ်တဲ့ လစာနဲ့ အလုပ် အထောက်အကူပြုပစ္စည်းတွေ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အထောက်အကူပေးမှုတွေ အားနဲတာကြောင့်လဲ ဖြစ်စေနိုင်ပါတယ်။ နောက် အကြောင်းရင်းတွေထဲမှာတော့ အလုပ်ချိန် တင်းကြပ်လွန်းတာ၊ အလုပ်သဘာဝအရ စိုးရိမ်မှုများပြီး တိကျမှုလိုအပ်လွန်းတာ၊ လုပ်သားရဲ့ ကျွမ်းကျင်မှုနဲ့ လုပ်ရတဲ့အလုပ် လိုက်လျောညီထွေမဖြစ်တာ၊ အဖွဲ့အစည်းအတွင်း မညီမညွတ်ဖြစ်ကာ အဖွဲ့နဲ့လုပ်ရာမှာ အခက်အခဲဖြစ်တာ၊ ကိုယ်ခန္ဓာ ကျန်းမာရေးမကောင်းလို့ စိတ်ထိခိုက်တာ စတာတွေပါပါတယ်။

ဒါကြောင့် လုပ်ငန်းခွင်အတွင်း စိတ်ကျန်းမာရေး ပြဿနာမဖြစ်အောင် ကာကွယ်ပေးနိုင်ရေးအတွက် အထက်ပါ အန္တရာယ်ရှိတဲ့ အချက်တွေကို မဖြစ်အောင် ပြင်ဆင်ပေးဖို့ လိုပါတယ်။ ဥပမာ မိမိအလုပ်ကို တန်ဖိုးထားတတ်အောင် ဘယ်လိုအကျိုးထူးရှိကြောင်း ရှင်းပြတာတွေ လုပ်ပေးသင့်ပါတယ်။ အကယ်၍ စိတ်ဖိစီးမှုကြောင့် စိတ်မကျန်းမမာဖြစ်ကာ ပုံမှန်လို အလုပ်မလုပ်နိုင်တော့ရင်လဲ ဘာကြောင့်ဖြစ်ရတာကို စောစောသိအောင် စုံစမ်းပြီး ဖေးမကူညီ တိုင်ပင်ဆွေး နွေးတာအပြင် ခေတ္တအနားပေးတာနဲ့ လိုအပ်လာလျှင် ဆေးကုသမှုပါ လုပ်ပေးသင့်ပါတယ်။

ဒီစိတ်ရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ဆေးတက္ကသိုလ် (၁) စိတ်ကျန်းမာ ၊ပညာဌာန ပါမောက္ခ၊ ဌာနမှုး ဒေါက်တာတင်ဦး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG