ဓါတ်မတည့်တာကြောင့် နှာခေါင်းယားယံရောင်ရမ်းပြီး နှာရည်ယို၊ နှာချေခြင်းကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံတိုင်းမှာ အဖြစ်များတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။
အခုလို ဓါတ်မတည့်တာကြောင့် နှာရည်ယိုတာ၊ နှာချေတာ၊ နှာခေါင်းပိတ်တာ၊ ချောင်းဆိုးတာ စတာတွေဖြစ်ရခြင်းက ပတ်ဝန်းကျင်က မတည့်တဲ့အရာတွေ (ဥပမာ - တိရစ္ဆာန် အမွှေး၊ ဖုန်မှုန့်၊ မှို)၊ အနံ့အသက် (ဥပမာ - ပန်းဝတ်မှုန်၊ မီးခိုး၊ ဓာတ်ဆီနံ့) နဲ့ အသားဓာတ်ပါတဲ့ အစားအစာ (ဥပမာ - သား၊ ငါး၊ နို့၊ ဥ၊ ပဲ) တွေကြောင့်ပါ။ ပိုးဝင်တာကြောင့် မဟုတ်တဲ့ နှာခေါင်းပန်းနာဖြစ်တာမှာ၊ အဖျားမရှိဘဲ အကောင်းချည်းကနေ အခုလို နှာရည်ယို၊ နှာချေတာတွေ ရုတ်တရက် အကြိမ်များစွာ ဖြစ်လာတတ်ပါတယ်။ စိတ်အနှောက်အယှက် ဖြစ်ချိန်နဲ့ အပူချိန်အပြောင်းအလဲ ဖြစ်ချိန်တွေမှာလည်း ဖြစ်တတ်ပါတယ်။ ငယ်စဉ်အရွယ် ပတ်ဝန်းကျင်ပစ္စည်းမျိုးစုံနဲ့ ထိတွေ့ပြီး၊ ပိုးအကြိမ်များစွာ ဝင်ထားပြီးသားသူတွေအနေနဲ့ ဒီပြင်ပကလာတာတွေကို ပိုခံနိုင်ရည်ရှိလာပြီး၊ ဓါတ်မတည့်တာ အဖြစ်နည်းနိုင်ပေမယ့် အခုလို ပစ္စည်း၊ ရောဂါတွေနဲ့ ထိတွေ့မူနည်းသူတွေမှာတော့ ဒီဓါတ်မတည့်တာ ပိုဖြစ်နိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ မိခင်နို့သောက်တဲ့ ကလေးတွေမှာထက် အပြင်နို့သောက်တဲ့ ကလေးတွေမှာလည်း ပိုဖြစ်တတ်ပါတယ်။
ကာကွယ်နိုင်ဖို့အတွက် မိမိနဲ့ ဓါတ်မတည့်တဲ့ ပစ္စည်းတွေကို သိအောင် စစ်ဆေးမူ (Allergen Skin Test) ပြုလုပ်နိုင်ပြီး၊ ဒီမတည့်တာကို ရှောင်ကျဉ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီ စမ်းသပ်မူမှာလည်း မှားယွင်းတွေ့ရှိနိုင်တဲ့ အားနည်းချက်တော့ ရှိပါတယ်။ တကယ်လို့ ဘယ်အရာနဲ့ မတည့်တာကို အသေအချာ မသိသေးလျှင်လည်း၊ ယေဘူယျအားဖြင့် နှာခေါင်းတွင်း အမြှေးပါးရောင်ရမ်းတာကို လျှော့ချပေးနိုင်တဲ့ အရောင်ကျဆေး Steroid ရှုဆေး၊ ဖြန်းဆေးတွေကို ချင့်ချိန်ပေးနိုင်ပါတယ်။ အရောင်ကျသောက်ဆေးတွေရှိပေမဲ့ ဘေးထွက်ဆိုးကျိုးများတာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်မှသာ သောက်သင့်ပါတယ်။ ဒါ့အပြင် ဓါတ်မတည့်တာ ဖြစ်စေနိုင်တဲ့ ဖုန်မှုန့်ဒဏ် မခံရအောင် အိမ်ကြမ်းပြင်ကို ဖုန်ပိုထွက်စေတဲ့ တံမျက်စည်းလှည်းတာမျိုးမလုပ်ဘဲ ရေပတ်တိုက်တာ၊ အမွှေးပွစောင်၊ အရုပ်တွေ အိမ်မှာ မထားတာ၊ ခွေး၊ ကြောင်စတဲ့ အိမ်မွေးတိရစ္ဆာန်တွေ ဖြစ်နိုင်လျှင် မမွေးတာ၊ မွေးထားလျှင်လည်း အိပ်ခန်းထဲမှာ မထားတာ၊ မီးခိုးနဲ့ဆေးလိပ်ငွေ့တွေ အိမ်ထဲနဲ့ ပတ်ဝန်းကျင်မှာမရှိစေတာ၊ ပိုးဟပ်နဲ့ကြွက်တွေ အနားမှာ မရှိအောင်စီမံတာ စတဲ့နည်းတွေနဲ့ ကာကွယ်နိုင်ပါတယ်။ ဒီဓါတ်မတည့် နှာရည်ယိုတာ ပြင်းပြင်းထန်ထန် ရေရှည်ဖြစ်နေလျှင်တော့၊ ဒီဓါတ်မတည့်တာကို တွေ့အောင် စမ်းသပ်စစ်ဆေးပြီး၊ မတည့်တာကို တဖြည်းဖြည်း နည်းနည်းချင်း တိုးပေးကာ၊ ခံနိုင်ရည်ရှိလာအောင် အချိန်ယူလုပ်တဲ့နည်းနဲ့ ကာကွယ်ပေးနိုင်ပါတယ်။
ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။