မြန်မာနိုင်ငံမှာ ငယ်စဉ်ကတည်းက စားသောက်ပုံမမှန်၊ အားနည်းခဲ့တာကြောင့် ကယ်ဆီယံဓာတ်ချို့တဲ့မှု အကျိုးဆက်ကို ခံစားရသူ များတယ်လို့ အာဟာရဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များက ပြောပါတယ်။
မြန်မာနိုင်ငံမှာ မိခင်နို့စို့ပြီးနောက်ပိုင်းမှာ နို့သောက်သုံးခွင့် နည်းခဲ့တာကြောင့် ကယ်ဆီယံချို့တဲ့မှု စဖြစ်လာရတယ်လို့ အာဟာရပညာရှင်တွေက ထောက်ပြပြောဆိုပါတယ်။ တချို့မိဘတွေက စာမေးပွဲနီးချိန်၊ အားကစားလုပ်ချိန်တွေမျိုး တခါတရံမှာသာ ကလေးတွေ ချက်ချင်းအားရှိလာအောင် နို့တိုက်တာတွေ ရှိပေမဲ့၊ ပုံမှန်နို့သောက်သုံးတဲ့ အကျင့်လုပ်ပေးဖို့ အားနည်းခဲ့တယ်လို့ ပညာရှင်တွေက ထပ်ဆင့်ပြောပါတယ်။ တကယ်တော့ ကယ်ဆီယံဓါတ်ကြွယ်ဝတဲ့ နို့နဲ့နို့ထွက်ပစ္စည်းပါသော အစားအစာတွေကို ငယ်စဉ်ကတည်းက ပုံမှန်စားသောက်ပေးသင့်တယ်လို့ အကြံပြုပါတယ်။
အခုလို ငယ်စဉ်ကတည်းက ကယ်ဆီယံကြွယ်ဝစာတွေကို မစားသောက်ခဲ့တာကြောင့် နောက်ဆုံးမှာ အရိုးအားနည်းတဲ့ ပြဿနာတွေကို ခံစားရသူတွေ များလာတယ်လို့ အာဟာရပညာရှင်တွေက ပြောပါတယ်။ အဓိကအားဖြင့် အရိုးအားနည်းတာ၊ အရိုးပါးတာ/ပွတာ (Osteoporosis) တွေကို မြန်မာနိုင်ငံကလူတွေ ပိုခံစားရတာ အများအပြားတွေ့ရှိလာတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ အသက်အရွယ်ရလာချိန်မှာ အရိုးအားနည်းပြီး ကျိုးတာမျိုးတွေအထိ အဖြစ်များလာနေပါတယ်။ ဒါကြောင့် အခုလို မဖြစ်အောင် ကြိုတင်ကာကွယ်သင့်ပါတယ်။
ဒီလိုကာကွယ်ရာမှာ ကယ်ဆီယံဓာတ် မချို့တဲ့အောင် နို့နဲ့နို့ထွက်အစားအစာတွေ၊ ကယ်ဆီယံကြွယ်ဝစာတွေကို ပုံမှန်စားသုံးပေးသင့်ပါတယ်။ ဒါတွေကတော့ နွားနို့၊ ပဲနို့ (Soy Milk)၊ ဆန်ထွက်နို့ (Rice Milk)၊ ဘန်ဒါစေ့ထုတ်နို့ (Almond Milk) နဲ့ နို့ထွက်ပစ္စည်းဖြစ်တဲ့ ဒိန်ချဉ်၊ ဒိန်ခဲတွေပါ၊ ဒါတွေကို နောက် ကယ်ဆီယံကြွယ်ဝတဲ့ ကြက်ဥနဲ့လည်း တွဲဖက်စားသောက်သင့်ပါတယ်။ အကယ်၍ နို့သောက်ဖို့ မကြိုက်လျှင်တောင် နို့နဲ့ နို့ထွက်ပစ္စည်းတွေနဲ့ လုပ်ထားတဲ့ မြန်မာသွားရည်စာတွေကိုလည်း စားသောက်ပေးနိုင်ပါတယ်။
ဒါ့အပြင် ကယ်ဆီယံကြွယ်ဝတဲ့ ကော်ဖီထုတ်၊ ပန်းဂေါ်ဖီ (Cauliflower)၊ ပန်းဂေါ်ဖီအစိမ်း၊ ဟင်းနုနွယ်၊ ကိုက်လန်ရွက်၊ မုံညှင်းရွက်၊ ပေါက်ပန်းဖြူရွက်၊ ကင်မွန်းချဉ်ရွက်၊ နံနံပင်၊ ရှမ်းနံနံ၊ ကန်စွန်းဥ၊ ပိန်းဥအပြင်၊ အရိုးပါစားရတဲ့ ငါးသေးသေးလေးတွေနဲ့ အခွံပါဝါးစားရတဲ့ ပုဇွန်သေးသေးလေးတွေ၊ ငါးခေါင်း/ ငါးအမြီး ချဉ်ရည်ဟင်း/ဟင်းချို၊ ငါးသားလောက်ပေါင်းက အရိုးတွေလည်း စားသင့်ပါတယ်။ အသီးတွေအနေနဲ့ကတော့ လိမ္မော်သီး၊ မာလကာသီး၊ သင်္ဘောသီး၊ သရက်သီးတို့မှာ ကယ်ဆီယံဓာတ်အများကြီးပါသလို၊ တခြားအသီးတွေမှာလည်း ကယ်ဆီယံ အနည်းငယ်ပါဝင်ပါတယ်။
တချိန်တည်းမှာ စားသောက်လိုက်တဲ့ ကယ်ဆီယံဓာတ်ကို အူကနေ စုပ်ယူမှုအားကောင်းစေဖို့ ဗီတာမင် ကေ (K) ပါတဲ့ အစားအစာတွေလည်းတွဲပြီး စားပေးသင့်ပါတယ်။ ဒါတွေကလည်း ကယ်ဆီယံလည်းပါတဲ့ ကော်ဖီထုတ်၊ ပန်းဂေါ်ဖီအစိမ်း၊ ဟင်းနုနွယ်၊ ကိုက်လန်အပြင်၊ သခွားသီးနဲ့ အစိမ်းရင့်ရောင် အရွက်မျိုးဖြစ်တဲ့ မုံညှင်းစိမ်းတို့ ဖြစ်ပါတယ်။ ဒါ့အပြင် ထောပတ်သီးမှာလည်း ဗီတာမင်ကေ နဲ့ ကယ်ဆီယံဓာတ် ၂ မျိုးလုံးပါတာမို့၊ အခုလို တွဲစားပေးခြင်းဖြင့် နေ့စဉ်လိုအပ်တဲ့ ကယ်ဆီယံဓာတ်ကို ဖြည့်ဆည်းပေးကာ မချို့တဲ့အောင် ကာကွယ်ပေးနိုင်ပါတယ်။
ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက အပြည်ပြည်ဆိုင်ရာ အစာအာဟာရဆိုင်ရာ ပါမောက္ခ ဒေါက်တာခင်မာချို ကို ဆက်သွယ်မေးမြန်းတင်ပြခဲ့ပါတယ်။
Forum