သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်းထန် ဝမ်းပျက်ဝမ်းလျှောအတွက် ဆေးရုံပြသင့်ပုံ


Climate Change-Infectious Diseases-Cholera
Climate Change-Infectious Diseases-Cholera

ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်တဲ့ ကာလဝမ်း ဖြစ်နိုင်တာအတွက် ဘယ်အချိန် ဆေးရုံပြဖိုနဲ့ ဆေးစစ်ကြည့်ဖို့ လိုတာကို ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောဆိုနေပါတယ်။ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော၊ ကာလဝမ်းရောဂါအတွက် ဝမ်းသွားတဲ့အကြိမ်၊ ဝမ်းပုံစံနဲ့ အနီးမှာ ဖြစ်နေတာအပေါ် မူတည်ပြီး ဆေးရုံအမြန်ပြသင့်ပါတယ်။

ဝမ်းသွားတာက တစ်နေ့ထဲမှာ (၁၀) ကြိမ် ကျော်လာပြီး၊ အရည်တွေပဲ သွားကာ၊ မိမိအနီးပတ်ဝန်းကျင်မှာလည်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ဖြစ်နေလျှင် ချက်ချင်းဆေးရုံပြသင့်ပါတယ်။ အခုလို အချိန်မီ ဆေးရုံရောက်ခြင်းဖြင့် အသက်အန္တရာယ်ကနေ ကာကွယ်ပေးနိုင်တာအပြင်၊ ကာလဝမ်းဟုတ်မဟုတ် သေချာအောင် စစ်နိုင်ဖို့လည်း ကျန်းမာရေးဦးစီးဌာန ဆေးရုံကိုသွားသင့်ပါတယ်။ အကြောင်းက မြန်မာမှာ ပုဂ္ဂလိကဆေးခန်းတွေမှာ ကာလဝမ်းပိုးကို မစစ်နိုင်ချိန်မှာ၊ ကူးစက်မြန် ပြင်းထန်တဲ့ ကာလဝမ်းရောဂါ စဖြန့်ဖြူးသူနဲ့ ဆက်ဖြန့်ဖြူးသူ မဖြစ်ရအောင် ကြိုတင်ကာကွယ်နိုင်ဖို့ပါ။

မြန်မာနိုင်ငံ တချို့နေရာတွေမှာ တကိုယ်ရည်နဲ့ ပတ်ဝန်းကျင် သန့်ရှင်းမှုအားနည်းတာကြောင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောက ကူးစက်လွယ်ပါတယ်။ မြေအောက်အညစ်အကြေးစွန့် အိမ်သာပိုက်လိုင်း မရှိဘဲ လူနေထူထပ်တဲ့ဒေသမျိုးမှာ တွင်းအိမ်သာတွေနဲ့ အပြင်မှာစွန့်နိုင်တဲ့ မစင်ကိုလာနားတဲ့ ယင်၊ အစာကို လာနားတာကနေ ကူးလွယ်တာပါ။ ကိုယ်တိုင် ဖြန့်ဖြူးသူ မဖြစ်ရအောင်အပြင်၊ ကူးစက်မခံရအောင်လည်း အစာယင်မနားအောင်ထားတာ၊ ရေကျိုသောက်တာ၊ မကျက်တကျက်တွေ မစားတာ၊ အစာမစားခင် ဆပ်ပြာနဲ့ လက်ဆေးတာ၊ အိမ်သာသွားပြီး ဆပ်ပြာနဲ့ လက်ဆေးတာနဲ့၊ ရောဂါဖြစ်ချိန် လက်သုတ်အစားအစာကို ဆိုင်မှာထက် အိမ်မှာသန့်အောင် သုတ်စားတာတွေ လုပ်သင့်ပါတယ်။ ကာလဝမ်းကာကွယ်ဆေး ရနိုင်လျှင်လည်း ထိုးထားသင့်ပါတယ်။

အခုလို ကာကွယ်တဲ့ကြားက ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်လာခဲ့လျှင်လည်း ဆေးရုံမရောက်နိုင်သေးခင် ဓာတ်ဆားရည် သောက်သွားသင့်ပါတယ်။ အသင့်လုပ်ထားတဲ့ ဓာတ်ဆားရည်ထုတ် ဝယ်ရခက်လျှင်လည်း၊ အိမ်မှာရှိတဲ့ ဆား၊ သကြား၊ ရေ (ရေသန့် သို့မဟုတ် ကျိုချက်ထားတာ) နဲ့ ကိုယ်တိုင်ဖျော်သောက်လို့ ရပါတယ်။ ရေတစ်လီတာဗူးထဲ အိမ်သုံးဆားကို လက်ဖက်စားဇွန်းငယ် အနည်းငယ်ပမာဏ (ဇွန်းတစ်ဝက်) နဲ့ သကြားကို လက်ဖက်စားဇွန်းငယ် တချို့ ပမာဏ (၆ ဇွန်းခန့်) ထည့်ဖျော်နိုင်ပါတယ်။ ဓာတ်ဆားရည် ဖျော်သောက်တာကို မြို့ကဆင်ခြေဖုန်းဒေသတွေမှာအပြင် ကျေးလက်နဲ့ စစ်ဘေးရှောင်ဒေသတွေမှာလည်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်လာပြီး ဓာတ်ဆားထုတ်ရဖို့ခက်လျှင် ကြိုဖျော်သောက်ထားသင့်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံက အထွေထွေရောဂါကုဌာန ဒုဆေးရုံအုပ်ကြီးနဲ့၊ မြန်မာလူနာတွေကိုလည်း အင်တာနက်ဖုန်းကတဆင့် ကူညီကုသပေးနေခဲ့တဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို မေးမြန်းတင်ပြလိုက်ပါတယ်။

Forum

XS
SM
MD
LG