သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်မျိုးကွဲသစ်တွေကို အမေရိကန်မှာ ကိုယ်တွယ်စီမံနေပုံ


FILE - A woman receives the Moderna coronavirus disease booster vaccine targeting BA.4 and BA.5 Omicron subvariants at Skippack Pharmacy in Schwenksville, Pa., Sept. 8, 2022.
FILE - A woman receives the Moderna coronavirus disease booster vaccine targeting BA.4 and BA.5 Omicron subvariants at Skippack Pharmacy in Schwenksville, Pa., Sept. 8, 2022.






==== Unicode ====

တရုတ်နိုင်ငံမှာ ကိုဗစ်-19 မျိုးကွဲသစ်လှိုင်းကြောင့် သေဆုံးမှုများနေချိန်၊ အမေရိကန်နိုင်ငံမှာတော့ အလားတူမျိုးကွဲသစ်တွေကို သေဆုံးမှုမများစေဘဲ စနစ်တကျ စီမံထားနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

အခုလို အမေရိကန်မှာ သေဆုံးမှုများစေအောင် စီမံနေနိုင်တာက၊ ကိုဗစ် ကာကွယ်ဆေးနဲ့ ကုသဆေးတွေ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ သုံးနိုင်တာကြောင့်လို့ ကူးစက်ရောဂါအထူးကုတွေက ဆိုပါတယ်။ အမေရိကန်မှာ ကိုဗစ် ကာကွယ်ဆေးရထားသူ အများစုဖြစ်လာတာ (လူဦးရေ ၇၀% ခန့်)၊ အားဖြည့် ကိုဗစ် ကာကွယ်ဆေး (Booster) စနစ်တကျ ဆက်ထိုးပေးနိုင်တာ၊ ကိုဗစ်ဖြစ်ပြီး သဘာဝထွက်လာတဲ့ကိုယ်ခံအား (Natural Immunity) အများစုမှာ ပေါ်လာတာနဲ့ အိုမီခရွန်မျိုးကွဲသစ်တွေအပေါ် သတ်သတ်မှတ်မှတ် နောက်ဆုံးပေါ် ကာကွယ်ဆေး (Bivalent) ပေါ်လာတာအပြင်၊ ရောဂါဖြစ်လာလျှင်လည်း ကုသရာမှာသုံးတဲ့ဆေး ဘယ်လိုသုံးဖို့ လမ်းညွှန်ချက် အတိအကျ ထုတ်ပြန်ကျင့်သုံးနိုင်တာကြောင့်လို့ ဒီကျန်းမာရေးပညာရှင်တွေက ထောက်ပြနေပါတယ်။ ကိုဗစ် ဖြစ်လာလျှင် ပြင်းထန်နိုင်တဲ့ အသက် ၆၅ နှစ်အထက်နဲ့ အသက် ၆၅ နှစ်အောက်မှာလည်း ရောဂါအခံရှိထားသူတွေကို၊ လက်ရှိအချိန်မှာ Paxlovid (သို့မဟုတ်) Molnupiravir သောက်ဆေး (သို့မဟုတ်) ဆေးရုံရောက်လာလျှင် အကြောဆေး (IV သွေးကြောကပေးတဲ့ဆေး) Remdesivir တန်းပေးဖို့ နိုင်ငံတဝှမ်းလမ်းညွှန်ချက် (National Guideline) မှာ အတိအကျ ဖော်ပြထားပါတယ်။ အကြောင်းက ဒီလူတွေ ရောဂါပြင်းထန် ဒုက္ခရောက်လာနိုင်တာနဲ့ တခြားသူတွေကို ဆက်ကူးနိုင်ဖို့များတာတွေကို ကြိုကာကွယ်နိုင်ဖို့ပါ။

ဒါပေမဲ့ အသက် ၆၅ နှစ်အောက် ရောဂါအခံမရှိသူတွေမှာတော့ Paxlovid အပါအဝင် ကိုဗစ်ကုသရာမှာသုံးတဲ့ဆေးတွေကို အမေရိကန်မှာ မပေးဖို့၊ ဒီ လမ်းညွှန်ချက်မှာပဲ အတိအကျ ရှင်းပြထားပါတယ်။ အကြောင်းက ဒီဆေးတွေကို တကယ်မလိုအပ်ဘဲ အသုံးများသွားခဲ့လျှင်၊ အထက်မှာဖော်ပြခဲ့တဲ့ သက်ကြီးနဲ့ ရောဂါအခံရှိသူတွေအတွက် အသက်ကယ်နိုင်တဲ့ ဆေးတွေပြတ်ကုန်နိုင်လို့ပါ။ ဒါ့အပြင် အသက် ၆၅ နှစ်အောက်နဲ့ ရောဂါအခံ မရှိထားသူတွေအတွက် ကိုဗစ်ကုသဆေးတွေ စုထားဖို့လည်း မလိုအပ်ပါဘူး။ အကြောင်းက ဒီလိုလူတွေထဲ ကိုဗစ်ကာကွယ်ဆေးတွေ ရထားပြီးသူတွေနဲ့ ကိုယ်တိုင်ကိုဗစ်ဖြစ်ပြီး သဘာဝကိုယ်ခံအားရထားသူတွေလည်း များစွာရှိလာနေတာကြောင့်၊ ကိုဗစ်ဖြစ်လာလျှင်တောင် ပြင်းထန်လေ့ မရှိပါဘူး။ အခုလိုလူမျိုးတွေ အမေရိကန်ကဆေးရုံကို တခြားရောဂါတွေနဲ့ ရောက်လာပြီး ကိုဗစ်ပိုး စစ်ကြည့်တာကနေ ကိုဗစ် တွေ့ရှိပေမဲ့၊ ကိုဗစ်လက္ခဏာမပြတာ မပြင်းထန်တာ ဖြစ်လေ့ရှိကာ၊ ကိုဗစ် ကုသရာမှာသုံးတဲ့ဆေးတွေကို ပေးလေ့မရှိပါဘူး။ ဒီနေရာမှာ တချို့နိုင်ငံတွေရဲ့ ကျန်းမာရေးစနစ်မှာ အခုလို တနိုင်ငံလုံးတပြေးညီ ကိုဗစ်ကုသရာမှာသုံးတဲ့ ဆေးဝါးဆိုင်ရာလမ်းညွှန်ချက် မရှိသေးလျှင်လည်း၊ သက်ဆိုင်ရာ ဆေးရုံအဆင့်မှာ (ပုဂ္ဂလိကဆေးရုံတွေအပါအဝင်) အလားတူ ပြဌာန်းကျင့်သုံးနိုင်ပါတယ်။

ဒါ့အပြင် အမေရိကန်ဆေးရုံတွေမှာ ကြိုတင်ပြင်ဆင်ထားတဲ့ တခြားသင်ခန်းစာယူစရာတချို့ ရှိပါသေးတယ်။ အဓိကကတော့ ကိုဗစ် ပြင်းပြင်းထန်ထန် ကပ်ဆိုက်တဲ့အဆင့်ရောက်လာလျှင် ငွေကြေးစိုက်သုံးနိုင်ဖို့ ဆေးရုံတွေမှာ အရေးပေါ်ရံပုံငွေ စုဆောင်းထားတာပါ။ အခုလို ရံပုံငွေနဲ့၊ အထက်ပါ ကိုဗစ်ကုသရာမှာကုတဲ့ဆေးတွေ မဝယ်နိုင်တဲ့ လိုအပ်သူတွေကိုလည်း တပြေးညီဖြစ်အောင် ကူညီကုသပေးနိုင်ပါတယ်။ ဒါ့အပြင် ကိုဗစ် ပြင်းပြင်းထန်ထန်ဖြစ်ပြီး ဆေးရုံလူနာများလာနိုင်တာအတွက်၊ ဘယ်လိုတာဝန် မျှယူခွဲဝေဖို့နဲ့ ဆေးရုံကုတင်တွေချဲ့ယူဖို့ ဆေးရုံအဆင့်ကပဲ ပြင်ထားတာတွေ အမေရိကန်မှာလုပ်ထားပါတယ်။ ဒီနေရာမှာ အရေးပေါ်မဟုတ်တဲ့ ဘယ်လို ကုသရေးဌာနမျိုးတွေ (ဥပမာ ပြင်ပဆေးခန်း၊ ဆေးရုံအတွင်းလူနာဌာန၊ တချို့ အချိန်ထပ်ယူလို့ရနိုင်တဲ့ ခွဲစိတ်ဌာန စတာ) တွေကို ပိတ်ပြီး၊ ကိုဗစ်ကုသရေးမှာ တာဝန်မျှယူဖို့၊ လူနာကုတင်တွေ၊ ကုသဆောင်တွေ မျှပေးဖို့ တဆင့်စီ အသေးစိတ် ကြိုတင်ပြင်ဆင်ထားတာပါ။ အခုနောက်ဆုံး တရုတ်မှာလည်း အရင် ကိုဗစ် လုံးဝကင်းစင်ရေး မျှော်လင့်ချက်နဲ့ ကုသရာမှာသုံးတဲ့ ဆေးတွေကို မပြင်ခဲ့တာကနေ၊ အခုတော့ ပြည်ပကတင်သွင်းတာတွေ စလုပ်လာပြီး၊ ကာကွယ်ဆေး မထိုးရသေးတဲ့ သက်ကြီးတွေကိုလည်း ကူးစက်ခံရမှုနည်းအောင် သီးသန့်ခွဲထားဖို့၊ ကိုဗစ်ဖြစ်လာလျှင်လည်း သီးသန့်အလေးပေးကုသပေးဖို့ ပြင်ဆင်ထားတာနဲ့ ကမ္ဘာကျန်းမာရေးအဖွဲ့ကို အကူအညီတောင်းတာတွေ ရှိလာနေပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ညွန်ကြားရေးမှူးနဲ့ မြန်မာလူနာတွေကိုလည်း ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်ကို ဆက်သွယ်မေးမြန်းထားတာပါ။

XS
SM
MD
LG