လက်ရှိ ကိုဗစ်ကာလဖြစ်တာအပြင် ရာသီတုတ်ကွေးလည်း ဖြစ်နေတာမို့ ကျန်းမာရေးကောင်းအောင် ကိုယ်ခံအားမြှင့်တင်နိုင်ဖို့ စားသောက်ပုံက အရေးပါတယ်လို့ အာဟာရပညာရှင်တွေက ဆိုပါတယ်။ ကိုဗစ်နဲ့တုတ်ကွေးကာလမှာ အာဟာရပြည့်ဝမျှတအောင် နေ့စဉ်စနစ်တကျ စားသုံးခြင်းဖြင့် ကိုယ်ခံအားကောင်းပြီး၊ ပိုကျန်းမာစေနိုင်တာကို သုတေသနစစ်တမ်း တွေ့ရှိထားပါတယ်။ ကိုဗစ်ဖြစ်ပြီး ရေရှည်ကုသပေးနေတဲ့ လူနာတွေကို သုတေသနလုပ်ရာမှာ အခုလို အာဟာရရဲ့ အရေးပါမူက ထိပ်ဆုံးရောက်နေတာကို စစ်ဆေးတွေ့ရှိထားတာပါ။ ဈေးကြီးပေးဝယ်ရတဲ့ အားဆေးတွေထက်တောင် သဘာဝ အာဟာရ ပြည့်ဝမျှတမူက ကျန်းမာရေးအတွက် ပိုထိရောက်နေတာကို တွေ့ရှိလိုက်ပါတယ်။
အခုလို အာဟာရက ရလာတဲ့ ကိုယ်ခံအားက ကိုဗစ်နဲ့ တုတ်ကွေးမဖြစ်အောင် တချို့မှာ ကာကွယ်ပေးနိုင်တာအပြင်၊ ဒီရောဂါတွေ ဖြစ်လာလျှင်လည်း၊ မပြင်းထန်အောင် အကျိုးပြုတာကို တွေ့ရှိထားပါတယ်။ အကယ်၍ အစားအသောက်ပျက်၊ အိပ်ရေးပျက်ပြီး ကိုယ်ခံအားကျချိန်မှာ၊ အနားက ကိုဗစ်ဖြစ်မှန်း မသိထားသူဆီက အမှတ်မထင် ကူးစက်ခံရခဲ့လျှင်တောင်၊ ကိုယ်ခံအားကောင်းနေလျှင် ပြင်းထန်တဲ့အဆင့်မရောက်ဘဲ သာမန်လက္ခဏာအဆင့်နဲ့ ပိုမြန်မြန်သက်သာသွားလေ့ ရှိပါတယ်။
ဒါ့အပြင် ကိုယ်ခံအားကောင်းတာကြောင့် ပုံမှန်အလုပ်တွေကိုလည်း ပုံမှန်လို အကောင်းဆုံးအဆင့်နဲ့ ဆက်လုပ်နိုင်လေ့ ရှိပါတယ်။ တချိန်ထဲမှာ ဒီရောဂါတွေဖြစ်တာ၊ ပြင်းထန်တာတွေကြောင့် အချိန်ကုန် ငွေကုန်တာတွေ မဖြစ်စေဘဲ သက်သာရရစေနိုင်ပါတယ်။ တချိန်ထဲမှာ ကိုဗစ်ဖြစ်တာကြောင့် ခံစားရပေမဲ့ မမြင်သာတဲ့ စိတ်ဖိစီးမူအမျိုးမျိုးကလည်း သက်သာရာရစေပါတယ်။ တကယ်တော့ အာဟာပြည့်ပြီး ကိုယ်ခံအားကောင်းခြင်းဖြင့် ကိုဗစ်ကနေ အခုလို သက်သာရာ ရနိုင်တာအပြင်၊ ဘဝတိုးတက်ဖို့အတွက်လည်း အကျိုးဖြစ်စေပါတယ်။
ဒါကြောင့် ကိုယ်ခံအားကောင်းစေတာ အဓိကတစ်ခုဖြစ်တဲ့ ပရိုတိန်းဓာတ် (အသားဓာတ်) ကို သတိနဲ့ယှဉ်ပြီး နေ့စဉ်စားသုံးပေးသင့်ပါတယ်။ မိမိဝင်ငွေနဲ့ မိသားစုဦးရေကို ချိန်းဆပြီး တတ်နိုင်တဲ့နည်းနဲ့ အကောင်းဆုံး အသားဓာတ်ရအောင် စားနိုင်ပါတယ်။ ဈေးကြီးတာတွေ စားနိုင်မှ အသားဓာတ်ပြည့်ဝတာ မဟုတ်ပါဘူး။ အသားဈေးကြီးလို့ မတတ်နိုင်လျှင်၊ မိမိနေရာတဝိုက်က လက်လှမ်းမီနိုင်တဲ့ ဒေသထွက် ငါးအမျိုးမျိုး စားနိုင်သလို၊ ငါးစားဖို့ မတတ်နိုင်လျှင်လည်း ကြက်ဥ၊ ဘဲဥ၊ ငုံးဥနဲ့ ဒေသထွက် ပဲမျိုးစုံကို ပုံစံမျိုးစုံ ချက်ပြုတ်စားသောက်နိုင်ပါတယ်။ ဒါ့အပြင် လက်ရှိမိုးရာသီထွက် ဟင်းရွက်သီးနှံမျိုးစုံပါ မျှတအောင်ထည့်စားသင့်ပါတယ်။
ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်ပြည်နယ်ရှိ ကော်နယ်လ်တက္ကသိုလ် (Cornell University) အပြည်ပြည်ဆိုင်ရာ အစာအာဟာရဆိုင်ရာ ပါမောက္ခ ဒေါက်တာခင်မာချို ကို ဆက်သွယ်မေးမြန်းထားပါတယ်။
==== Unicode ====