သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မှတ်ဉာဏ်လျော့ရောဂါ နောက်ထပ်လက္ခဏာများ


သက်ကြီးမှတ်ဉာဏ်လျော့ရောဂါ ခံစားရသူအဘိုးအဘွားများ ကုသမှုခံယူနေစဉ်
သက်ကြီးမှတ်ဉာဏ်လျော့ရောဂါ ခံစားရသူအဘိုးအဘွားများ ကုသမှုခံယူနေစဉ်

မှတ်ဉာဏ်လျော့ ရောဂါလက္ခဏာကို လူနာရှင်ကိုယ်တိုင်ထက် အနားကမိသားစုဝင်တွေက ပိုကြိုတင်သတိပြုမိလေ့ရှိတာမို့၊ နောက်ထပ်လက္ခဏာတွေကို သိထားသင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပါတယ်။

ဒီမှတ်ဉာဏ်လျော့ရောဂါ အစပျိုးလက္ခဏာဖြစ်တဲ့ ကာလတိုတွင်း ဖြစ်ခဲ့တာတွေ စမေ့တာကို လူနာကိုယ်တိုင်ထက် မိသားစုက ပိုသတိပြုမိလေ့ရှိပါတယ်။ ကာယကံရှင်ကတော့ အသက်ကြီးလာတဲ့သဘာဝကြောင့် မကြာခင်က ဖြစ်ခဲ့တာကို မေ့တာသာဖြစ်ပြီး၊ ဟိုးအရင်ငယ်ငယ်တုန်းကဟာတွေကိုတော့ မှတ်မိသေးတာမို့ မှတ်ဉာဏ်ကောင်းဆဲလို့ မှတ်ယူလေ့ရှိပါတယ်။ ဒီရောဂါဖြစ်မှာကြောက်ပြီး အစပိုင်းလက်မခံချင်တာ၊ ဒီရောဂါဖြစ်နိုင်တာလည်း မပြောချင်၊ မသိချင် ဆေးမစစ်ချင်တာလည်း ပါပါတယ်။ ဒီအစပျိုးလက္ခဏာတွေကို မိသားစုဝင်တွေသိထားပြီး၊ ဒီရောဂါ ဟုတ်မဟုတ် ကြိုသိနိုင်ရေး ဆရာဝန် စောစောပြဆေးစစ်ကြည့်ဖို့ အရေးကြီးပါတယ်။ ဒီတစ်ခေါက်မဖြစ်လျှင်တောင် နောက်တခေါက် မှတ်ဉာဏ်လျော့မလျော့ နှိုင်းယှဉ်နိုင်ပါတယ်။

ဒီသိထားသင့်တဲ့ ကာလတိုမှတ်ဉာဏ် (Short-term memory) တွေထဲမှာ အဓိက၊ မကြာသေးခင်က ပြောခဲ့ မေးခဲ့ လုပ်ခဲ့တာတွေနဲ့ ပတ်သက်ပါတယ်။ ဥပမာ အခုလေးတင် ပြောခဲ့တာကို ထပ်တလဲလဲ ပြောလာတာ၊ ခုဏလေးကပဲ မေးခဲ့တဲ့ မေးခွန်းကို အဖြေပြောထားပြီးသားဖြစ်ပေမဲ့ ချက်ချင်း လုံးဝ မမှတ်မိတော့တာမို့ ထပ်ထပ် မေးလာတာ၊ ခုဏလေးကပဲ (သို့မဟုတ်) မနေ့က ထားခဲ့တဲ့ ပစ္စည်း ဘယ်မှာထားမိမှန်း မသိတော့တာ၊ ပစ္စည်းအထားမှားတာ၊ မကြာခင်က ချိန်းဆိုထားတာကို လုံးဝမေ့သွားတာ၊ သုံးနေကျ Password မေ့တာ စတာတွေ ပါဝင်ပါတယ်။ အခုလိုမေ့တာတွေက ပုံမှန်လည်း တခါတလေဖြစ်တတ်ပေမဲ့၊ ဒီရောဂါဖြစ်နိုင်သူမှာတော့ ခဏခဏကို ဆက်တိုက် မေ့လာတာမျိုးပါ။ ခုလိုအစပိုင်းထဲက ဆရာဝန်စပြသင့်ပါတယ်။

နောက်ထပ် သိထားသင့်တဲ့ လက္ခဏာကတော့ အာရုံတစ်ခုထက်ပိုစိုက်ရတဲ့ အလုပ်တွေမှာ လုပ်ရခက်လာပြီး အမှားအယွင်း ဖြစ်လာတာမျိုးပါ။ ဥပမာ အသက်ကြီးလာပေမဲ့ ကားမောင်းနေရသူတွေအနေနဲ့ မှတ်ဉာဏ်ကျလာချိန် ကားလမ်းကွေ့တာမှာ မီးအနီ အစိမ်း ကြည့်ရတာ၊ တဖက်က လူကူးမျဉ်းကြားဖြတ်သူကြည့်ရတာ၊ ရှေ့ကအတည့်ကားအလာကို ကြည့်ရတာမျိုး အလုပ် (၂) ခု (၃)ခုကို တပြိုင်ထဲ အာရုံစိုက်လုပ်ရတာမှာ ခက်လာပြီး၊ ရုတ်တရက်လုပ်လိုက်တာကနေ ကားတိုက်တာ မကြာခဏဖြစ်လာတာမျိုးပါ။ ဒါ့အပြင် ဂိုထောင်ထဲ ကားအသွင်းအထုတ် ကားဆုတ်တာမှာလည်း ချိန်ဆရခက်လာပြီး၊ ခြစ်မိ တိုက်မိတာမျိုးတွေ အဖြစ်များလာတတ်ပါတယ်။ အခုလိုဖြစ်လာချိန်မှာလည်း ဖြစ်နိုင်လျှင် သက်ကြီးအထူးကုနဲ့ပြသင့်ပါတယ်။

မှတ်ဉာဏ်လျော့ရောဂါ နောက်ပိုင်းအဆင့်မှာတော့ ရေရှည်မှတ်ဉာဏ် (Long-term memory) ပါ ထိခိုက်ပြီး၊ သံသယလည်း များလာတတ်ပါတယ်။ ဥပမာ ငယ်ရွယ်စဉ် နောက်ပိုင်းကာလမှ သင်ကြား အသုံးပြုလာတဲ့ အင်္ဂလိပ်စာကို စမေ့လာတာမျိုး၊ တခြားနိုင်ငံရောက်ပြီး အဲ့ဒိက ဘာသာစကားကို နားလည် အသုံးပြုလာခဲ့တာကို စမေ့လာတာမျိုးပါ။ ဒါ့အပြင် ဒီ မှတ်ဉာဏ်လျော့ရောဂါ အမျိုးအစားတစ်ခုဖြစ်တဲ့ Alzheimer’s ရဲ့ နောက်ပိုင်းဆိုးလာတဲ့အဆင့်မှာတော့ ဘေးကလူတွေကို ဒုက္ခပေးနိုင်သူတွေအဖြစ် သံသယကြီးလာတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အခုလို သံသယဖြစ် စွတ်စွဲတာမျိုးက တချို့မှတ်ဉာဏ်နဲ့ စိတ်ရောဂါတွေမှာ အစပျိုးလက္ခဏာဖြစ်တတ်တာမို့ ကျွမ်းကျင်သူတွေနဲ့ ပြသပြီး ခွဲခြားနိုင်ပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်းက အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Kaiser Santa Clara (ကိုင်ဇာ စန်တာကလျာ) အထွေထွေဆေးရုံကြီးက၊ သက်ကြီးရောဂါ အထူးကု သမားတော်ကြီး ဒေါက်တာမျိုးမင်းအောင် ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG