သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးလွန်တုပ်ကွေး သတိပြုစရာ


မြန်မာနိုင်ငံတွင်းမှာ မိုးတွင်းဝင်လာချိန် သွေးလွန်တုပ်ကွေး ဖြစ်တတွေေရှိလာနေပြီး၊ အသက်အန္တရာယ်ရှိတဲ့ အဆင့်ပါ ဖြစ်လာနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်းမှာ နှစ်ခြားပြီး အဖြစ်များတတ်တဲ့ သွေးလွန်တုပ်ကွေးရောဂါကို ဒီနှစ် မိုးရာသီဝင်လာချိန် ကလေးတချို့မှာ စတွေ့လာပြီး၊ တချို့လည်း အသက်အန္တရာယ်ရှိတဲ့ သွေးလန့်တဲ့အဆင့်ကို ရောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်ထိ သွေးလန့်တဲ့အဆင့် ကလေးတွေကို အောင်အောင်မြင်မြင် ကုသပေးနိုင်ခဲ့ပြီး၊ သေဆုံးမှု မတွေ့ရသေးဘူးလို့ ကလေးအထူးကုတွေက ပြောကြပါတယ်။ ဒါပေမဲ့လည်း အခုလို ထိထိရောက်ရောက် ကုသနိုင်ဖို့က၊ သွေးလွန်တုပ်ကွေး ဖြစ်တာကို စောစောသိ၊ ကုသမှုခံယူပြီး၊ လိုအပ်လျှင် ဆေးရုံ စောစောတင်ထားဖို့ လိုတယ်လို့ ကလေးအထူးကုတွေက အရေးတကြီး ထောက်ပြနေကြပါတယ်။

သွေးလွန်တုပ်ကွေး ဖြစ်နိုင်တာကို စောစောသိဖို့ လက္ခဏာတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ပေးထားပါတယ်။ အဖျားရှိပြီး မြန်မာလို သွေးလွန်တုပ်ကွေးဒေသမှာနေလျှင် နောက်ထပ်လက္ခဏာ (၇) ချက်ထဲက (၂) ချက် ပေါ်လာလျှင် ဒီရောဂါ သတ်မှတ်နိုင်တာပါ။ ဒီ (၇) ချက်ကတော့ အဖြစ်များတဲ့ အော့အန်တာ၊ ကိုယ်လက်ကိုက်ခဲတာ၊ အရေပြားအပိန့်ထွက်တာနဲ့ နောက်ဖြစ်နိုင်တဲ့ နှာခေါင်းသွေးလျှံပြီး ကော်ဖီနှစ်ရောင် အန်တာအပြင်၊ ဆရာဝန်နဲ့ စစ်ကြည့်လျှင် Hess Test (သွေးပေါင်ချိန်တိုင်း ကရိယာနဲ့ အပေါ်သွေး စမ်းမိချိန်နဲ့ အောက်သွေး စမ်းမိချိန်အကြား ၅ မိနစ်ကွာအောင် ညှစ်ပြီးထိန်းထားရာကနေ ပြန်လွှတ်ပေးလိုက်ချိန်မှာ၊ အပေါ်အများဆုံး လက်ဖျံ တစ်လက်မ ပတ်လည်အဝိုင်းထဲ အနီစက် ၁၀ စက်ကျော်) ပေါ်တာ၊ သွေးဖောက်စစ်နိုင်လျှင် သွေးဖြူဥနည်းတာနဲ့ နောက် သွေးလန့်တော့မယ့် အန္တရာယ်လက္ခဏာ တစ်ခုခုရှိနေတာပါ။ ဒါပေမဲ့ အလွယ်တကူ မှတ်မိဖို့အနေနဲ့ အဖျားကြီးပြီး နုံးကာမှိန်းပြီး အစားအသောက်ပျက်လျှင် သွေးလွန်တုပ်ကွေး ဖြစ်နိုင်တာ သတိပြုမိသင့်ပါတယ်။

အခုလို သွေးလွန်တုပ်ကွေး ဖြစ်နိုင်တဲ့ လက္ခဏာတွေ ပေါ်လာလျှင်တော့ ဆရာဝန်နဲ့ ပြသပြီး ထိရောက်တဲ့ ကုသမှုခံယူသင့်ပါတယ်။ ဒီအထဲ အရေးကြီးတာက သွေးလန့်တော့မဲ့ အန္တရာယ်လက္ခဏာတွေကို ကြိုတင်သတိပြုမိနိုင်ဖို့ပါ။ အထူးသိထားသင့်တာက ၃ ရက်ကနေ ၅ ရက်လောက် အဖျားတက်ပြီး၊ အဖျားပြန်ကျလာချိန်မှာ မလန်းဆန်းဘဲ၊ နုံးချိ၊ ဗိုက်နာ၊ ပိုအန်လာတာပါ။ အန္တရာယ်လက္ခဏာ အသေးစိတ်တွေကတော့ ဝမ်းဗိုက် နာတာ/ ဖိလျှင် နာတာ၊ အန်တာက ဆက်တိုက်အဖြစ်များလာတာ၊ မှိန်းပြီး ကယောင်ကတမ်း ဖြစ်လာတာ၊ ဆရာဝန်နဲ့ စစ်ကြည့်လျှင် အဆုတ်နဲ့နှလုံး ဝမ်းဗိုက်မှာ အရည်စုလာတာ၊ အသည်းက ၂ စင်တီမီတာထက် ပိုကြီးလာတာ၊ သွေးဖြူဥကျလာပြီး သွေးပျစ်နှုန်း (PCV/HCT) တက်လာတာတွေပါ။ ဒီအန္တရာယ် လက္ခဏာတစ်ခုခု ပေါ်လာတာနဲ့ အမြန်ဆုံး ဆေးရုံတင်ထားသင့်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာပညာဌာန အငြိမ်းစားဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါတယ်။

Forum

XS
SM
MD
LG