သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အားကစားလှုပ်ရှားမှု နဲ့ ရုတ်တရက် သေဆုံးခြင်း (အပိုင်း-၁)


France's national soccer players warm up during a training session.
France's national soccer players warm up during a training session.
တိုက်ရိုက် လင့်ခ်

အားကစားလှုပ်ရှားကစားနေချိန် ရုတ်တရက် သေဆုံးစေနိုင်စေတဲ့ အခြေအနေတွေ ရှိနေပြီး၊ အခုလို သေဆုံးမူမျိုး မဖြစ်ရအောင် ကြိုတင်ကာကွယ်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အားကစားနဲ့ ဆက်နွယ်သေဆုံးရမူက အားကစားကြောင့် ထိခိုက်ဒဏ်ရာရတာနဲ့ နှလုံးထိခိုက်သေဆုံးရတာ အဓိကဖြစ်ပြီး၊ ဒီ နှလုံးထိခိုက် သေဆုံးရတာကလည်း ဖြစ်တဲ့နေရာမှာ အရေးပေါ်ပြုစုကုသမူ အားနည်းတာနဲ့ ဆေးရုံအရောက် နောက်ကျတာတွေကြောင့် ဖြစ်ပါတယ်။ အဓိကအားဖြင့် ပြင်းပြင်းထန်ထန် လုပ်ရတဲ့ အားကစားနည်းနဲ့ ယှဉ်ပြိုင်ရတဲ့ အားကစားနည်းတွေ (ဥပမာ - ဘောလုံး၊ မာရသွန်အပြေး၊ ဘောလီဘော) မှာ နှလုံးထိခိုက် ရပ်တန့်သွားပြီး သေဆုံးရကာ၊ ပုံမှန်ကျန်းမာရေးအတွက် အားကစားလုပ်တာတွေထက် အခုလို သေဆုံးရဖို့ ပိုများပါတယ်။ အကြောင်းက ယှဉ်ပြိုင်ကစားနေချိန်မှာ အရေးပေါ်ဖြစ်လာတဲ့ လက္ခဏာတွေကို သတိမပြုမိတာနဲ့ သတိပြုမိလျှင်တောင် ဆိုးဆိုးဝါးဝါး ဖြစ်မလာနိုင်ဘူးလို့ အထင်မှားတာပါ။

အားကစားလုပ်တာကြောင့် အခုလိုသေဆုံးမူ မဖြစ်ရအောင် ကြိုတင်ကာကွယ်နိုင်ရာမှာ အဓိကအားဖြင့် ကြိုတင်ဆေးစစ်ထားသင့်ပါတယ်။ ဥပမာအားဖြင့် သွေးတိုးရှိမရှိစစ်တာ၊ ECG ရိုက်တာ (ပြေးပြီး စစ်တာအပါအဝင်)၊ ဆီးချိုစစ်တာ၊ အဆုပ်ရောဂါစစ်တာ၊ ကြွက်သား နဲ့ အရိုးရောဂါစစ်တာတွေ ကြိုလုပ်သင့်ပြီး၊ ဆရာဝန်ညွန်ကြားချက်ယူပြီးမှသာ အားကစား လုပ်သင့်ပါတယ်။ ဒါ့အပြင် ပထမအကြိမ် ဆေးစစ်ရာမှာ ချက်ချင်းရောဂါ မပေါ်သေးလျှင်လည်း၊ အားကစားလုပ်နေချိန်မှာ ဖြစ်လာနိုင်တဲ့ အရေးပေါ်လက္ခဏာတွေကို သတိပြုမိဖို့ လိုပါတယ်။ ဒီလက္ခဏာတွေက အထူးသဖြင့် ရင်ဘတ်အောင့်တာ၊ သာမန်ထက်ပိုမောတာ၊ ခေါင်းထဲမူးဝေပြီး မိုက်ကနဲဖြစ်တာတွေပါ။ ဒီလက္ခဏာတွေကို သတိပြုမိလျှင် အားကစားကို ချက်ချင်းရပ်ပြီး အနားယူသင့်ပါတယ်။ အနားယူတာကြောင့် မသက်သာလျှင်လည်း၊ နီးစပ်ရာ ဆေးခန်း ချက်ချင်းသွားဖို့ လိုပါတယ်။

ဒါ့အပြင် ဆရာဝန်ပေးထားတဲ့ ဆေးတွေရှိလျှင်လည်း အားကစားမလုပ်ခင် မေ့မသွားဘဲ၊ ပုံမှန်သောက်ဖို့ လိုပါတယ်။ ပြင်းထန်ပြီး၊ ယှဉ်ပြိုင်ရတဲ့ အားကစားတွေ တစိုက်မတ်မတ် လုပ်နေလျှင်လည်း ဆရာဝန်နဲ့ ပုံမှန်ပြသင့်ပါတယ်။ တချိန်တည်းမှာ အားကစားလုပ်တာနဲ့ သင့်တင့်မျှတတဲ့ အာဟာရကို စားသောက်ဖို့လိုပြီး၊ အဓိကအားဖြင့် ရေနဲ့ သတ္တုဓာတ်ဆားဓာတ်ကို ဖြည့်ပေးဖို့လိုပါတယ်။ အားကစားနဲ့ မသင့်တော်တဲ့ ဆေးလိပ်နဲ့ အရက်မသောက်ဘဲ၊ ကျန်းမာရေးနဲ့ မညီညွတ်တာတွေကိုလည်း မစားသောက်သင့်ပါဘူး။

ဒီကျန်းမာရေးဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က အရေးပေါ်အထူးကုနဲ့ ရန်ကုန်ဆးရုံကြီး အရေးပေါ်ဌာနက ပါမောက္ခ ဌာနမှူး ဒေါက်တာမော်မော်ဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG