သုံးရလွယ်ကူစေသည့် Link များ

မျက်လုံးဓာတ်မတည့် ယားယံခြင်း (အပိုင်း - ၂)


uses eyedrops
uses eyedrops
တိုက်ရိုက် လင့်ခ်

မျက်လုံး အလာဂျီ (Allergy) လို့ခေါ်တဲ့ မျက်လုံးဓာတ်မတည့်တာကို စနစ်တကျ ကုသနိုင်ပြီး၊ ဖြစ်တာနည်းအောင်နဲ့ ပြန်မဖြစ်ရအောင်လည်း ကာကွယ်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောဆိုကြပါတယ်။

မျက်လုံးဓာတ်မတည့် ယားယံတာကို ကုသရာမှာ အဓိကအနေနဲ့ ဖြစ်စေတဲ့အကြောင်းရင်းကို သိဖို့ကြိုးစားပြီး၊ မထိတွေ့အောင် ရှောင်ကျဉ်ဖို့နဲ့ ယားယံတာ၊ ရောင်တာကျစေတဲ့ မျက်လုံးအစက်ချဆေး (Eye Drop) သုံးဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ဘာဆေးမှမပါဘဲ မျက်လုံးကိုချောမွေ့စိုစွတ်စေတဲ့ မျက်ရည်တုနဲ့လည်း မျက်လုံးထဲက မတည့်တာတွေကို ဆေးကြောထုတ်နိုင်ပါတယ်။ မျက်လုံးတဝိုက် သွေးကြောကျယ်ပြီး နီရဲလာတာကို သက်သာစေတဲ့ သွေးကြောကျဉ်း မျက်စဉ်းဆေး (Decongestant) ကိုလည်း သုံးနိုင်ပေမယ့်၊ ကြာရှည်မသုံးမိဖို့ လိုပါတယ်။ အခုလို ဆေးအမျိုးအစားမျိုးစုံရှိတာမို့ ဖြစ်လာတဲ့ ဖြစ်လာတဲ့လက္ခဏာကိုကြည့်ပြီး၊ ဘယ်ဆေးသုံးသင့်တာကို ဆရာဝန်ဆုံးဖြတ်ချက် ခံယူသင့်ပါတယ်။ တကယ်လို့ ဓာတ်မတည့်တာ ပြင်းထန်ပြီး၊ ပိုမြန်မြန်ပျောက်လိုလျှင်တော့ ယားပြီးရောင်စေတဲ့ ဓာတ်တွေထုတ်တာလျော့ချဖို့၊ အယားပျောက်၊ အရောင်ကျ သောက်ဆေးတွေပါ သုံးနိုင်ပါတယ်။ ဒါပေမဲ့ အယားပျောက်၊ အရောင်ကျဆေးတွေက အိပ်ငိုက်စေပြီး၊ မျက်လုံးကိုပါ ခြောက်သွေ့စေနိုင်တာမို့၊ သုံးသင့်မသုံးသင့် ဆရာဝန် အဆုံးအဖြတ် ခံယူသင့်ပါတယ်။

အထက်ပါကုသမူတွေနဲ့ မသက်သာဘဲ ပိုဆိုးလာလျှင်၊ ပိုးဝင်လာလျှင် ပဋိဇီဝပိုးသတ်ဆေး၊ ကော်တီစုန်း (Cortisone) လို စတီးရွိုက်ဆေး (Steroid) ဆေးရည်တွေ အဓိကပေးပြီး၊ လိုအပ်မှ သောက်ဆေးကို ပေးလေ့ရှိပါတယ်။ တကယ်လို့ မျက်လုံးထဲမဟုတ်ဘဲ၊ မျက်ခွံ အပေါ်ပိုင်းနဲ့ မျက်လုံးတဝိုက်မှာပါ ဒီဓာတ်မတည့် ယားနာတာဖြစ်လာလျှင် လိမ်းဆေးအဆီ (Cream) ကို အဓိက ပေးလေ့ရှိပါတယ်။ ဒါပေမဲ့ မျက်လုံးအရေပြားက ပါးလွှာလွန်းတာကြောင့် ပြင်းအားအပျော့ဆုံး လိမ်းဆေးကို ရက်အနည်းငယ် (နှစ်ရက်- သုံးရက်) သာပေးပြီး၊ အကြာကြီး မပေးထားသင့်ပါဘူး။ ထိုးဆေးကိုတော့ လိမ်းဆေးနဲ့ သောက်ဆေးတွေနဲ့ မသက်သာဘဲ၊ ဆိုးလွန်းပြီး မကြာမကြာပြန်ဖြစ်ကာ လအတော်ကြာဖြစ်လာတာမျိုးမှသာ ရှားရှားပါးပါး ပေးလေ့ရှိပါတယ်။

ဖြစ်တာနည်းအောင်နဲ့ ပြန်မဖြစ်ရအောင် ကာကွယ်နိုင်ဖို့ ရာသီချိန်အလိုက် ပုံမှန်ပြန်ဖြစ်သူတွေအနေနဲ့၊ သစ်ပင်နဲ့မြက်ပင်စတာတွေ ဝတ်မူန်ကူးရာသီချိန်မှာ အဓိကဖြစ်တတ်တာမို့၊ လေထဲက မမြင်ရတဲ့ ဝတ်မူန်တွေ မျက်လုံးထဲ ဝင်မလာအောင်၊ ဝတ်မူန်ကူူးချိန်မှာ အပြင်ထွက်တာ လျော့တာ၊ မျက်လုံးတစ်ခုလုံး ကာထားပေးနိုင်တဲ့ နေကာမျက်မှန်ကြီးကြီး တပ်တာတွေ လုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် ဖြစ်ရခြင်းအကြောင်းရင်းကို ရှာဖွေနိုင်ရေး သတိကြီးကြီးထား စောင့်ကြည့်သင့်တာတွေထဲမှာ၊ ဖြစ်စေနိုင်တဲ့ ဖုန်မူန့်တွေ၊ အမှုန်တွေ၊ မှိုတွေ (စိုစွတ်တဲ့နံရံနဲ့နေရာတွေမှာ) အိမ်မွေးတရိစ္ဆာန်တွေရဲ့ အမှုန်၊ အမွှေးနဲ့ သားရည်တွေ ပါဝင်ပါတယ်။ တကယ်တော့ မျက်လုံးဓာတ်မတည့် ယားယံသူတွေအနေနဲ့ ခွေး၊ ကြောင် အစရှိတဲ့ အိမ်မွေးတရိစ္ဆာန်တွေကို ဖက်တာ၊ နမ်းတာ၊ သူတို့နဲ့ အတူ အိပ်ခန်းထဲထည့်အိပ်တာ စတာတွေ မလုပ်သင့်ပါဘူး။

ဒါ့အပြင် ဒီအိမ်မွေးတရိစ္ဆာန်တွေကို ကိုယ်တွယ်အပြီးမှာ လက်ကိုစင်အောင် အမြဲဆေးပေးတာနဲ့ အဝတ်အစားလဲပေးတာတွေပါ လုပ်ပေးသင့်ပါတယ်။ တကယ်လို့ အလှကုန်ပစ္စည်းတွေကြောင့် ဖြစ်တာကို သိလာလျှင်လည်း၊ ဒီ အလှကုန်တွေ အမျိးအစားပြောင်းသုံးတာ (ဥပမာ တို့ဘတ်လဲသုံးတာ၊ မျက်တောင်ကော့ဆေး လဲသုံးတာ စတာတွေ) နဲ့ အခြားသူတွေနဲ့ အလှကုန်ပစ္စည်းတွဲမသုံးတာတွေ လုပ်ပေးနိုင်ပါတယ်။ ဖုန်မူန့်ကြောင့် ဖြစ်လျှင်တော့ အိပ်ယာခင်း၊ ခေါင်းအုံး၊ စောင် စတာတွေကို ပုံမှန်လဲပေးတာ၊ ရေနွေးနဲ့ပြုတ်လျှော်တာတွေအပြင်၊ ကြမ်းပြင်ကို ပုံမှန် ရေပတ်တိုက်တာ (ဖုန်ပိုထွက်စေတဲ့ တံမျက်စည်းလှည်းတာမျိူး မလုပ်သင့်) လုပ်ပေးသင့်ပါတယ်။ မှိုကြောင့်ဖြစ်လျှင်လည်း မှိုစွဲလွယ်တဲ့ အစိုပြန်တဲ့ အိမ်တွင်းသစ်ပင်၊ ရေချိုးခန်း၊ မီးဖို၊ ရေဆေးဇလား (ဘေစင်)၊ လေအေးစက် (အဲယားကွန်း) စတာတွေမှာ သန့်ရှင်းရေး ပုံမှန်လုပ်ပေးနိုင်ပါတယ်။ အထူးသဖြင့် စိုလိုက်ခြောက်လိုက်ဖြစ်တဲ့ မိုးရာသီမှာ မှိုပိုစွဲလွယ်တာမို့၊ သန့်ရှင်းရေး ပိုလုပ်သင့်ပြီး၊ လေအေးစက် (အဲယားကွန်း) စကာအတွက်လည်း မှိုမဝင်တဲ့ အမျိုးအစားပြောင်းတပ်ကာ၊ ပုံမှန် သန့်ရှင်းပေးသင့်ပါတယ်။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံက အရေးပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG