သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှောင်ကျဉ်သင့်တဲ့ အစာနဲ့ နည်းနာများ


Farmers spray pesticides in a mustard field on the outskirts of Guwahati, India, Dec. 22, 2022.
Farmers spray pesticides in a mustard field on the outskirts of Guwahati, India, Dec. 22, 2022.
မြန်မာနိုင်ငံတွင်း စိုက်ပျိုးထုတ်လုပ်ရေးမှာ ဓာတုဆေးဝါးတွေ အသုံးများလွန်းတာကြောင့် အာဟာရလျော့ကျကုန်တာအပြင်၊ တခြားအကျိုးဆက်များစွာပါ ထပ်ဆင့်ခံစားလာရတယ်လို့ အာဟာရပညာရှင်တွေက ထောက်ပြနေပါတယ်။

မြန်မာနိုင်ငံမှာ အခုနောက်ပိုင်း အသင့်လုပ်ထားတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို အသုံးများလာတာမှာ ပါဝင်တဲ့ပစ္စည်းတွေကို မသိတာများတာမို့ ကျန်းမာရေး ထိခိုက်နိုင်တာအတွက် ရှောင်ကျဉ်သင့်ပါတယ်။ ဒီအသင့်လုပ် အထုပ်တွေထဲ သဘာဝမဟုတ်တဲ့ ဓာတုဆေးတွေပါနိုင်တာမို့၊ ဘယ်လောက် အနံ့အရသာနဲ့ အသွင်အပြင် ကောင်းနေစေကာမူ၊ မသုံးစွဲသင့်ပါဘူး။ အခုလို အသင့်လုပ်ထားတာတွေအစား၊ လတ်လတ်ဆတ်ဆတ် ဟင်းခတ်အမွှေးအကြိုင်တွေဖြစ်တဲ့ ဆနွင်း၊ ဂျင်း၊ သရက်ကင်း စတာတွေကိုသာ အဓိက သုံးစွဲသင့်ပါတယ်။

ဒါ့အပြင် အခုခေတ်မှာက ဟင်းသီးဟင်းရွက်တွေမှာလည်း မညှိုးနွမ်းဘဲ လန်းဆန်းနေအောင်နဲ့ အရောင်လှနေအောင် (ပိုစိမ်း၊ ပိုဝါအောင်) ဓာတုဆေးမျိုးစုံ သုံးတာများလွန်းလာနေပါတယ်။ အကျိုးဆက်ကတော့ အခုလို ဝယ်ယူပြီး ခဏအကြာမှာပဲ အရောင်တွေပြောင်းပြီး၊ ပျက်စီးကုန်တာမျိုးတွေ တွေ့ရတာမို့၊ ဒီလို ဟင်းသီးဟင်းရွက်တွေကိုလည်း ရှောင်ကျဉ်သင့်ပါတယ်။ တကယ်တော့ စိုက်ပျိုးထုတ်လုပ်မှုအစဖြစ်တဲ့ စိုက်ပျိုးမြေ ပြင်ဆင်ရာမှာကို၊ သဘာဝအတိုင်းမဟုတ်တော့ဘဲ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေ အသုံးများတာအပြင်၊ နောက်ပိုင်း အသီးအရွက်တွေ ကြီးမြန်အောင် (ပိုပွင့်အောင်၊ ပိုသီးအောင်) ပါ။ ဓာတုဆေး အလွန်အကျွံသုံးစွဲမှုက ကျေးလက်စိုက်ခင်းထဲအထိ ရောက်လာနေတာ တွေ့ရှိထားပါတယ်။ ဒီအတွက် ရလဒ်ကလည်း သဘာဝအရ မြေဆီလွှာကိုကောင်းစေတဲ့ သက်ရှိအကောင်လေးတွေ (ဥပမာ တီကောင်မျိုး) သေဆုံးမျိုးတုန်းကုန်ရကာ၊ မြေဆီမြေနှစ်တွေ ပျက်စီးသွားရတာမျိုးကိုလည်း တွေ့ရှိထားပါတယ်။ ဒါကြောင့် အခုလို ဓာတုဆေးကျွေးတာတွေကို ရှောင်ကျဉ်ပြီး သဘာဝမြေသြဇာသာ သုံးသင့်ပါတယ်။

အခုလို ဓာတုဆေးတွေ အသုံးများလာတာနဲ့ မြန်မာမှာ အစားများတဲ့ ဆန်အတွက် စပါးစိုက်များလွန်းတာပါပေါင်းပြီး၊ မကောင်းတဲ့ ဓာတ်ငွေ့ထုတ်လုပ်မှုများလာကာ ရာသီဥတု အပူချိန်ပါ မြင့်တက်လာတာကိုလည်း တွေ့ရှိထားပါတယ်။ ဥပမာ လေရှုရမကောင်းတာနဲ့ မီသိန်း၊ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်စတာတွေ လေထုထဲ များလာနေတာနဲ့ အာဆင်းနစ်ဓာတ်တွေ စိုက်ပျိုးရေမှာပါလာတာကို သုတေသန တွေ့ရှိထားပါတယ်။ ဒီပေါင်းစပ် အကျိုးဆက်ကြောင့်လည်း အစားအစာတွေရဲ့ အာဟာရ အများကြီးကျဆင်းကုန်ပါတယ်။

ဥပမာအားဖြင့် စပါး၊ ပြောင်းနဲ့ ပဲမျိုးစုံမှာ အသားဓာတ် ၂၀%၊ သံဓာတ် ၁၄% နဲ့ ဇင့်သတ္တုဓာတ် ၁၅% အထိ လျော့ကျကုန်တာလည်း ဆက်တွေ့ရှိထားပြန်ပါတယ်။ ဒါ့အပြင် အပူချိန်မြင့်တက်လာမှုကြောင့် စိုက်ပျိုးထုတ်လုပ်မှုအတွက် မကောင်းတဲ့ ပိုးတွေ၊ မှိုတွေ ပိုရှင်သန်ပွားများလာတာကို ကမ္ဘာတဝှမ်း အပူချိန်မြင့်တက်လာမှုအောက်မှာလည်း တွေ့ရှိထားပါတယ်။ ဒီအတွက်လည်း ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးတွေ ပိုသုံးတဲ့ ထပ်ဆင့်အကျိုးဆက်ကို ဆက်ရင်ဆိုင်လာနေရပါတယ်။ နောက်ဆုံးဆက်တွေ့လာတာကတော့၊ ငလျင်ပိုလှုပ်လာတာအပြင်၊ အချိန်မတိုင်ခင် မိုးကြီးတာတချို့ ဖြစ်လာတာ၊ ရေလိုအပ်ချိန်တချို့မှာလည်း မိုးခေါင်ပြီး မြေတွေ ပျက်စီးကုန်တာ၊ ပိုပြီး ရေသွင်းစိုက်ရကာ စိုက်စရိတ် ပိုထောင်းလာတာတွေ ဆက်ကြုံလာနေရတာမို့ ဓာတုဆေးသုံးလွန်းတာကို အားလုံးဝိုင်းကာကွယ်သင့်ပါပြီ။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Cornell တက္ကသိုလ်က အပြည်ပြည်ဆိုင်ရာ အစာအာဟာရဆိုင်ရာ ပါမောက္ခ ဒေါက်တာခင်မာချို ကို ဆက်သွယ်မေးမြန်းတင်ပြလိုက်ပါတယ်။

=== Unicode ===







XS
SM
MD
LG