သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှလုံးဖောက်သေဆုံးမှု ကာကွယ်ရေး


Heart Disease - Surgeons perform a non-emergency angioplasty at Mount Sinai Hospital in New York. Through a blood vessel in the groin, a tube is guided to a blockage in the heart.
Heart Disease - Surgeons perform a non-emergency angioplasty at Mount Sinai Hospital in New York. Through a blood vessel in the groin, a tube is guided to a blockage in the heart.

နှလုံးဖောက်သေဆုံးရတာက အဓိက သွေးကြောပိတ်တာကြောင့် ရုတ်တရက်ဖြစ်ရပြီး၊ တချို့မှာတော့ အသက်မဆုံးရှုံးရအောင် ကာကွယ်ပေးနိုင်တယ်လို့ နှလုံးအထူးကုတွေက ဆိုပါတယ်။ နှလုံးသွေးကျောကျဉ်းတာကတော့ နှလုံးဖောက်တာကို ချက်ချင်းမဖြစ်စေဘဲ၊ လူပ်ရှားလျှင် ရင်ဘတ်အောင့်တာ၊ နားလိုက်လျှင် သက်သာတာတွေ တဖြည်းဖြည်းချင်း ဖြစ်လာတာမို့ အချိန်ယူကုသနိုင်ပါတယ်။

နှလုံးသွေးကြော ပိတ်တာကြောင့် သက်ဆိုင်ရာ နှလုံးကြွက်သား သွေးငတ်ပျက်စီးပြီး အလုပ်မလုပ်တော့တာကနေ၊ အချိန်မီ ဒီသွေးကြောကို ပြန်မဖွင့်ပေးနိုင်လျှင်တော့ သေဆုံးကြရတတ်ပါတယ်။ ပိတ်တဲ့နှလုံးသွေးကြောက သွေးရတဲ့ နှလုံးကြွက်သားတစ်ခုအနေနဲ့ မိနစ် ၂၀ ကနေ ၃၀ အတွင်း သွေးမရတာကို ခံနိုင်ပေမဲ့၊ ဒီထက်ကျော်သွားလျှင်တော့ စပျက်စီးလာပြီး၊ ၆ နာရီအတွင်း ဒီသွေးကြောက သဘာဝအလျှောက် ပြန်မပွင့်လျှင် (သို့မဟုတ်) ကုသမူနဲ့ ပြန်မဖွင့်ပေးနိုင်လျှင်တော့ နှလုံးကြွက်သားတွေအားလုံးပါ ပျက်စီးပြီး နှလုံးတစ်ခုလုံး အလုပ်မလုပ်နိုင်တဲ့ အခြေအနေရောက်ရတာပါ။

အခုလို နှလုံးသွေးကြောစပိတ်ပြီး ကောင်းကောင်း အလုပ်မလုပ်တာကြောင့်၊ တခြားအင်္ဂါတွေကိုပို့ဖို့ နှလုံးကနေ သွေးလုံလောက်အောင် မညှစ်ထုတ်နိုင်တော့ပါဘူး။ ဒါကြောင့် ဥပမာ ဦးနှောက်ကို သွေးလုံလောက်အောင် မရောက်လျှင် လူနာသတိလစ် လဲကျသွားနိုင်သလို၊ သွေးက ရှေ့ကိုမသွားဘဲ၊ နောက်မှာပြန်အိုင်ကာ အဆုပ်ထဲ သွေးပြန်ဝင် အမောဖောက်ပြီး သေဆုံးရနိုင်ပါတယ်။ ဒါ့အပြင် နှလုံးကြွက်သားတွေမှာ နှလုံးကို အလိုအလျှောက်ခုန်စေတဲ့ လျှပ်စစ်သတ္တိမျိုးရှိတာကြောင်၊့ ဒီကြွက်သားစပျက်ချိန်မှာ နှလုံးခုန် မမှန်တာကနေ၊ ရုတ်တရက် ရပ်သွားတတ်ပါတယ်။ ဒီထက်ပိုဆိုးလျှင်တော့ နှလုံးကြွက်သားပါ ပေါက်ထွက်သွားပြီး နှလုံးထဲကသွေးတွေ နှလုံးအမြှေးပါးထဲ သွားအိုင်ကာ ချက်ချင်းသေသွားနိုင်ပါတယ်။

အကယ်၍ အခုလို နှလုံးဖောက်တဲ့အခြေအနေကနေ အသက်မဆုံးရူံးဘဲ အသက်ရှင်ကျန်ရစ်ခဲ့လျှင်တောင်၊ နောက်ဆက်တွဲတွေကို ပြင်းပြင်းထန်ထန် ရှေရှည် ခံစားရနိုင်ပါတယ်။ ဒီနောက်ဆက်တွဲတွေကတော့ နှလုံးကြီးလာတာ၊ နှလုံးကြွက်သားညှစ်အားနည်းလာတာတွေဖြစ်လာပြီး၊ မောတာ ဖောတာတွေ ဆက်ဖြစ်လာတာပါ။ နှလုံးဖောက်တာက တချို့မှာတော့ ပြင်းထန်လွန်းပြီး (Massive Heart Attack)၊ နှလုံး ပင်မသွေးကြောကြီးပိတ်ကာ၊ နှလုံးကြွက်သားအများကြီး ချက်ချင်းပျက်သွားတာကြောင့်၊ ရင်ဘတ်အောင့်ပြီးတာနဲ့ ချက်ချင်းကို သေဆုံးတာမို့ ကုသခွင့် မရလိုက်တာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ တချို့မှာတော့ အခုလို ရုတ်တရက် ပြင်းထန်လွန်းတာမဟုတ်ဘဲ၊ တဖြည်းဖြည်းချင်း သွေးကြောပိတ်တာ၊ အောင့်တာမျိုးဆိုလျှင်တော့၊ အဆင့် (၄) ဆင့် အမြန်လုပ်ပြီး ကျော်ဖြတ်နိုင်ပါတယ်။

အဆင့် (၁) က လူူနာကိုယ်တိုင် နှလုံးဖောက်တာအကြောင်း သိထားတာ (Awareness) ရှိပြီး၊ သွေးကြောပိတ် လက္ခဏာစပြလာချိန်မှာ ချက်ချင်း သံသယရှိလိုက်ဖို့ပါ။ အဆင့် (၂) ကတော့ ဒီသံသယဖြစ်လာတာနဲ့ ချက်ချင်း ဆေးရုံ၊ ဆေးခန်း သွားပြစစ်ဆေးဖို့ပါ။ ဒီလူနာကို စကြည့်ရတဲ့ ကျန်းမာရေးဝန်ထမ်းအနေနနဲ့လည်း နှလုံးဖောက်နိုင်တဲ့ လက္ခဏာတွေ သိထားပြီး၊ တခြားအောင့်တာတွေ (ဥပမာ အစာအိမ်အနာ၊ တခြားအပေါ်ယံ ရင်ဘတ်အောင့်တာ) နဲ့ မှားယွင်းမယူဆမိဘဲ၊ လိုအပ်တဲ့ ECG (Electrocardiogram) ချက်ချင်း ရိုက်စစ်ဆေးကြည့်ဖို့ပါ။ အဆင့် (၃) ကတော့ ECG မှာ နှလုံးသွေးကြော စပိတ်တာကို ပြလာလျှင် နှလုံးသွေးကြော ပြန်ဖွင့်မူကုထုံးပေးနိုင်တဲ့ ဆေးဌာန (Center) ကို ချက်ချင်း ပို့ပေးဖို့ပါ။ နောက်ဆုံးအဆင့် (၄) ကတော့ ဆေးဌာနက အချိန်မဆိုင်းဘဲ သွေးကြောဖွင့်ကုသမူဖြစ်တဲ့ နာရီဝက်အတွင်း သောက်ဆေးပေးတာ၊ တစ်နာရီခွဲအတွင်း Primary PCI (ခေါ်) အရေးပေါ်သွေးကြောထဲ ပိုက်ထဲ့ချဲ့ပေးတာ) လုပ်ပေးနိုင်ဖို့ပါ။ အခုလိုလုပ်နိုင်လျှင် အသက်မဆုံးတာအပြင်၊ မောတာမျိုး နောက်ဆက်တွဲတွေကိုပါ ကာကွယ်ပေးနိုင်ကာ ပုံမှန်ဘဝပြန်ရောက်စေနိုင်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနိုင်ဖို့အတွက် ကိုဝင်းမင်းက မန္တလေးဆေးရုံကြီးက နှလုံးရောဂါအထူးကုနဲ့ မန္တလေး ဆေးတက္ကသိုလ်၊ နှလုံးရောဂါအထူးကုဌာန ပါမောက္ခဌာနမူး ဒေါက်တာကျော်စိုးဝင်း ကို ဆက်သွယ်မေးမြန်းထားပါတယ်။

===Unicode ====







XS
SM
MD
LG