သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏွလုံးေဖာက္ႏိုင္မႈ ႀကိဳစစ္ေဆးျခင္း


ႏွလုံးေဖာက္မူ ႐ုတ္တရက္ျဖစ္ေစတဲ့ ေသြးေၾကာပိတ္တာကို ႀကိဳသိဖို႔ခက္ေပမဲ့၊ စစ္ေဆးၾကည့္ႏိုင္တာ တခ်ဳိ ႔ေတာ့႐ွိတယ္လို႔ ႏွလုံးအထူးကေတြက ဆိုပါတယ္။ ေသြးေၾကာပိတ္တဲ့ လကၡဏာ ႀကိဳမေပၚတတ္တာေၾကာင့္ ခန္႔မွန္းရခက္ၿပီး ႀကိဳသိဖို႔ခက္ပါတယ္။ ေသြးေၾကာပိတ္ရျခင္းက ေသြးေၾကာရဲ႕ နံရံ (သို႔မဟုတ္) နံရံမွာလာစုတဲ့ အဆီဖတ္၊ အဆီခဲေတြ (Cholesterol Plaque) ေပါက္သြားၿပီး၊ ေသြးထဲပါလာတဲ့ ေသြးဥမႊားေလးေတြ လာကပ္ကာ ေသြးခဲသေႏၶစတည္ၿပီး ေနာက္ထပ္ပါလာတဲ့ ေသြးခဲေစတဲ့ဓာတ္ (Fibrin) စုပုံလာကာ၊ ေသြးခဲႀကီး ျဖစ္လာတာကေန ေနာက္ဆုံး ေသြးေၾကာပိတ္သြားတာပါ။ ဒါေပမဲ့ ေသြးေၾကာပိတ္တာကို အတတ္ႏိုင္ဆုံး ႀကိဳသိႏိုင္ဖို႔ စစ္ေဆးႏိုင္စရာ နည္း ၂ ခု ႐ွိရာမွာ၊ သံသယျဖစ္လွ်င္ ECG (Electrocardiogram) ႐ိုက္တာကေန အေစာဆုံးသိႏိုင္ၿပီး၊ ေနာက္ ႏွလုံးႂကြက္သားေတြပ်က္သြားလို႔ ေသြးထဲမွာထြက္လာတဲ့ ႏွလုံးထဲက အင္ဇိုင္း (Enzyme) တစ္ခုျဖစ္တဲ့ Troponin ကို စစ္ၾကည့္ႏိုင္ပါတယ္။ အေရးႀကီးဆံုးျဖစ္တဲ့ ေသြးေၾကာထဲမွာ ျဖစ္လာတဲ့ အဆီဖတ္၊ အဆီခဲေတြထဲက ဘယ္ဟာက ေပါက္သြားႏိုင္တာကို၊ ႀကိဳၿပီး ခြဲျခားသိႏိုင္ေအာင္ကလည္း သာမန္စစ္တဲ့နည္းနဲ႔ မရဘဲ၊ CT ကြန္ျပဴတာဓာတ္မွန္ (Computerized Tomography) နဲ႔ MRI သံလိုက္ေရဒီယိုလိႈင္းဓာတ္မွန္ (Magnetic Resonance Imaging) ႐ိုက္တာအျပင္၊ ႏွလုံးေသြးေၾကာထဲ ပိုက္နဲ႔ကင္မရာငယ္ေလး ထည့္ၾကည့္တဲ့နည္း (Intravascular Ultrasound) နဲ႔မွသာ လုပ္ႏိုင္ပါတယ္။ အခုလို အဆီဖတ္၊ အဆီခဲ ေပါက္ႏိုင္တာကို ႀကိဳသိႏိုင္ရင္ေတာ့၊ ေပါက္ၿပီး ေသြးေၾကာပိတ္တဲ့အဆင့္ထိ မေရာက္ႏိုင္ေအာင္ အဆီက်ေဆး (ဥပမာ Statin အမ်ိဳးအစားေတြ) နဲ႔ ထိန္းၿပီး ကာကြယ္ေပးႏိုင္ပါတယ္။

ေနာက္ေတာ့ ႏွလုံးေဖာက္တာ ျဖည္းျဖည္းခ်င္း ျဖစ္ေစႏိုင္တဲ့ ႏွလုံးေသြးေၾကာက်ဥ္းတာအတြက္ေတာ့ အရင္ေျပာခဲ့သလို ႀကိဳတင္လကၡဏာေတြ (သတ္သတ္မွတ္မွတ္ ရင္ဘတ္ေအာင့္တာနဲ႔ အသက္႐ူၾကပ္ေမာတာ) ႐ွိထားၿပီး၊ သံသယျဖစ္လွ်င္ ႀကိဳတင္ၿပီး ဒီ ECG ႐ိုက္စစ္ေဆးၾကည့္ႏိုင္ပါတယ္။ ေသြးေၾကာက်ဥ္းရျခင္း အေၾကာင္းရင္းကေတာ့ ေသြးထဲ အဆီဖတ္၊ အဆီခဲ မ်ားလာၿပီး ေသြေၾကာနံရံမွာ လာစုကာ တျဖည္းျဖည္းထူလာတာေၾကာင့္ျဖစ္ၿပီး၊ ေသြးစီးဆင္းမႈလမ္းေၾကာင္းကို အတားအဆီး စျဖစ္ေစပါတယ္။ အခုလို ေသြးေၾကာက်ဥ္းတာေၾကာင့္ ႏွလုံးေဖာက္ေစတဲ့ ေသြးေၾကာပိတ္တာကို တခ်ဳိ ႔မွာ ဆက္ျဖစ္လာေပမဲ့၊ လူတိုင္းျဖစ္တာမ်ိဳး တရားေသေတာ့ မေတြ႔ထားေသးပါဘူး။ ဒီေသြးေၾကာက်ဥ္းတာကို သိရဖို႔အတြက္ ECG ႐ိုက္ရာမွာလည္း အဆင့္ဆင့္႐ိုက္ စစ္ေဆးၾကည့္သင့္ပါတယ္။ ေသြးေၾကာက်ဥ္းႏိုင္တဲ့ လကၡဏာေတြေတြ႔ထားၿပီး၊ ပထမ ပုံမွန္ ECG နဲ႔ စစ္လို႔ မေတြရလွ်င္လည္း၊ Exercise ECG လို႔ေခၚတဲ့ စက္ေပၚ (Treadmill) မွာ ေျပးခိုင္းကာ ဆက္စစ္ၾကည့္ႏိုင္ပါတယ္။ အကယ္၍ မေျပးႏိုင္လွ်င္လည္း (ဒူးနာတာ၊ အသက္ႀကီးတာမ်ိဳးမွာ) ႏွလုံးခုန္ျမန္ေစတဲ့ ေဆးထိုးေပးၿပီး Nuclear Scan ႐ိုက္တာ (သို႔မဟုတ္) Stress Echo (Echocardiogram) ႏွလုံးတီဗြီဓာတ္မွန္႐ိုက္တာနဲ႔၊ ေနာက္ ေသြးေၾကာထဲေဆးထိုးၿပီး ႏွလုံးေသြးေၾကာ CT ဓာတ္မွန္႐ိုက္တာေတြ ဆက္လုပ္ၾကည့္ႏိုင္ပါတယ္။ ဒီေသြးေၾကာက်ဥ္းတာအတြက္လည္း အဆီဖတ္၊ အဆီခဲေတြ မေပါက္ေအာင္ အဆီက်ေဆးေပးၿပီး ကာကြယ္ႏိုင္ပါတယ္။

တျခားႏိုင္ငံေတြမွာ အသုံးမ်ားလာတဲ့ ႏွစ္စဥ္လို ပုံမွန္ေဆးစစ္တာ (Regular Check-up) ကေနလည္း၊ ဒီေသြးေၾကာပိတ္ေစႏိုင္တဲ့ အေျခခံအေၾကာင္းရင္းေတြကို သိႏိုင္ပါတယ္။ ဒါေပမဲ့လည္း ေသြးေၾကာက်ဥ္းတာေတြ႔တဲ့ လူတိုင္း ေသြးေၾကာပိတ္ခ်င္မွ ပိတ္သလို၊ ေသြးေၾကာက်ဥ္းတာ မေတြ႔ေသာ္လည္း (သိုမဟုတ္) ေသြးေၾကာ သာမန္က်ဥ္းတာသာေတြ႔ေသာ္လည္း၊ ႐ုတ္တရက္ ေသြးေၾကာ ထပိတ္တတ္တာမ်ိဳး ႐ွိတတ္တာမို႔ အတိအက် ခန္႔မွန္းႏိုင္ဖို႔ေတာ့ ခက္ေနပါေသးတယ္။ အေရးႀကီးတာကေတာ့ ေသြးေၾကာက်ဥ္းေစႏိုင္တဲ့ အေျခခံအေၾကာင္းရင္းေတြျဖစ္တဲ့ ေသြးထဲအဆီမ်ားတာ၊ ေသြးတိုးနဲ႔ ဆီးခ်ိဳ႐ွိတာေတြကို အခုလို ပုံမွန္ေဆးစစ္တာကေန ေတြ႔ထားလွ်င္၊ ဒါေတြကို သက္သာေကာင္းမြန္လာေအာင္ ႀကိဳတင္ကုသမႈခံယူရပါမယ္။ ေဆးစစ္ၿပီး ဒီေတြ႔တဲ့ အေျခခံအေၾကာင္းရင္းေတြကို ႀကိဳတင္မကုသလွ်င္ေတာ့၊ ႐ုတ္တရက္ ေသြးေၾကာပိတ္ ႏွလုံးေဖာက္ ေသဆုံးရတာမ်ိဳးေတြ ေ႐ွ ႔မွာ ဆက္ၾကဳံေနရဦးမွာလို႔ ႏွလုံးအထူးကုေတြက သတိေပးေနၾကပါတယ္။

ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖုိ႔ ကိုဝင္းမင္းက မႏၲေလးေဆး႐ုံႀကီးက ႏွလုံးေရာဂါအထူးကုနဲ႔ မႏၲေလးေဆးတကၠသိုလ္၊ ႏွလုံးေရာဂါအထူးကုဌာန ပါေမာကၡဌာနမွဴး ေဒါက္တာေက်ာ္စိုးဝင္းအား ဆက္သြယ္ေမးျမန္းခဲ့တာ ျဖစ္ပါတယ္။

==== Unicode ====

နှလုံးဖောက်မူ ရုတ်တရက်ဖြစ်စေတဲ့ သွေးကြောပိတ်တာကို ကြိုသိဖို့ခက်ပေမဲ့၊ စစ်ဆေးကြည့်နိုင်တာ တချို့တော့ရှိတယ်လို့ နှလုံးအထူးကတွေက ဆိုပါတယ်။ သွေးကြောပိတ်တဲ့ လက္ခဏာ ကြိုမပေါ်တတ်တာကြောင့် ခန့်မှန်းရခက်ပြီး ကြိုသိဖို့ခက်ပါတယ်။ သွေးကြောပိတ်ရခြင်းက သွေးကြောရဲ့ နံရံ (သို့မဟုတ်) နံရံမှာလာစုတဲ့ အဆီဖတ်၊ အဆီခဲတွေ (Cholesterol Plaque) ပေါက်သွားပြီး၊ သွေးထဲပါလာတဲ့ သွေးဥမွှားလေးတွေ လာကပ်ကာ သွေးခဲသန္ဓေစတည်ပြီး နောက်ထပ်ပါလာတဲ့ သွေးခဲစေတဲ့ဓာတ် (Fibrin) စုပုံလာကာ၊ သွေးခဲကြီး ဖြစ်လာတာကနေ နောက်ဆုံး သွေးကြောပိတ်သွားတာပါ။ ဒါပေမဲ့ သွေးကြောပိတ်တာကို အတတ်နိုင်ဆုံး ကြိုသိနိုင်ဖို့ စစ်ဆေးနိုင်စရာ နည်း ၂ ခု ရှိရာမှာ၊ သံသယဖြစ်လျှင် ECG (Electrocardiogram) ရိုက်တာကနေ အစောဆုံးသိနိုင်ပြီး၊ နောက် နှလုံးကြွက်သားတွေပျက်သွားလို့ သွေးထဲမှာထွက်လာတဲ့ နှလုံးထဲက အင်ဇိုင်း (Enzyme) တစ်ခုဖြစ်တဲ့ Troponin ကို စစ်ကြည့်နိုင်ပါတယ်။ အရေးကြီးဆုံးဖြစ်တဲ့ သွေးကြောထဲမှာ ဖြစ်လာတဲ့ အဆီဖတ်၊ အဆီခဲတွေထဲက ဘယ်ဟာက ပေါက်သွားနိုင်တာကို၊ ကြိုပြီး ခွဲခြားသိနိုင်အောင်ကလည်း သာမန်စစ်တဲ့နည်းနဲ့ မရဘဲ၊ CT ကွန်ပြူတာဓာတ်မှန် (Computerized Tomography) နဲ့ MRI သံလိုက်ရေဒီယိုလှိုင်းဓာတ်မှန် (Magnetic Resonance Imaging) ရိုက်တာအပြင်၊ နှလုံးသွေးကြောထဲ ပိုက်နဲ့ကင်မရာငယ်လေး ထည့်ကြည့်တဲ့နည်း (Intravascular Ultrasound) နဲ့မှသာ လုပ်နိုင်ပါတယ်။ အခုလို အဆီဖတ်၊ အဆီခဲ ပေါက်နိုင်တာကို ကြိုသိနိုင်ရင်တော့၊ ပေါက်ပြီး သွေးကြောပိတ်တဲ့အဆင့်ထိ မရောက်နိုင်အောင် အဆီကျဆေး (ဥပမာ Statin အမျိုးအစားတွေ) နဲ့ ထိန်းပြီး ကာကွယ်ပေးနိုင်ပါတယ်။

နောက်တော့ နှလုံးဖောက်တာ ဖြည်းဖြည်းချင်း ဖြစ်စေနိုင်တဲ့ နှလုံးသွေးကြောကျဉ်းတာအတွက်တော့ အရင်ပြောခဲ့သလို ကြိုတင်လက္ခဏာတွေ (သတ်သတ်မှတ်မှတ် ရင်ဘတ်အောင့်တာနဲ့ အသက်ရူကြပ်မောတာ) ရှိထားပြီး၊ သံသယဖြစ်လျှင် ကြိုတင်ပြီး ဒီ ECG ရိုက်စစ်ဆေးကြည့်နိုင်ပါတယ်။ သွေးကြောကျဉ်းရခြင်း အကြောင်းရင်းကတော့ သွေးထဲ အဆီဖတ်၊ အဆီခဲ များလာပြီး သွေကြောနံရံမှာ လာစုကာ တဖြည်းဖြည်းထူလာတာကြောင့်ဖြစ်ပြီး၊ သွေးစီးဆင်းမှုလမ်းကြောင်းကို အတားအဆီး စဖြစ်စေပါတယ်။ အခုလို သွေးကြောကျဉ်းတာကြောင့် နှလုံးဖောက်စေတဲ့ သွေးကြောပိတ်တာကို တချို့မှာ ဆက်ဖြစ်လာပေမဲ့၊ လူတိုင်းဖြစ်တာမျိုး တရားသေတော့ မတွေ့ထားသေးပါဘူး။ ဒီသွေးကြောကျဉ်းတာကို သိရဖို့အတွက် ECG ရိုက်ရာမှာလည်း အဆင့်ဆင့်ရိုက် စစ်ဆေးကြည့်သင့်ပါတယ်။ သွေးကြောကျဉ်းနိုင်တဲ့ လက္ခဏာတွေတွေ့ထားပြီး၊ ပထမ ပုံမှန် ECG နဲ့ စစ်လို့ မတွေရလျှင်လည်း၊ Exercise ECG လို့ခေါ်တဲ့ စက်ပေါ် (Treadmill) မှာ ပြေးခိုင်းကာ ဆက်စစ်ကြည့်နိုင်ပါတယ်။ အကယ်၍ မပြေးနိုင်လျှင်လည်း (ဒူးနာတာ၊ အသက်ကြီးတာမျိုးမှာ) နှလုံးခုန်မြန်စေတဲ့ ဆေးထိုးပေးပြီး Nuclear Scan ရိုက်တာ (သို့မဟုတ်) Stress Echo (Echocardiogram) နှလုံးတီဗွီဓာတ်မှန်ရိုက်တာနဲ့၊ နောက် သွေးကြောထဲဆေးထိုးပြီး နှလုံးသွေးကြော CT ဓာတ်မှန်ရိုက်တာတွေ ဆက်လုပ်ကြည့်နိုင်ပါတယ်။ ဒီသွေးကြောကျဉ်းတာအတွက်လည်း အဆီဖတ်၊ အဆီခဲတွေ မပေါက်အောင် အဆီကျဆေးပေးပြီး ကာကွယ်နိုင်ပါတယ်။

တခြားနိုင်ငံတွေမှာ အသုံးများလာတဲ့ နှစ်စဉ်လို ပုံမှန်ဆေးစစ်တာ (Regular Check-up) ကနေလည်း၊ ဒီသွေးကြောပိတ်စေနိုင်တဲ့ အခြေခံအကြောင်းရင်းတွေကို သိနိုင်ပါတယ်။ ဒါပေမဲ့လည်း သွေးကြောကျဉ်းတာတွေ့တဲ့ လူတိုင်း သွေးကြောပိတ်ချင်မှ ပိတ်သလို၊ သွေးကြောကျဉ်းတာ မတွေ့သော်လည်း (သိုမဟုတ်) သွေးကြော သာမန်ကျဉ်းတာသာတွေ့သော်လည်း၊ ရုတ်တရက် သွေးကြော ထပိတ်တတ်တာမျိုး ရှိတတ်တာမို့ အတိအကျ ခန့်မှန်းနိုင်ဖို့တော့ ခက်နေပါသေးတယ်။ အရေးကြီးတာကတော့ သွေးကြောကျဉ်းစေနိုင်တဲ့ အခြေခံအကြောင်းရင်းတွေဖြစ်တဲ့ သွေးထဲအဆီများတာ၊ သွေးတိုးနဲ့ ဆီးချိုရှိတာတွေကို အခုလို ပုံမှန်ဆေးစစ်တာကနေ တွေ့ထားလျှင်၊ ဒါတွေကို သက်သာကောင်းမွန်လာအောင် ကြိုတင်ကုသမှုခံယူရပါမယ်။ ဆေးစစ်ပြီး ဒီတွေ့တဲ့ အခြေခံအကြောင်းရင်းတွေကို ကြိုတင်မကုသလျှင်တော့၊ ရုတ်တရက် သွေးကြောပိတ် နှလုံးဖောက် သေဆုံးရတာမျိုးတွေ ရှေ့မှာ ဆက်ကြုံနေရဦးမှာလို့ နှလုံးအထူးကုတွေက သတိပေးနေကြပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက မန္တလေးဆေးရုံကြီးက နှလုံးရောဂါအထူးကုနဲ့ မန္တလေးဆေးတက္ကသိုလ်၊ နှလုံးရောဂါအထူးကုဌာန ပါမောက္ခဌာနမှူး ဒေါက်တာကျော်စိုးဝင်းအား ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG