သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေပြားလေးဖက်နာ (အပိုင်း - ၁)


အရေပြားလေးဖက်နာ (အပိုင်း - ၁)
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

အရေပြားလေးဖက်နာရောဂါက မြန်မာနိုင်ငံမှာ ပိုအဖြစ်များလာနေပြီး၊ အခြားရောဂါတွေနဲ့ မှားယွင်းသွားကာ၊ နောက်ကျမှသိတာ များနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောကြပါတယ်။ ရန်ကုန် အရိုးအကြောအဆစ်ဆေးပညာဌာနကို လာပြသူတွေရဲ့ (၆၀)% ဟာ ဒီ ရောဂါဖြစ်နေတာ တွေ့ရပါတယ်။

အခုလို အရေပြားလေးဖက်နာ ပိုဖြစ်ရခြင်းက ပြောင်းလဲလာတဲ့ စားသောက်နေထိုင်ပုံတွေဖြစ်တဲ့ အစားအသောက်တွေမှာ ဓာတုပစ္စည်းတွေ (ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးအပါအဝင်) နဲ့၊ ဆိုးဆေးတွေ (အချိုရည်၊ ရေခဲမုန့်၊ သကြားလုံးအပါအဝင်) ပိုပါလာတာ၊ ဆေးလိပ်သောက်တာ၊ လေထုညစ်ညမ်းမူ (ကျောက်မီးသွေးအမှုန်အပါအဝင်) ပိုဖြစ်လာတာနဲ့ ခရမ်းလွန်ရောင်ခြည် ပိုများလာတာတွေကြောင့် ကိုယ်တွင်းခုခံဓာတ် ပြောင်းလဲသွားစေတာကြောင့်ပါ။ ဒါ့အပြင် မျိုးရိုးဗီဇနဲ့ အဆီစားများတာ၊ အရက်သောက်တာနဲ့ ကိုယ်လက်လှုပ်ရှားမူ နည်းတာတွေကြောင့်လည်း ခုခံအားစံလွဲတဲ့ရောဂါကို ဖြစ်စေနိုင်ပါတယ်။

အရေပြားလေးဖက်နာက သွေးလေးဖက်နာကဲ့သို့ အဆစ်တွေကိုက်ခဲတာတွေ စဖြစ်ပေမယ့် နောက်ပိုင်းမှာ သွေးလေးဖက်နာနဲ့မတူတဲ့ အရေပြားပေါ် အကွက်ငယ်တွေ ပေါ်လာလေ့ရှိပါတယ်။ ဒီအကွက်တွေက ခန္ဓာကိုယ်နေရာအနှံ့မှာ ပုံစံမျိုးစုံနဲ့ ပေါ်လာနိုင်ပြီး၊ မျက်နှာပေါ်မှာ လိပ်ပြာပုံ (သို့) တြိဂံပုံမျိုး အနီကွက်တွေ ပေါ်လာနိုင်သလို၊ ခြေ၊ လက်၊ ဂုတ် တွေမှာလည်း အနီကွက်ပုံစံမျိုးစုံ ပေါ်လာနိုင်ပါတယ်။ ဒါ့အပြင် တခါတရံမှာ အရည်ကြည်ဖုပုံစံ ဖြစ်တတ်ပါသေးတယ်။ ဒီအရေပြားအကွက်တွေက ရောင်တာ၊ နည်းနည်းနာတာ ဖြစ်တတ်ပေမယ့်၊ ယားတာတော့ သိပ်ဖြစ်လေ့မရှိပါဘူး။ ဒါပေမဲ့ တခါတရံမှာ ရောင်တာ၊ နာတာတွေမရှိဘဲ၊ မာခဲကြီး ဖြစ်နေတာမျိုးလည်း ရှိတတ်ပါတယ်။ ဒီအရေပြားအကွက်တွေက တခါတရံမှာ သုံး၊လေး ရက်အတွင်း ပျောက်သွားတတ်ပေမဲ့၊ တခါတရံမှာ တစ်လဝန်းကျင်အထိ ကြာသွားတတ်ပါတယ်။ တချို့ကလည်း ဒီအရေပြားကွက်ဖြစ်လာတာကို သာမန် အရေပြားအနာ (အင်ပြင်၊ ပွေး အပါအဝင်) အဖြစ် မှားယွင်းယူဆမိပြီး ပေါ့ပေါ့နေသလို၊ တချို.မှာလည်း အရေပြားဆရာဝန်တွေနဲ့ အရင်ကုပြီး၊ မသက်သာဘဲ၊ သွေးစစ်ကာမှ ဒီရောဂါဖြစ်မှန်းသိကြတာလည်း ရှိပါတယ်။ ဒါ့အပြင် အခြားလက္ခဏာတွေအဖြစ် ဆံပင်အနည်းငယ်ကျွတ်တာ၊ တငွေ့ငွေ့ဖျားတာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အခုလိုဖျားတာကို အခြားရောဂါတွေ (တုပ်ကွေး၊ တီဘီ၊ ဌက်ဖျား) နဲ့လည်း မှားယွင်းကုသပြီး၊ နောက်ပိုင်း မသက်သာမှ ဒီရောဂါဖြစ်မှန်း သိကြတာလည်းရှိပါတယ်။

အရေပြားလေးဖက်နာရောဂါ (Lupus) ကို ဆေးပညာအရ အပြည့်အစုံ Systemic Lupus Erythematosus (SLE) လို့ ခေါ်တဲ့အတိုင်း၊ ဖြစ်လာလျှင် အရိုးအကြောစနစ်တခုထဲ နာကျင်စေတာမဟုတ်ဘဲ၊ Systemic အဖြစ်၊ အခြား ကိုယ်အင်္ဂါစနစ် (System) တွေကိုဆက်ထိကာ၊ အရေပြားစနစ်မှာ အထက်ပါအတိုင်းဖြစ်တာအပြင်၊ ကျောက်ကပ်၊ အစာအိမ်နဲ့ အူလမ်းကြောင်း၊ အဆုပ်၊ နှလုံး၊ ဦးနှောက် စတဲ့ စနစ်တွေအားလုံးကို ထိခိုက်စေလေ့ရှိပါတယ်။ ဒါကြောင့် အဆစ်နာတာနဲ့ အရေပြားအကွက် ပေါ်လာတာအပြင်၊ ဆီးသွားရခက်တာ၊ နှလုံးမောတာ၊ ဦးနှောက် ကိုက်သလိုလို တက်သလိုလိုဖြစ်တာ၊ ဝမ်းပျက်ဝမ်းလျှောတာ စတာတွေ တစ်ခုခုနဲ့ တွဲဖြစ်လာလျှင်၊ ဒီရောဂါ ဖြစ်နိုင်တာကို ထည့်တွက်ဖို့ အရေးကြီးပါတယ်။ တခါတရံမှာလည်း လေဖြတ်ပြီး ဦးနှောက်အာရုံကြောဌာနု ရောက်သွားပေမဲ့၊ သွေးတိုးကြောင့် လေဖြတ်တာမဟုတ်ဘဲ၊ အရေပြားလေးဖက်နာကြောင့် လေဖြတ်တာနောက်မှ သိရလေ့ရှိပါတယ်။

ဒါ့အပြင် တချို့လည်း မောပြီး အဆုပ်ဌာနကိုရောက်သွားပြီးမှ အသေအချာစစ်ရာမှာ တီဘီမဟုတ်ဘဲ၊ ဒီရောဂါဖြစ်နေတာ၊ သွေးအားနည်းရောဂါထင်ပြီး သွေးဌာနရောက်ကာ သွေးသွင်းပြီး ပိုဆိုးလာချိန် ပြန်စစ်ရာမှာ၊ ဒီရောဂါဖြစ်ကြောင်းတွေ့တာတွေလည်း ရှိပါတယ်။ တခါတရံ ကလေးပျက်ကျရာမှာလည်း ဒီရောဂါအခံကြောင့် ခုခံအားစံလွဲပြီးဖြစ်တာကို တွေ့ရတတ်ပါတယ်။ အခုလို ရောဂါဖြစ်မှန်းသိရခက်ပြီး၊ တခြားရောဂါတွေနဲ့ မှားယွင်းသွားတတ်တာကြာင့် ဒီရောဂါက စောစော သိတာနည်းပြီး၊ နောက်ကျမှသိရတာများကာ၊ နောက်ဆက်တွဲတွေ ပြင်းပြင်းထန်ထန် ခံစားရနိုင်တာကြောင်၊့ စောစောသိနိုင်ဖို့ အဆစ်တွေကိုက်ခဲတာအပြင်၊ အခြားရှုပ်ထွေးတာ တစ်ခုခုတွဲဖြစ်လာလျှင် ဒီရောဂါ ဖြစ်နိုင်တာကို ကြိုတင်ထည့်တွက်ဖို့ အထူးအရေးကြီးလာပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က အရိုး၊အကြော၊အဆစ် အထူးကု နဲ့ ဆေးတက္ကသိုလ် (၁) အရိုး၊အကြော၊အဆစ် ဆေးပညာဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာချစ်စိုး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG