အသက်အရွယ်ရလာသူတွေ အရက်သောက်တာကြောင့် အန္တရာယ်ပိုကြီးလာချိန်၊ အရက်ပိုသောက်နိုင်စေတဲ့ အကြောင်းရင်းတွေလည်း ရှိနေပြန်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။
အသက်အရွယ် ရလာချိန်မှာ တချို့အနေနဲ့ မိသားစုနဲ့ ချစ်ရခင်ရသူတွေ ကွယ်လွန်ကုန်တာ၊ အနေဝေးသွားတာတွေကြောင့် တစ်ကိုယ်တည်း အထီးကျန်ဆန်လာတတ်ပါတယ်။ ဒီကနေ နောက်ဆက်တွဲအဖြစ် မသိမသာ စိတ်ကျတာလည်း ဆက်ဖြစ်လာတတ်ကာ၊ ထွက်ပေါက်အဖြစ် အရက်ကို ပိုသောက်လာနိုင်ခြေ ရှိနေပါတယ်။ ဒါ့အပြင် တချို့သက်ကြီးတွေမှာ အရင် အလုပ်ကနေ အနားယူလိုက်ပြီး၊ အလုပ်သိပ်မရှိတော့တာကြောင့်လည်း၊ ဒီ အားလပ်မှုနဲ့အတူ အထီးကျန်သဘော ဖြစ်လာတာကို ဘယ်လို ဖြတ်သန်းဖို့ စိန်ခေါ်မှုကြုံလာတတ်ကာ အရက်ကို ပိုမှီဝဲသွားတတ်ပါတယ်။ တချို့မှာလည်း အသက်ကြီးလာချိန် သိပ်အိပ်မပျော်တတ်တာအတွက် အရက်ကို အိပ်ပျော်အောင်မျိုး သောက်သုံးလာတတ်ကြပါတယ်။
တချိန်ထဲမှာ ကျန်းမာရေးအရလည်း အသက်ကြီးလာချိန် ပိုဖြစ်လာတတ်တဲ့ အကြောအဆစ်နာတာ၊ ခါးနာတာစတဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေတဲ့ ဆေးသဘောမျိုးလည်း တချို့က အရက်ကို စပြီးမှီဝဲလာတတ်ပါသေးတယ်။ ဒါ့အပြင် အသက်အရွယ်ရလာချိန် တွေ့လာနိုင်တဲ့ ကင်ဆာနဲ့ နှလုံးရောဂါလို နာတာရှည်ရောဂါတွေအတွက် စိတ်ပူပင်ရတာကို စိတ်ပြေလက်ပျောက်သဘော တချို့တွေက အရက်ပိုသောက်မိလာနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာ့ဓလေ့ ယဉ်ကျေးမှုအရတော့ အခုလို အသက်ကြီးလာချိန်မှာ မိသားစုတွေက ဝိုင်းဝန်းစောင့်ရှောက်ပေးတတ်တာကြောင့်၊ အထီးကျန်တာ ပိုအဖြစ်များတဲ့ အနောက်နိုင်ငံတွေလောက်တော့ အခုလိုအရက်သောက်နိုင်တာ ပိုမဆိုးလှပါဘူး။ ဒီ မြန်မာ့ဓလေ့ကိုလည်း ဆက်ထိန်းသွားသင့်ပါတယ်။
လက်ရှိ ရာသီဥတုပူပြင်းလာချိန်မှာ အရက်သောက်တာကြောင့် သက်ကြီးတွေမှာ ရေဓာတ်ဆားဓာတ် ပိုဆုံးရှုံးနိုင်တာနဲ့ တခြားအန္တရာယ် ပိုဖြစ်န်ိုင်တာအတွက်လည်း ပြင်ဆင်ထားသင့်ပါတယ်။ အထူးသဖြင့် ရေနဲ့ အချိုရည်များများ ပိုသောက်ပေးပြီး၊ ရေဓာတ်ပါတဲ့ အသီးအရွက်နဲ့ တခြားအစာတွေ ပိုစားပေးခြင်းဖြင့် အရက်ပြင်းထန်နိုင်အားနဲ့ မူးနိုင်ခြေတွေကို လျော့ချပေးနိုင်ပါတယ်။ အသက်အရွယ်ရလာချိန်မှာ နဂိုထဲက ရေဓာတ်နည်းပြီး သွေးပေါင်ချိန်ကျတတ်တာနဲ့ ကြွက်သားအားနည်းလာပြီး ဟန်ချက်ထိန်းရ ပိုခက်တတ်တာတွေကြောင့် ချော်လဲမူးလဲနိုင်ချိန်မှာ၊ အရက်ကလည်း အလားတူအာနိသင်တွေ ဖြစ်စေတာကြောင့် ပိုသတိထား ပြင်ဆင်ထားသင့်ပါတယ်။ ဥပမာ အသက်ကြီးလာသူတွေ အပြင်ထွက် အရက်သောက်ပါကလည်း ဘေးမှာ အဖော်လိုက်သွားသင့်ပါတယ်။
တချိန်ထဲမှာ အသက်ကြီးလာသူတွေ အထီးကျန်တာ မခံစားရဘဲ စိတ်ကျမှုလည်း မဖြစ်လာရအာင် အလုပ်တခုခု ရှိနေစေသင့်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုအရ သက်ကြီးမိဘတွေကို သားသမီးတွေက အတူနေစောင့်ရှောက်ပေးချိန်မှာ၊ မြေးတွေကိုလည်း ပြန်ပြီး ကူထိန်းပေးတာနဲ့၊ ကလေးတွေကလည်း အဖိုးအဖွားတွေကို ပြန်ဝန်းရံစောင့်ရှောက်ပေးတာအပြင်၊ တရားထိုင်တာ (Meditation) တရားအကြောင်းဆွေးနွေးတာမျိုးနဲ့ အလုပ်တခုခု ရှိနေစေပြီး စိတ်ချမ်းသာစေနိုင်ပါတယ်။ အကယ်၍ အသက်အရွယ်ရလာသူတွေ အရက်ဆက်သောက်ဖြစ်လျှင်လည်း ပျမ်းမျှအားဖြင့် တစ်ရက်ကို တစ်ပက် (One Drink) ထက် မပိုစေဘဲ၊ တတ်နိုင်သမျှ ရက်ခြား သောက်ပေးခြင်းဖြင့် အရက်ဒဏ် ခံရနည်းကာ၊ ရေရှည်မှာ အရက်စွဲတာလည်း ဖြစ်နိုင်ခြေ နည်းသွားနိုင်ပါတယ်။
ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို.၊ Brooklyn ဆေးရုံက အရက်နဲ့မူးယစ်ဆိုင်ရာဆေးပညာဌာန ညွှန်ကြားရေးမှူးနဲ့ အထွေတွေရောဂါကုဌာနမှူး သမားတော်ကြီး ဒေါက်တာမြင့်လွင် ကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါတယ်။