သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသင့်စားသုံးပစ္စည်းဆိုင်ရာ ရောဂါများ


A student browses instant noodles at the Good Noodle store in Bangkok, Thailand, March 21, 2022. Picture taken March 21, 2022. REUTERS/Athit Perawongmetha
A student browses instant noodles at the Good Noodle store in Bangkok, Thailand, March 21, 2022. Picture taken March 21, 2022. REUTERS/Athit Perawongmetha

မြန်မာအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က တားမြစ်လိုက်တဲ့ အသားလုံး အသားချောင်းတွေအပြင်၊ မြန်မာ့ရိုးရာ အသင့်စားသောက်စရာတွေကြောင့်လည်း ရောဂါတွေ ဖြစ်နိုင်တယ်လို့ အာဟာရပညာရှင်တွေက သတိပေးပြောဆိုပါတယ်။

ကယ်လိုရီများပြီး အာဟာရနည်းတဲ့ အသင့်စားသုံးပစ္စည်းတွေကြောင့် လတ်တလောမှာ မသိသာဘဲ၊ အော့အန်တာ၊ မူးတာ၊ ဝမ်းသွားတာ စတာတွေလောက်သာ ဖြစ်နိုင်ပေမဲ့၊ ရေရှည် (တစ်လ၊ နှစ်လကစပြီး) မှာတော့ အန္တရာယ်ကြီးတဲ့ ရောဂါတွေ စဖြစ်လာနိုင်ပါတယ်။ အဓိက ဖြစ်လေ့ရှိတာက ကျန်းမာရေး တောက်လျှောက်ကောင်းလာခဲ့သူမှာ ရုတ်တရက် အူအတက်ရောင်တာ၊ ကျောက်ကပ်ပျက်စီးတာ၊ အသည်းအဆီဖုံးတာစတဲ့ ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ကုန်တာအပြင်၊ ရေရှည်ရောဂါ ကင်ဆာအထိပါ ဆက်ဖြစ်လာနိုင်ပါတယ်။ ဒီအသင့်စားသောက်စရာတွေက ဈေးပေါပြီး ဝယ်စားရလွယ်ပေမဲ့ အန္တရာယ်မကင်းတဲ့၊ ဓာတုပစ္စည်း အလွန်အကျွံပါတာကြောင့် ကျန်းမာရေးပြဿနာတွေ ဖြစ်လာလျှင်တော့၊ ငွေအများကြီး ပိုကုန်ပြီး ကုရခက်တဲ့အထိ ပြင်းထန်ကာ အသက်ဆုံးရူံးနိုင်တာပါ တွေ့ရှိထားတာမို့ တကယ်တမ်း ရေရှည်မှာ တွက်ခြေမကိုက်ပါဘူး။ ဒါကြောင့် အစကတည်းက ဒါတွေကို ဝယ်စားဖို့ မစဉ်းစားသင့်တော့ပါဘူး။

ဒါ့အပြင် မြန်မာရိုးရာ အသင့်စားသုံးပစ္စည်းတွေမှာလည်း နောက်ပိုင်းမှာ အလားတူ အန္တရာယ်ရှိလာကာ ဒီရောဂါတွေကို ဆက်ဖြစ်စေနိုင်တာ တွေ့ရှိထားပါတယ်။ အထူးသဖြင့် နေ့စဉ်စားသုံးတဲ့ ငပိ၊ ငံပြာရည်၊ ငါးခြောက်၊ ပုဇွန်ခြောက် စတာတွေနဲ့ သွားရေစာမုန့်နဲ့ ယိုတွေ အရည်တွေကို အလွန်အကျွံ မစားသောက်မိဖို့ သတိပြုသင့်ပါတယ်။ အချိုဓာတ်လွန်ကဲနေတဲ့ မြန်မာ့ရိုးရာ သွားရေစာ မုန့်နဲ့ အချိုရည် (ထောပတ်သီးရည်နဲ့ မုန့်လုပ်ဆောင်း၊ ရွှေရင်အေး စတာတွေထဲ သကြားနို့ဆီနို့စိမ်း များလွန်းတာ) တွေ စားသုံးမှု များလွန်းလာတာကြောင့်လည်း မြန်မာနိုင်ငံက လူကြီးရော၊ ကလေးမှာပါ ဆီးချိုရောဂါ အဖြစ်များလွန်းလာနေပါတယ်။ ဒါ့အပြင် အစားများလာတဲ့ တချို့ဖုတ်မုန့်တွေ (ပေါင်မုန့်၊ ကိတ်မုန့်၊ ဘီစကွတ်စတာတွေ) မှာလည်း အချိုအပြင် အဆီပါ များလွန်းနေနိုင်ပါတယ်။ မြန်မာအများစု ဟင်းချက်ရာမှာ ဟင်းတိုင်းလိုလို အလွန်အကျွံ သုံးတတ်တဲ့ ငပိ၊ ငံပြာရည်နဲ့ ငါးခြောက်တွေကြောင့်လည်း လိုတဲ့ဆားပမာဏထက် အဆပေါင်းများစွာ စားမိနေတာကို လေ့လာတွေ့ရှိထားကာ၊ ကလေးတွေမှာပါ သွေးတိုးတာ (Hypertension) စတွေ့လာနေရပြီး၊ နောက်ဆက်တွဲ ရောဂါတွေ ဆက်ဖြစ်လာနိုင်တာကိုပါ စိုးရိမ်နေရပါပြီ။
တကယ်တော့ အနာဂတ်ကို ဦးဆောင်မဲ့ ယနေ့ လူငယ်ကျောင်းသားတွေအများစုက အချို့ဓာတ်လွန်ကဲလွန်းတဲ့ အသင့်လုပ် အချိုရည်တွေ သောက်သုံးမူ များလာနေတာမို့လည်း အထူးစိုးရိမ်စရာ ဖြစ်လာနေပါတယ်။ အချိုဓာတ် အလွန်အကျွံ စားသုံးမူကြောင့် ဒီလူငယ်ကျောင်းသားတွေရဲ့ ခန္ဓာကိုယ်အပြင် ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံဖြိုးမူ၊ တွေးခေါ်ကြံဆမူ၊ စူးစိုက်အာရုံစိုက်မူ (Concentration) တွေအပေါ် ထိခိုက်ပြီး၊ စွမ်းရည်အပြည့် မသုံးနိုင်တာတွေပါ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် လူငယ်ကျောင်းသားအရွယ်တွေ အရမ်းပိုကြိုက်လာနေတဲ့ အသင့်စား ခေါက်ဆွဲထုတ်၊ ကြာဇံထုတ်၊ ကော်ဖီထုတ် (Coffee Mix)၊ လက်ဘက်ရည်ထုတ် (Tea Mix) စတဲ့ အသင့်စားသောက်စရာ အမျိုးပေါင်းများစွာမှာလည်း အချိုဓာတ်ရော၊ ဓာတုပစ္စည်းတွေပါ များလွန်းနေနိုင်တာမို့ အသက်တိုနိုင်တာအပြင်၊ ရေရှည်ရောဂါ (ဆီးချို၊ သွေးတိုး၊ နှလုံး နဲ့ ကျောက်ကပ်ရောဂါ စတာ) တွေပါ ဆက်ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ကိုဗစ်-19 ကာလအတွင်း ကိုယ်ခံအားကောင်းအောင် အာဟာရအများကြီးစားဖို့ လိုတယ်ထင်ပြီး အသင့်စားစရာတွေအပါအဝင် အလွန်အကျွံ စားသုံးမိတာတွေကြောင့်လည်း အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါတွေ အဖြစ်များလာတာကို တွေ့ရှိထားပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ရှိ Cornell တက္ကသိုလ်က နိုင်ငံတကာ အစာအာဟာရဆိုင်ရာ ပါမောက္ခ ဒေါက်တာခင်မာချို ကို ဆက်သွယ်မေးမြန်းထားပါတယ်။

==Unicode==





XS
SM
MD
LG