သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အများနဲ့စုဖြစ်ရတဲ့ စိတ်ဖိစီးမှုအကြောင်းရင်း


လူမှုအသိုင်းအဝိုင်းထဲမှာ အများနဲ့စုဖြစ်ရတဲ့ စိတ်ဖိစီးမှုက မြန်မာနိုင်ငံမှာ အကြာင်းရင်းမျိုးစုံအောက် ဆက်တိုက်ရေရှည်ဖြစ်လာနေတယ်လို့ စိတ်ကျန်းမာရေးပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။

လူ့အသိုင်းအဝိုင်းထဲမှာ အများနဲ့စုဖြစ်ရတဲ့ စိတ်ဖိစီးမှု (Societal/ Community Stress) ဟာ အများထိခိုက်ခံစားရတဲ့ ကပ်ရောဂါ၊ သဘောဝဘေးဒဏ်နဲ့ စစ်ဘေးဒဏ်တွေကြောင့် အဓိက ဖြစ်လေ့ရှိတယ်လို့ စိတ်ကျန်းမာရေးပညာရှင်တွေက ရှင်းပြပါတယ်။ မြန်မာနိုင်ငံမှာလည်း ကိုဗစ်ကပ်ရောဂါ၊ ရေဘေးလေဘေးနဲ့ အာဏာသိမ်းအပြီး ပဋိပက္ခနဲ့စစ်ပွဲ ပိုပြင်းထန်လာတဲ့ဒဏ်တွေကို ဆက်တိုက်နှစ်ရှည်ကြုံလာနေတာမို့၊ ပြည်သူအများစိတ်ဖိစီးမှု (Society in Distress) ကြုံနေရပြီလို့ စိတ်ကျန်းမာရေးပညာရှင်တွေက ထောက်ပြနေပါတယ်။ ကိုဗစ်ကြောင့် မြန်မာနိုင်ငံထဲ အောက်ဆီဂျင်ပြတ် လူအများ အကြီးအကျယ် ဒုက္ခရောက် သေဆုံးခဲ့ရတာ၊ အာဏာသိမ်းအပြီး ပြည်တွင်းစစ်ကျယ်ပြန့်လာကာ လူပေါင်းများစွာ နေ့စဉ်လိုလို မကြုံစဖူး မလုံခြုံတော့ဘဲ၊ အသက်အန္တရာယ်အောက် တချို. ထိခိုက်သေဆုံး ပုန်းရှောင်ထွက်ပြေးနေရတာ၊ ရွာတွေ မီးရှို့ဗုံးကျဲခံနေရတာတွေ ဖြစ်လာနေပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာလည်း ရခိုင် မိုခါမုန်တိုင်းဒဏ်နဲ့၊ လက်ရှိ ချင်း၊ ကရင်၊ မွန်၊ ပဲခူး စတဲ့ဒေသတွေမှာ မိုးကြီးမြေပြို ရေကြီး၊ လမ်းပြတ်တောက်တွေကိုပါ ပြည်သူများစွာ ထပ်ဆင့်ခံစားနေရပြန်ပါတယ်။

အထက်ပါ ကပ်ဘေးဒဏ်တစ်ခုစီကို ယာယီကာလတစ်ခုသာ ခံစားရပါက စိတ်ဖိစီးမှုလည်း ခေတ္တသာဖြစ်နိုင်ပေမဲ့၊ ဆက်တိုက်နှစ်ရှည် ခံစားလာရချိန်မှာတော့ စိတ်ဖိစီးမှုအကြောင်းရင်း ပေါင်းစုံလာပြီး အန္တရာယ်ကြီး ဖြစ်သွားနိုင်ပါတယ်။ ကျားလိုမျိုး အသက်အန္တရာယ်နဲ့တွေ့လို့ ရုတ်တရက် စိတ်ဖိစီးတာက ဆက်ရှင်သန်ရေးကြိုးပမ်းဖို့ အထောက်အကူ ဖြစ်စေနိုင်ပေမဲ့၊ ရေရှည်စိတ်ဖိစီးမှု (Chronic Stress) ကတော့ နှလုံး၊ သွေးတိုး ဆီးချိုရောဂါလို နောက်ဆက်တွဲဒဏ်တွေကိုသာ ဖြစ်စေနိုင်ပါတယ်။ မြန်မာနိုင်ငံထဲ သဘာဝဘေးဒဏ်နဲ့ လူကြောင့်ဖြစ်ရတဲ့ ပဋိပက္ခစစ်ဘေးဒဏ်တွေ ဆက်တိုက်ဖြစ်လာတာကြောင့် ဒီအများနဲ့စုဖြစ်တဲ့ စိတ်ဖိစီးမှုဒဏ်အပြင်၊ နောက်ဆက်တွဲ တစ်ဦးချင်း စားဝတ်နေရေး၊ ငွေရေးကြေးရေး၊ ကျန်းမာရေး ပြဿနာကြီးတွေကြောင့်လည်း တစ်ဦးချင်း စိတ်ဖိစီးမှု (Individual Stress) ပါ တပါတည်း ခံစားလာရနိုင်ပါတယ်။ အများနဲ့စုဖြစ်တာနဲ့ တစ်ဦးချင်း စိတ်ဖိစီးမှုတွေကို ရေရှည်ဖြစ်စေတဲ့ ဒီအကြောင်းရင်းကြီးတွေအပြင်၊ တစ်ဦးချင်းကို ရေတိုစိတ်ဖိစီးမှု (Acute Stress) ဖြစ်စေတဲ့ သုံးနေကျပစ္စည်းပျက်တာ၊ စာမေးပွဲနီးတာ၊ အလုပ်ပြုတ်တာ၊ ပိုက်ဆံပြတ်တာ၊ ရောဂါဖြစ်တာမျိုး ပြဿနာတွေပါရောလာပြီး ကြိမ်မီးအုံးအုံး သိမ်းကြုံးခံစားလာရလျှင်တော့ စိတ်ဖိစီးမှုဒဏ်က အန္တရာယ် ပိုကြီးသွားနိုင်ပါတယ်။

ဒီရောဂါဝေဒနာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက သြစတျေးလျနိုင်ငံ Central Queensland ဆေးရုံက စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး ဒေါက်တာသက်ဌေး ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG