သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီတာမင်ဒီ (Vitamin D) ချို့တဲ့မှု အဖြစ်များလာခြင်း


တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ ဗီတာမင်ဒီ ဓာတ်ချို့တဲ့တာ အတော်အဖြစ်များနေတာကို၊ မကြာခင်ကပဲ အထောက်အထားများနဲ့ တွေ့ခဲ့ရတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုကြပါတယ်။

နေရောင်ခြည်ကနေ အရေပြားကိုထိတွေ့ပြီး အလွယ်တကူရနိုင်တဲ့ ဗီတာမင်ဓာတ်၊ နေရောင်ခြည်ကောင်းကောင်းရတဲ့ မြန်မာနိုင်ငံမှာ အရင်တုန်းက ချို့တဲ့မူသိပ်မရှိခဲ့ဘူးလို့ အများထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ မကြာသေးခင်ကပဲ၊ နာဂဒေသအတွင်း လေ့လာစစ်ဆေးခဲ့ရာမှာ ဗီတာမင်ဒီ ချို့တဲ့သူက လူ (၁၀၀) မှာ (၈၀) ခန့်အထိ ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် အရိုး၊ အကြော၊ အဆစ်ဌာနကို ရောက်လာတဲ့ ပြင်ပလူနာ (၁၀၀) မှာ (၇၀) ခန့်မှာလည်း ဗီတာမင်ဒီ ချို့တဲ့နေတာကို တွေ့ခဲ့ရပြီး၊ အထွေထွေရောဂါကုဌာနမှာလည်း လူနာ (၆၀)% ခန့်အထိ ဒီဓာတ်ချို့တဲ့နေတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

အခုလို ထူးထူးခြားခြား ဗီတာမင်ဒီဓာတ် ချို့တဲ့လာရခြင်းက လူနေမူပုံစံပြောင်းလာပြီး၊ မြန်မာနိုင်ငံမှာ အလွယ်တကူ ရှိထားပြီးဖြစ်တဲ့ နေရောင်ခြည်ကို တကယ်တမ်း လူတွေမထိတွေ့နိုင်ကြတာနဲ့၊ ဗီတာမင်ပါတဲ့ အစားအသောက်တွေကို များများမစားသောက်နိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။

ဗီတာမင်ဒီကို အဓိကဖြစ်စေတဲ့ မနက်ခင်း နေရောင်ခြည်ကို မထိတွေ့နိုင်ရတာက၊ ညည့်နက် တီဗီကြည့်၊ Facebook ပွတ်ကြပြီး မနက်စောစောထသူတွေ နည်းလာတာ၊ ကလေးတွေအနေနဲ့လည်း မနက်စောစော ကျောင်းနဲ့ကျုရှင်ရောက်နေပြီး၊ ကျောင်းမသွားလျှင်လည်း မနက်ပိုင်း နောက်ကျမှ အိပ်ရာထကာ၊ ကျောင်းဆင်းချိန်မှာလည်း ကျူရှင်နဲ့သင်တန်းတွေ တက်ရပြီး အပြင်မှာ ကစားချိန်မရှိတာ၊ လူအများအနေနဲ့ အပြင်ထွက် လမ်းသွားရာမှာလည်း နေရောင်ခြည်အောက် လမ်းမလျှောက်ကြတော့ဘဲ၊ အနီးအနားကိုတောင် ဘတ်စကားနဲ့ Taxi အငှားကား စီးသွားတာတွေကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် လယ်သမားတွေအနေနဲ့လည်း အရင်လို နေပူထဲ ကျောပြောင်ပြောင်နဲ့ လယ်ထဲထွက်တာ မဟုတ်တော့ဘဲ၊ လက်ရှည်အင်္ကျီတွေ ဝတ်လာတာ၊ ထော်လာဂျီတက်မောင်းတာ၊ ဦးထုပ်ဆောင်းလာတွေကြောင့် နေရောင်ခြည်ရတာနည်းပြီး ဒီဓာတ်ချို့တာ ဖြစ်နိုင်ပါတယ်။ အသက်ကြီးလွန်းငယ်လွန်းပြီး အပြင်ထွက် သိပ်အလုပ်မလုပ်သူတွေမှာလည်း နေရောင်ခြည်ရတာ နည်းတာကြောင့်၊ ဒီဓာတ်ချို့တဲ့တာ အဖြစ်များနိုင်ပါတယ်။

ဒါ့အပြင် ဗီတာမင်ဒီဓာတ်က ဈေးပေါပြီး အများစားလေ့ရှိတဲ့ ဟင်းသီးဟင်းရွက်တွေမှာ မပါဘဲ၊ ဈေးကြီးလေ့ရှိပြီး အစားနည်းတတ်တဲ့ အစားအသောက်တွေဖြစ်တဲ့ တိရစ္ဆာန် အသည်း၊ နှလုံး၊ ငါး၊ ဥ၊ နို့နဲ့ နို့ထွက်ပစ္စည်း (ဒိန်ခဲ၊ ထောပတ်) စတာတွေမှာ ပါနေတာကြောင့်လည်း ချို့တဲ့မူများလာတာ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ဗီတာမင်ဒီ အဓိကပါတဲ့နို့ကို မြန်မာနိုင်ငံမှာ နေ့စဉ်ပုံမှန်သောက်သူ မရှိသလောက်ကို ရှားနေပါတယ်။ ဗီတာမင်ဒီဓာတ်ပါတဲ့ အစားအသောက်တွေကို မစားသောက်နိုင်တဲ့ ငွေကြေးချို့တဲ့သူတွေမှာလည်း ဒီဓာတ် ချို့တဲ့တာ အဖြစ်များနိုင်ပါတယ်။

ဒီကျန်းမာရေးဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က အရိုး၊ အကြော၊ အဆစ် အထူးကုနဲ့ ဆေးတက္ကသိုလ် (၁) အရိုး၊ အကြော၊ အဆစ် ဆေးပညာဌာန၊ ပါမောက္ခဌာနမှူး ဒေါက်တာချစ်စိုး ကို ဆက်သွယ်မးမြန်းတင်ပြထားပါတယ်။

== Unicode ==







XS
SM
MD
LG