တီဘီရောဂါ အဆုံးသတ်နိုင်ရေး နိုင်ငံတကာ သင်ခန်းစာတွေနဲ့ စုပေါင်းလမ်းညွှန်ကြေညာချက်တွေ နောက်ထပ်ရှိလာနေပြီလို့ ကျန်းမာရေး ပညာရှင်တွေက ထောက်ပြပြောဆိုနေပါတယ်။
အာဖရိကတိုက်တွင်းရှိ အီသီယိုပီးယားနိုင်ငံနဲ့ တန်ဇန်းနီးယားနိုင်ငံတွေမှာ တီဘီအပြင် တခြားရောဂါကြီးတွေကိုပါ တွဲရှာနိုင်တဲ့ နောက်ဆုံးပေါ်နည်းကို သုံးနိုင်နေပါပြီ။ ဒီရောဂါမျိုးစုံကိုအဆင့်မြင့် မော်လီကျုလာနည်းသုံး ဆေးစစ်ချက် (Multiple Diseases Molecular Testing) နဲ့ တီဘီပိုး HIV ကိုယ်ခံအားကျ ရောဂါပိုးနဲ့ အသည်းရောင်အသားဝါစီပိုး စတာအားလုံးကို တပါတည်း စောစောသိအောင် ကြိုတင်စစ်ဆေးနိုင်နေပါပြီ။ အခုလို စောစောသိနိုင်ပြီး၊ ချက်ချင်းထိရောက်တဲ့ ဆေးတွေနဲ့ စောစော ကုသပေးနိုင်တာကြောင့်၊ ဆက်ကူးစက်မူနည်းကာ တီဘီဖြစ်နှုန်းလည်း ဒီနိုင်ငံတွေမှာ အထူးကျဆင်းသွားပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံမှာလည်း နောက်ဆုံးပေါ် ကလေး တီဘီစစ်နည်းသစ်နဲ့ မော်လီကျုလာနည်းသုံး ဆေးစစ်ပစ္စည်းသစ်ကို တီထွင်လိုက်ပါတယ်။ ဒိမတိုင်ခင်တုံးက သလိပ်မှာသာ တီဘီပိုးကို စစ်ဆေးရှာနိုင်ခဲ့ပြီး နောက်ပိုင်းမှာ ခါးရိုးဆစ်အရည်ဖောက်ပြီး စစ်ဆေးရှာဖွေနိုင်ခဲ့ပေမဲ့၊ ထိရောက်မှုနည်းချိန် အခုလို နည်းပညာသစ်တွေ ပေါ်လာတာပါ။ အခုဆိုရင် ကလေးတွေရဲ့ မစင်ကနေလည်း တီဘီပိုးကို ရှာနိုင်တဲနည်းသစ်နဲ့ Molbio ကုမ္ပဏီထုတ် မော်လီကျုလာနည်းသုံး Truenat စမ်းသပ်ပစ္စည်းကို သုံးလာနိုင်တာကြောင့် တီဘီ စစ်ဆေးရှာဖွေကုသမှုတွေ ပိုထိရောက်လာခဲ့ပါတယ်။
အာဖရိကရှိ ဂမ်ဘီယာနဲ့ ဇင်ဘာဘွေနိုင်ငံတွေမှာလည်း ဗဟိုကနေ အောက်ခြေကို လုပ်ပိုင်ခွင့်ပိုပေးတဲ့ ရောဂါဆုံးဖြတ်နည်းသစ်က ပိုထိရောက်ခဲ့ပါတယ်။ အရင်ကတော့ ခရိုင်၊ မြို့ကြီး၊ မြို့နယ် ဆေးရုံတွေမှာသာ အဆင့်မြင့် ဓာတ်ခွဲခန်းနဲ့ ဓာတ်မှန်အပါအဝင် ဆေးစစ်ကရိယာတွေကို ဗဟိုချုပ်ကိုင်မှုနဲ့ သုံးပြီး ရောဂါဆုံးဖြတ်ခဲ့တာကနေ၊ နောက်ပိုင်းမှာ ကျေးလက်ကျန်းမာရေးဆေးပေးခန်း (Rural Health Clinics - RHC) တွေအထိ ကျန်းမာရေးနဲ့ ဓာတ်ခွဲဝန်ထမ်းတွေကို လေ့ကျင့်သင်တန်းပေးပြီး လွှတ်ကာ၊ လုပ်ပိုင်ခွင့်တွေ ပေးလာပြီး၊ လိုအပ်လျှင် ဆိုလာစနစ်သုံးတာ၊ ဓာတ်မှန်ကို Email ပို့ပြီး အကြံတောင်းခွင့်ရှိတာကြောင့် တီဘီရှာဖွေကုသမူ ပိုအောင်မြင်ခဲ့ပါတယ်။ ဆေးယဉ်ပါး တီဘီပိုးကိုလည်း အလားတူ ဒီအောက်ခြေမှာ ရှာနိုင်လာပါပြီ။
ဒါ့အပြင် ၂၀၃၀ ခုနှစ်မှာ တီဘီ အဆုံးသတ်နိုင်ရေး အရှိန်မြှင့်ဆက်လုပ်ဖို့ GOA ကြေညာချက်ကို လမ်းညွှန်အဖြစ် ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက်ထဲ နည်းပညာသစ်တွေကို တွင်တွင်ကျယ်ကျယ် ချဲ့ထွင်သုံးဖို့၊ မော်လီကျုလာ နည်းပညာသစ်နဲ့ ကလေးတီဘီပိုးကို မစင်မှာရှာတဲ့ နည်းသစ်တွေကို အစားထိုးပိုသုံးဖို့၊ ပြည်သူတွေ အိမ်အရောက် စစ်ဆေးရှာဖွေနိုင်ဖို့၊ တီဘီဝန်ထုတ်ဝန်ပိုး ဖြစ်နိုင်ငံတွေမှာ ရောဂါလက္ခဏာမပြပေမဲ့၊ လူတိုင်းကို ဆေးစစ်ပြီး၊ ပိုးတွေ့တာနဲ့ ဆင်းရဲချမ်းသာမရွေး ချက်ချင်းကုသပေးဖို့၊ တီဘီလူနာနဲ့ ပြည်သူတွေရဲ့ တုံ့ပြန်သံကို ရယူနားထောင်ပေးဖို့၊ တခြားရောဂါစီမံချက် - HIV / AIDS နဲ့ အသည်းရောင်အသားဝါစီပိုး ကုသရေး၊ ဆေးလိပ်၊ ဆေးရွက်ကြီးနဲ့ မူးယစ်ဆေးအန္တရာယ် လျှော့ချရေးနဲ့ အာဟာရဓာတ်လုပ်ငန်း ဖွံဖြိုးရေးတွေနဲ့ အရှိန်မြင့် ချိတ်ဆက်လုပ်ဆောင်ဖို့တွေ ပါဝင်ပါတယ်။
ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက Health Digest ကျန်းမာရေးနှင့်ဆေးပညာဂျာနယ် အငြိမ်းစားအယ်ဒီတာချုပ်နဲ့ ပြည်သူ့ကျန်းမာရေးဖေါင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်မောင်ထွေး (ခေါ်) ဒေါက်ထွေး (ဆေး/မန်း) ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
Forum