ကမ္ဘာမှာ သန်းချီ လူသေဆုံးမှု ပြင်းထန်စေခဲ့တဲ့ ရောဂါကြီးတွေမျိုး မဖြစ်ရအောင် တီဘီရောဂါ ကူးစက်နေမှုကို ကာကွယ်ဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးတိုက်တွန်းနေပါတယ်။ ဒီအတွက် တီဘီရောဂါ မဖြစ်အောင် ကာကွယ်ရေး၊ ကြိုတင်ရှာဖွေစစ်ဆေးရေးနဲ့ ပျောက်ကင်းတဲ့အထိ ကုသပေးရေးတွေ လိုပါတယ်။
တီဘီရောဂါ မဖြစ်အောင် ကာကွယ်ရေးမှာ တီဘီကာကွယ်ဆေး (BCG) ကို ကလေးမွေးစဘဝမှာ ဆက်ထိုးပေးသင့်ပါတယ်။ ဒီကာကွယ်ဆေးက တီဘီ လုံးဝမဖြစ်အောင် မကာကွယ်နိုင်ပေမဲ့၊ ကလေးဘဝမှာ အဆုပ်တီဘီ မဖြစ်အောင်နဲ့ အားလုံးအတွက် ဦးနှောက်အမြှေးပါး တီဘီအဆင့်အဖြစ် နည်းစေကာ အသက်အန္တရာယ်ရှိတဲ့အထိ မဖြစ်အောင်တော့ ကာကွယ်ပေးနိုင်ပါတယ်။ ဒီကာကွယ်ဆေးမထိုးခဲ့လျှင်တော့ ခုခံအားနည်းတဲ့ ကလေးဘဝမှာ တီဘီ ဖြစ်ဖို့များပြီး ပြင်းထန်နိုင်ကာ တာရှည်ဆေးကုရလည်း ခက်ပါတယ်။ ပိုအစွမ်းထက်မဲ့ တီဘီကာကွယ်ဆေးရဖို့ကိုလည်း ကြိုးပမ်းဖော်ထုတ်နေပါတယ်။
တီဘီရောဂါဟာ အရင်က ကူးစက်သေဆုံးမှု ပြင်းထန်ခဲ့တဲ့ ပလိပ်ရောဂါမျိုး မဖြစ်ရအောင်၊ ကွင်းဆင်းရှာဖွေစစ်ဆေး ကုသမှုတွေ လုပ်ဖို့လည်း လိုပါတယ်။ တီဘီဖြစ်မှန်းမသိဘဲ မကြာခင် တကယ့် တီဘီ (Active TB) ဖြစ်လာကာ တခြားလူတွေကို ကူးစက်တော့မဲ့ ငုပ်လျှိုးတီဘီ (Latent TB) ကို ကြိုတင်ရှာဖွေစစ်ဆေးဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ လူထုအဖွဲ့အစည်းတွေနဲ့ တီဘီဖြစ်နေလူတွေဘက်က ပူးပေါင်းဆောင်ရွက် အစစ်ခံမူ နည်းနေတာကြောင့် အာရှနဲ့ အာဖရိကမှာ ငုပ်လျှိုးတီဘီဖြစ်သူအားလုံး မဖော်ထုတ် မကုသပေးနိုင်ဘဲ တကယ့်တီဘီဆက်ဖြစ်ပြီး၊ ကူးစက်မူတွေ ဆက်များနေပါသေးတယ်။
အခုလို ငုပ်လျှိုးတီဘီ ကြိုတင်ရှာဖွေဖို့ နောက်ဆုံးခေတ်ပေါ် နည်းပညာတွေ အားကောင်းလာတာကို အသုံးပြုနိုင်ဖို့လည်း အရေးကြီးလာပါပြီ။ ငုပ်လျှိုးတီဘီ ဖြစ်သူတွေကို ကွင်းဆင်းရှာဖွေတာမှာ အရင်ခေတ်ကလို ဓာတ်မှန်စက်ကြီးတွေ သယ်သွားစရာမလိုတော့ဘဲ၊ ခရီးဆောင်အပေါ့စား ဓတ်မှန်စက်လေးတွေကို အသုံးပြုနိုင်ပါပြီ။ ဒါ့အပြင် သလိပ်နဲ့သွေးကိုလည်း အရင် အစွမ်းနည်းတဲ့ နည်းဟောင်းတွေနဲ့ စစ်စရာ မလိုတော့ဘဲ၊ ခေတ်မီ မျိုးရိုးဗီဇနည်းနဲ့ စစ်နိုင်ပြီမို့ ပိုထိရောက်အောင် ရှာဖွေလာနိုင်ပါပြီ။ တချိန်ထဲမှာ တီဘီပိုးတွေ့သူတွေကို ပျောက်တဲ့အထိ ကုပေးဖို့တော့ လိုပါသေးတယ်။
ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက Health Digest ကျန်းမာရေးနှင့်ဆေးပညာဂျာနယ် အငြိမ်းစားအယ်ဒီတာချုပ်နဲ့ ပြည်သူ့ကျန်းမာရေး ဖေါင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်မောင်ထွေး (ခေါ်) ဒေါက်ထွေး (ဆေး/မန်း) ကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါတယ်။
Forum