သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာကွယ်ဆေး မလွတ်တမ်း ခံယူရေး


ကာကွယ်ဆေး လူတိုင်းထိုးသင့်ကြောင်း ဆေးထိုးမှုခံယူပြီး မြန်မာဆရာဝန်တိုက်တွန်း
ကာကွယ်ဆေး လူတိုင်းထိုးသင့်ကြောင်း ဆေးထိုးမှုခံယူပြီး မြန်မာဆရာဝန်တိုက်တွန်း

ပြင်းထန်တဲ့ ရောဂါတွေအတွက် ကာကွယ်ဆေးမျိုးစုံရှိရာမှာ မွေးရာမှာထိုးတဲ့ BCG (တီဘီရောဂါကာကွယ်ဆေး)၊ ဆုံဆို့ကြက်ညှာ မေးခိုင်၊ ပိုလီယို အကြောသေရောဂါ၊ H. Influenzae ဦးနှောက်အမြှေးရောင် အဆုပ်အအေးမိရောဂါ၊ ပြင်းထန်အဆုပ်အအေးမိရောဂါ (PCV) ကာကွယ်ဆေးတွေ၊၊ ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်စေတဲ့ ရိုတာဗိုင်းရပ် ကာကွယ်ဆေးတိုက်ဆေး၊ ဝက်သက်နဲ့ ဂျိုက်သိုး ကာကွယ်ဆေးနဲ့ အသက်နည်းနည်းကြီးလာတဲ့ မိန်းကလေးငယ်တွေအတွက် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) စတာတွေကို မြန်မာနိုင်ငံမှာ အခမဲ့ ထိုးပေးနေပါတယ်။

ဒါ့အပြင် တခြားကာကွယ်ဆေး ရှိပြီးသား ရောဂါကြီးတချို့ဖြစ်တဲ့ ရာသီတုပ်ကွေး၊ ရေကျောက်၊ အသည်းရောင် (A ပိုး)၊ တိုက်ဖွိုက် (အူယောင်ငန်းဖျား) ကူးစက်မြန် ဦးနှောက်အမြှေးရောင်၊ ပါးချိပ်ရောင် စတာတွေအတွက်တော့ ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေမှာ အခကြေးငွေပေးပြီး ထိုးနိုင်ပါတယ်။

ဒီကာကွယ်ဆေးတွေ ခံယူဖို့ကို တချို့ကတော့ ဆိုးကျိုးအပြစ်ရှိမှာ စိုးရိမ်ပြီး နောက်တွန့်နေတတ်ပေမဲ့၊ ဒီဆိုးကျိုးက မရှိသလောက်ကို နည်းလွန်းပါတယ်။ အရင်တစ်ခေါက် ပြောခဲ့သလိုပဲ၊ အများဆုံး ဖြစ်တဲ့ အပြစ်ကထိုးတဲ့နေရာ အနည်းငယ် နာတာ၊ ရောင်တာ၊ တခါတလေ အနည်းငယ် ဖျားတာနဲ့ ဖြစ်တောင့်ဖြစ်ခဲ့တဲ့ ဓာတ်မတဲ့တာအပြင် နောက်တခု ရှိပါတယ်။ ဒါကတော့ ပိုလီယိုကာကွယ်ဆေး သောက်ရာကနေ ရှားရှားပါးပါးသာဖြစ်တဲ့ ပိုလီယိုရောဂါပါ။

ဒီကာကွယ်ဆေး သောက်ဆေးမှာပါတဲ့ ပိုလီယိုပိုးအပျော့က ရှားရှားပါးပါး ပြောင်းသွားပြီး ရောဂါပုံစံမျိုး ဖြစ်လာစေတာပါ။ ဒါကိုလည်း နိုင်ငံတကာမှာရော မြန်မာနိုင်ငံမှာပါ အနီးကပ် စောင့်ကြည့်ခဲ့ရာမှာ၊ အခုအချိန်ထိ တခါတရံမှသာ တွေ့ခဲ့ရပြီး၊ စုစုပေါင်း ဖြစ်တဲ့သူကလည်း ရာဂဏန်းမပြည့်သေးတာမို့ အထူး စိုးရိမ်စရာတော့ မလိုပါဘူး။

ဒါပေမဲ့ ကာကွယ်ဆေး အကျိုးကတော့ များလွန်းပါတယ်။ ကာကွယ်ဆေး မထိုးထားလျှင်တော့ ရောဂါ အများကြီးကို ပြင်းပြင်းထန်ထန် ခံစားရမှာပါ။ ဥပမာ အရင် ဝက်သက်ကာကွယ်ဆေး ထိထိရောက်ရောက်မရခင် လူတိုင်းနီးပါး ဝက်သက်ပေါက်ခဲ့ကြပြီး၊ မြန်မာမှာလည်း ၁၉၈၅-၈၆ ခုနှစ်တွေတုံးက ဝက်သက် အဆုပ်ရာင် ဦးနှောက်ရောင်တွေနဲ့ နောက်ကျ ဆေးရုံရောက်ပြီး အများအပြား သေဆုံးခဲ့ရတာတွေရှိခဲ့ပေမဲ့၊ အခုတော့ သေဆုံးတာ မတွေ့ရတော့ပါဘူး။

ဒါပေမဲ့ ဝက်သက် ပြန်ဖြစ်တာတော့ ရှိနေပါသေးတယ်။ အကြောင်းက ဝက်သက်အတွက် အများစု ခုခံအား ၃ နှစ်တစ်ခါ လျော့သွားတတ်လို့ပါ။ ဒါ့အပြင် ပိုလီယို အကြောသေရောဂါအတွက်လည်း ကာကွယ်ဆေးမရထားလျှင် ရောဂါပြင်းနိုင်ပြီး တသက်လုံးကို ခံစားသွားရနိုင်ပါတယ်။ လက်ရှိမှာလည်း ကိုဗစ်ကြောင့် ကာကွယ်ဆေးမရခင်၊ အရင် သေဆုံးမှု များလွန်းခဲ့ပေမဲ့၊ အခုတော့ တစုံတရာ လျော့ကျလာပြီး ထိန်းချုပ်နိုင်တဲ့အနေအထားမျိုး ဖြစ်လာနေပါတယ်။

တကယ်တော့ ကာကွယ်ဆေးက ရောဂါတိုင်းအတွက် မရှိသေးတာမို့ ရှိထားတာတွေကို ထိုးသင့်ရာမှာ၊ အများစုက ထီပေါက်သလို အခမဲ့ ရထားတာကို လက်မလွှတ်သင့်ပါဘူး။ ဥပမာ တခြားပြင်းထန်တဲ့ ရောဂါတွေဖြစ်တဲ့ သွေးလွန်တုတ်ကွေး၊ ငှက်ဖျား၊ HIV (ကိုယ်ခံအားနည်းရောဂါ) စတာတွေအတွက် ကာကွယ်ဆေး မပေါ်သေးပါဘူး။ ဒါကြောင့် ကာကွယ်ဆေး ရထားပြီးသား အထက်ပါရောဂါတွေကနေ ဖြစ်နှုန်း သေနှုန်းနည်းအောင် လုပ်ပေးနိုင်တဲ့ ကာကွယ်ဆေးတွေကို အဆုံးအရှုံးမခံပဲ ရအောင် ထိုးဖို့ အရေးကြီးတာပါ။ အထူးသဖြင့် မွေးကထဲက ထီပေါက်သလို ရထားတဲ့ (အပြင်မှာထိုးလျှင် ၁၀ သိန်းကျပ်ကုန်ကျတဲ့ ကာကွယ်ဆေးတွေ) အခမဲ့ ထိုးပေးတိုက်ပေးနေတဲ့ ကာကွယ်ဆေး ၁၃ မျိုးကို လက်မလွတ်တမ်း ထိုးဖို့၊ မိဘတွေက ဝိုင်းကြိုးပမ်းပေးသင့်ပါတယ်။

ဒီကာကွယ်ဆေးအများစု ခံယူရမဲ့ အချိန်တွေကတော့၊ မွေးစနဲ့ နောက်ပိုင်း ၂ လ၊ ၄ လ၊ ၆လ၊ ၉လ၊ တနှစ်၊ တနှစ်ခွဲ၊ ၉ နှစ် ၁၀ နှစ်တွေမှာပါ။ ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်တွေကိုလည်း မေးခိုင်ကာကွယ်ဆေး အခမဲ့ ထိုးပေးပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း နှစ်စဉ် ရာသီတုတ်ကွေးကာကွယ်ဆေးတွေ တခါတရံ ထိုးပေးခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကလည်း အများပြည်သူ ကာကွယ်ဆေးရဖို့ ကြိုးပမ်းပေးသင့်သလို၊ နိုင်ငံမှာလည်း ငြိမ်းချမ်းတည်ငြိမ်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းကာ အားလုံး အပြည့်ရရေး ဝိုင်းကြိုးစားပေးဖို့ လိုပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက ကာကွယ်ဆေးဆိုင်ရာ ကျွမ်းကျင်သူ၊ ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ ပညာဌာန (အငြိမ်းစား) ဌာနမှူး၊ ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG