အမျိုးသမီးတွေမှာ ခန္ဓာကိုယ်ဖြစ်စဉ်အရ အမျိုးသားတွေထက် အရက်ဒဏ်ကို ပိုခံရနိုင်ပြီး၊ ရင်သားကင်ဆာ အန္တရာယ်ပိုကြီးမားတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုပါတယ်။ အမျိုးသမီးတွေမှာ အမျိုးသားထက် အရက်နဲ့ ပတ်သက်ပြီး ချေဖျက်နိုင်ဖို့ အင်ဇိုင်း အထုတ်နည်းတာ၊ ကိုယ်ခန္ဓာပိုငယ်တတ်တာနဲ့ အမျိုးသမီးဟော်မုန်း ထိခိုက်နိုင်တာတွေကြောင့် အရက်ဒဏ်ကို ပိုခံရတာပါ။ ကိုယ်ခန္ဓာထဲ ဝင်လာတဲ့ အရက်ကို ချေဖျက်ဖို့ အသည်းကနေ ထုတ်ပေးရတဲ့ အင်ဇိုင်းပမာဏက အမျိုးသမီးတွေမှာ သဘာဝအရ အမျိုးသားထက် အထွက်နည်းတာကြောင့် ပိုမူးပြီး၊ အရက်ရဲ့ ဆိုးကျိုးကိုလည်း ပိုခံစားရနိုင်ပါတယ်။
ဒါ့အပြင် အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာအရွယ်အစားကလည်း အမျိုးသားတွေထက် ယေဘူယျအားဖြင့် ပိုသေးငယ်တတ်တာကြောင့် အရက်ပမာဏ အတူတူသောက်ပေမဲ့၊ ပြင်းထန်မှုကို မျှဝေလျော့ချနိုင်တဲ့ ရေဓာတ်ပမာဏ နည်းတာမို့ ပိုခံစားထိခိုက်စေနိုင်တာပါ။ ခန္ဓာကိုယ်ရဲ့ ရေဓာတ်က အဓိက ကြွက်သားတွေမှာ သိမ်းဆည်းထားတာဖြစ်ပြီး၊ အဆီမှာ မသိမ်းနိုင်တာမို့ အဆီများတာက အရက်ကို မဖျော့ပေးနိုင်ပါဘူး။ ဒါ့အပြင် အရက်က အမျိုးသမီး ဟော်မုန်း (Estrogen) ချေဖျက်မှုကို အနှောက်အယှက် ပေးတာကြောင့် ဒီဟော်မုန်းပိုများလာပြီး ရင်သားကင်ဆာ ပိုဖြစ်စေနိုင်တာပါ။ ဒါကြောင့် အနောက်နိုင်ငံတွေမှာ ခေတ်မီတဲ့ အမျိုးသမီးတွေ အရက်လျှော့သောက်တာ၊ အရက်ဖြတ်တာတွေ ပိုလုပ်လာနေပါတယ်။
ဒါ့အပြင် အရက်ကြောင့် အရေပြား ချောမွေ့လှပမှုကို ထိခိုက်စေတဲ့ အရေပြားအစင်းကြောင်း ပိုဖြစ်စေနိုင်တာနဲ့ ကင်ဆာသတိပြုစရာတွေ တွေ့ထားပါတယ်။ အရက်ကြောင့် ကိုယ်ခန္ဓာက ဆဲလ်တွေကို ပြန်ပြင်တဲ့လုပ်ငန်းစဉ် (DNA Repair Mechanism) ကို ထိခိုက်စေပြီး ခန္ဓာကိုယ်ရဲ့အင်္ဂါတိုင်းမှာ ကင်ဆာဖြစ်စေတဲ့ မလိုအပ်တဲ့ ဆဲလ်တွေ ပိုပွားတာဖြစ်စေနိုင်သလို၊ အမြဲပြန်ပြင်နေရတဲ့ အရေပြားမှာလည်း အလားတူ ဖြစ်စေပါတယ်။ အရေပြားမှာ တင်းနေအောင် ဆဲလ်တွေကို ပြန်ပြင်ပေးရတဲ့လုပ်ငန်းစဉ်က အရောက်ကြောင့် ထိခိုက်သွားပြီး၊ အရေပြားကျုံ့ကာ၊ တွန့်ပြီး၊ အစင်းအကြောင်းဖြစ်လာရတာပါ။
ဒါ့အပြင် အရေပြားအနေနဲ့ နေရောင်ခြည်ဒဏ်ကနေ အကာအကွယ်ပေးပြီး အရေပြားကင်ဆာ မဖြစ်အောင် ထိန်းပေးတာကိုလည်း၊ အရက်က ထိခိုက်စေနိုင်ကာ၊ အရေပြားကင်ဆာ ပိုဖြစ်စေနိုင်ပါတယ်။ တကယ်တော့ အရက်မှာကိုက ကင်ဆာဖြစ်စေနိုင်တဲ့ဓာတ် (Carcinogen) ပါနေပြီးသားမို့ ကင်ဆာမဖြစ်အောင် ကာကွယ်ပေးတဲ့ ဒီဆဲလ်ပြန်ပြင်တာအပါအဝင် ပုံမှန်လုပ်ငန်းစဉ်ကို ထိခိုက်စေကာ ကင်ဆာမျိုးစုံ (အသည်း၊ လည်ချောင်း၊ အစာပြွန်၊ အစာအိမ်၊ ရင်သား စတာ) ပိုဖြစ်စေနိုင်တာပါ။ တချိန်ထဲမှာ အရက်ကြောင့် အစားအသောက်ပျက်ပြီး၊ ကင်ဆာကာကွယ်ဖို့ လိုအပ်တဲ့ အာဟာရတွေဆုံးရှုံးကာ ကင်ဆာ ပိုဖြစ်စေနိုင်ပါသေးတယ်။ ဒါကြောင့် နုပျိုလှပရေးနဲ့ ကင်ဆာဘေးဝေးရေးအတွက် အရက်ကို ဖြစ်နိုင်လျှင် အစထဲက ရှောင်ပြီး၊ ရှောင်ရခက်နေသေးလျှင်တော့ လျော့သောက်သင့်ပါတယ်။
ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Kaiser Santa Clara (ကိုင်ဇာ စန်တာကလျာ) အထွေထွေဆေးရုံကြီးက၊ သက်ကြီးရောဂါ အထူးကုသမားတော်ကြီး ဒေါက်တာ မျိုးမင်းအောင် ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။