သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပူလှိုင်းဒဏ်ကြောင့် လူအသေအပျောက်များ


မြန်မာနိုင်ငံမှာ အပူချိန်အဆမတန် မြင့်မားမှုကြောင့် သောက်ရေပြတ်လပ်မှု အပြင် အခု အပူရှိန်ကြောင့် သေဆုံးတာတွေလည်း တိုးလာတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ အသက်အရွယ်ကြီးသူတွေနဲ့ အလုပ်ကြမ်းလုပ်သူတွေ အသေအပျောက်များတယ်လို့ ပြောကြပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ် မေးမြန်းပြီး တင်ပြထားပါတယ်။

မိုးမရွာပဲ လနဲ့ချီကြာ အပူချိန် အဆမတန်မြင့်မားမှုကြောင့် ကျန်းမာရေးအရ သတိပေးချက်တွေ ထုတ်ပြန်ထားတဲ့ကြားက အပူကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိနေတာပါ။ အများစုကတော့ အပူချိန်ဒဏ်မခံနိုင်တဲ့ သက်ကြီးပိုင်းတွေ ဖြစ်ပေမဲ့ လူလတ်ပိုင်းတွေ လူငယ်ပိုင်း တွေလည်း ဦးနှောက်သွေးကြောပေါက်ပြီး ရုတ်တရက် သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။ ရန်ကုန်မှာ နာရေး အကူအညီတွေပေးနေတဲ့ နာရေးကူညီမှုအသင်းက ကိုကျော်သူက အခု ရက်ပိုင်း အတွင်း သူတို့ကူညီရတဲ့နာရေးတွေ ပိုများလာတယ်လို့ ပြောပါတယ်။

“အခြေအနေက တော်တော်များတယ်၊ များတယ်ဆိုတာ အရင်တုန်းကဆိုရင် ကျနော်တို့ ပုံမှန် ခါတိုင်း ဒီ့ပြင်နှစ်တွေ၊ ဒီ့ပြင်ရာသီတွေဆိုရင် ၄၀ နဲ့ ၄၅ လောက် ရှိတယ်။ အခုကျတော့ ၅၀ ကျော်ပြီးတော့ အခု ၇၀ လောက် ကျနော်တို့ အကူအညီပေးနေရတယ်။ တနေ့တနေ့ သေဆုံးတဲ့သူ အယောက် ၇၀ ကျော် လုပ်ပေးနေရတယ်။ ကျနော်တို့ ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေ တချို့ ဆိုရင် ည ၈ နာရီ လောက်မှ အိမ်ပြန်ရတာတွေဖြစ်နေတယ်။”

အပူကြောင့် သေဆုံးတဲ့လူများတယ်ဆိုတာ ဘယ်လိုရောဂါမျိုး၊ ဘယ်လိုပုံစံမျိုး တွေနဲ့ သေဆုံးတာများလဲ ခင်ဗျ၊ အစ်ကိုတို့ တွေ့ရသလောက်။


“ကျနော်တို့မြင်တာကတော့ ရာသီဥတုပူတယ်၊ ပူတော့ ကျနော်တို့တောင် နေရထိုင်ရတာ တော်တော်လေး ဒုက္ခရောက်တယ်။ အထူးသဖြင့် မီးမလာတော့ ပိုပြီးဆိုးတာပေါ့။ ပန်ကာတို့ အဲကွန်းတို့လဲ ဖွင့်မရ၊ တက္ကဆီမောင်း ကားဆရာ တွေဆိုရင် ကားမောင်းရင်းနဲ့ ဆုံးသွားတာတွေ ရှိတယ်။ တချို့ ဆိုက်ကားဆရာ တွေလဲ ဒီတိုင်းပဲ။ ဒီ အပူထဲမှာသွားရင်းနဲ့ နေပူတော့ မျက်နှာသုတ်ပုဝါကို ရေဆွတ်ပြီးတော့ လည်ပင်းမှာ အုပ်ပြီး မောင်းတယ်၊ အဲဒါနဲ့တင် ဦးနှောက်ကြော ပြတ်တာတို့ ဘာတို့ ချက်ခြင်း ဆုံးကုန်တာတွေရှိတယ်။ နောက် လူကြီးပိုင်းတွေ ဆုံးတာတွေ များတယ်။ များတာတော့ အားလုံး မျှနေတာပါပဲ။ လူကြီးပိုင်းလည်း ဆုံးတယ်၊ လူငယ်ပိုင်းလည်း ဆုံးတာများတယ်။

“ပန်းချီသန်းမြင့်အောင်ဆိုရင် ပြီးခဲ့တဲ့လက မော်လမြိုင်ဘက်က လိုဏ်ဂူတွေမှာ သွားပြီးတော့ Field ဆင်းပြီးတော့ ပန်းချီတွေဆွဲလာတယ်၊ ဆွဲလာပြီးတော့ ပြန်လာတာနဲ့ အဲဒီမှာ ဖျားတာပဲ။ ဖျားပြီး အပူရှိန်တက်ပြီးတော့ အသက်ပါ ပါသွားတဲ့ သဘောမျိုးတွေ။”

ရာသီဥတုရော အခြေအနေ၊ အစ်ကို ဘယ်လိုရှိလဲ၊ နည်းနည်းသက်သာလား၊ ဒီနေ့။

“မသက်သာဘူး တော်တော်လေးကို ပူတယ်။ မနက်ကဆို ကျနော်တို့ ပဲခူးဘက် သွားတာ။ ပဲခူးဘက်က ရေဘေးဒုက္ခသည်တွေက သောက်ရေ သုံးရေမရှိလို့ အဲဒါလည်း သွားလုပ်ရသေးတယ်။”

မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းနဲ့မကွေးတိုင်းတို့အတွင်းမှာ အပူချိန် လွန်ကဲမှုကြောင့် ဖျားနာ မူးေ၀ မောပန်းပြီး ဆေးရုံ ရောက်လာ တဲ့ လူနာတွေ ရှိသလို၊ အပူချိန်လွန်ကဲမှုကြောင့် အဲဒီလူနာတွေထဲက ၇ ဦးသေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကတော့ ဒီကနေ့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အပူဒဏ် ကာကွယ်ရေးနှိုးဆော်ချက်တွေကိုလည်း အစိုးရမီဒီယာတွေမှာ သတိပေး ဖော်ပြထားပါတယ်။
ရန်ကုန်မြို့မှာ အပူကြောင့် အသက်ဆုံးရှုံးတာတွေရှိသလို ရန်ကုန်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ပဲခူးတိုင်းအတွင်းမှာလည်း ဝမ်းပျက် ဝမ်းလျှော ရောဂါ အပါအဝင် နာမကျန်းဖြစ်ပြီး အသက်ဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ ပဲခူးမြို့ခံ ဆရာဝန် တယောက်ကလည်း ပြောပါတယ်။

XS
SM
MD
LG