သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပူချိန်ပြင်းထန်မှု မြန်မာ့လယ်ယာ စိုက်ပျိုးရေးထိခိုက်နိုင်


ဒီနှစ်နွေရာသီ မေလမှာ မြန်မာပြည်အလယ်ပိုင်းနဲ့ အောက်ပိုင်းဒေသတွေက ပျှမ်းမျှအပူချိန်ဟာ (၆) ဒီဂရီ စင်တီဂရိတ်ကနေ (၈) ဒီဂရီ စင်တီဂရိတ်အထိ ပိုခဲ့တယ်လို့ တနင်္လာနေ့ထုတ် မိုးလေဝသတင်းမှာ ဖော်ပြထားပါတယ်။ အခုလို ပူပြင်းမှု ပိုလာတဲ့အပြင် မြေအောက်ရေခမ်းခြောက်မှုပါ ကြုံနေရတာမို့ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍကိုပါ ထိခိုက်လာနိုင်တယ်လို့ စိုက်ပျိုးရေးပညာရှင်တွေက တွက်ဆကြပါတယ်။

မြန်မာနိုင်ငံရဲ့ စပါးကျီဖြစ်တဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ အဓိက စပါးစိုက်တဲ့နေရာဟာ လွန်ခဲ့တဲ့ နှစ်နှစ်က နာဂစ်ဆိုင်ကလုံး ဒဏ်ခံခဲ့ရတဲ့အတွက် ရေငံတွေဝင်ပြီး ပျက်စီးမှုတွေ ရှိခဲ့တာမို့ ပြီးခဲ့တဲ့ နှစ်တွေအတွင်း စိုက်ပျိုးမှုတွေကို ထိခိုက်ခဲ့ရပါတယ်။ ဒီနှစ်တခါထပ်ပြီး ပူပြင်းတဲ့ နွေရာသီနဲ့အတူ မိုးနောက်ကျမယ်ဆိုရင် ကြုံလာနိုင်တဲ့ ပြဿနာတွေအတွက် တောင်သူလယ်သမားတွေ အထူးပြင်ဆင်ထားဖို့ လိုအပ်မယ်လို့ စိုက်ပျိုးရေးပညာရှင် ဒေါက်တာ ဆလိုင်းထွန်းသန်းက ပြောပါတယ်။

သူတို့ စပါးပြီးစပါး စိုက်မယ့်သူတွေအတွက်တော့ တော်တော်လေး ကသိကအောက်ဖြစ်လိမ့်မယ်လို့ ကျနော်ထင်တယ်။ ဂုန်လျှော်နဲ့ စပါးနဲ့ အရင်ဦးဆုံး ဂုန်လျှော်စိုက်မယ်၊ ပြီးရင် စပါးစိုက်မယ် ဆိုတဲ့ လူတွေအတွက်လည်းပဲ ဒါ သူတို့ ဒုက္ခရောက်နိုင်တယ်။ နောက်တခုကတော့ အဲသလို စပါးက အစိုက်နောက်ကျသွားလို့ရှိရင် အချိန်မီစိုက်တဲ့ဥစ္စာက မဖြစ်နိုင်လို့ရှိရင် အဲဒါ ဒုက္ခရောက်တတ်တယ်။ ဒီ စပါးတွေ ဘာတွေ စိုက်ပျိုးဖို့ ဆိုလို့ရှိရင်တော့ အဆိုးဆုံးအခြေအနေကိုတော့ သူတို့က ပြင်ဆင်ထားဖို့တော့ လိုမယ်လို့တော့ ကျနော်တော့ ထင်တယ်လေ။ အထူးသဖြင့် ဒီအောက်ပြည်အောက်ရွာက စပါးက မိုးဦး၊ မိုးလယ်၊ မိုးနှောင်း ဒီသုံးခုစလုံးကောင်းပါမှ မိုးဦးက စိုက်ဖို့ ပျိုးဖို့ အချိန်မီတယ်၊ မိုးလယ်ကဆိုလို့ရှိရင် ပင်ပွားတွေ ဘာတွေ ထွက်ဖို့ အချိန်မီတယ်၊ မိုးနှောင်းဆိုလို့ရှိရင် စပါးအသီးကအောင်တယ်၊ အဲဒီ သဘောမျိုးတွေ ဖြစ်တာကိုး။ အခုက ခန့်မှန်းရတေ့ာ အတော်ခက်တာပေါ့။ ဒီ သုံးခုထဲမှာ တခုခု ချော်ရင်တော့ တခုခုတော့ နည်းနည်းလေး ယိုင်သွားတတ်တယ်ဆိုတာ အမှန်ပဲ

အောက်ပြည်အောက်ရွာမှာတင်မကဘဲ ရှမ်းပြည်နယ်က အင်းလေးဒေသမှာပါ ဒီနှစ်အတွင်း ကန်ရေခန်းခြောက်မှုနဲ့ အထူး ကြုံနေရတာမို့ အင်းလေး ဖော်တော်ဦးစေတီတဝိုက် ကုန်းပေါ်နေတာ တွေ့ရပါတယ်။ အင်းလေးက နာမည်ကြီး ကျွန်းမျောစိုက်ခင်းတွေမှာလည်း ထိခိုက်မှုတွေ ရှိနိုင်ပြီး နောင် ဒါမျိုးတွေ မကြုံရအောင် ကန်ပတ်ဝန်းကျင်မှာ အထူးပြုပြင်ဖို့ လိုအပ်တယ်လို့လည်း ထောက်ပြပါတယ်။

ကျွန်းမျောတွေရဲ့ စိုက်ခင်းပျိုးခင်းတွေကတော့ တကယ်လို့ ခန်းခြောက်သွားပေမယ့်လို့ မြေနုကျွန်းတွေပေါ်ဆိုသလိုပဲ သူတို့က ကမ်းစပ်တွေကတော့ ကျန်အုံးမှာပဲ။ စိုက်လို့တော့ ဖြစ်မှာပါ။ အရင်လောက်သာ ကောင်းချင်မှကောင်းမှာပါ။ သို့သော်လည်းပဲ အင်းလေးကန်က မခန်းအောင်က လုပ်ရမယ်ဗျ၊ အင်းလေးကန်ပတ်ပတ်လည်မှာ Watershed ဧရိယာ ရေဝေကုန်းတန်းပေါ့၊ အဲဒီရေဝေကုန်းတန်းမှာ ဆိုလို့ရှိရင် ကန်ထဲကို အနည်တွေ မဝင်အောင်၊ ရေတိုက်စားတဲ့ မြေဆီ မြေနှစ်တွေ မဝင်အောင် အဲလို လုပ်ဖို့လိုတယ်။ အဲဒီမှာ သူ့ရဲ့ ကွန်တိုမျဉ်းအလိုက် ရေတွေကိုစစ်ပီးတော့ ကန်ကိုသွင်းတဲ့ အဲဒီစနစ်ကို လုပ်ရမယ်။ ကွန်တိုမျဉ်းအလိုက်ကို ကျနော်တို့က စည်းရိုးပင်တန်းတွေပေါ့၊ အဲဒါတွေ အဆက်ဆက် တခါတည်းနဲ့ စိုက်လိုက်လို့ရှိရင် ရေက အဆက်ဆက် သူထိန်းသွားမယ်၊ နောက်ပြီးတော့ အင်းလေးထဲကို ဝင်တဲ့ မြောင်းကလေး ချောင်းကလေးတွေ သေးသေးလေးတွေကစပြီးတော့ ကျနော်တို့က ရေကာတာလေးတွေပိတ်ပြီးတော့ လျှံပြီးတော့ စီးနိုင်တဲ့ ဂယ်ပေါက်လေးတွေ ကျနော်တို့လုပ်ပေး၊ အဲဒါမျိုးလေးတွေ လုပ်ပေးလိုက်လို့ရှိရင်တော့ အင်းလေးကန်က ရေ ပြန်ပြီးတော့နေဖို့ ရှိတယ်။ ခုဟာက အင်းလေးကန်က အဲလိုမျိုးဖြစ်လာတယ်ဆိုတော့ အဲဒါ သိပ်ပြီးတော့ မကောင်းဘူး

အင်းလေးကန် ရေခန်းခြောက်မှုနဲ့ဆက်နွယ်ပြီး လောပိတ ရေအားလျှပ်စစ်ထုတ်လုပ်မှုပါ ကျဆင်းမှု ရှိမရှိ မသိရသေးပေမယ့် လောပိတကပေးနေတဲ့ လျှပ်စစ်ဓာတ်အားကို အဓိက ဖြန့်ဖြူးပေးနေတဲ့ ရန်ကုန်မြို့ကတော့ အိမ်တွင်းစက်မှုလုပ်ငန်းတွေ၊ ပုဂ္ဂလိကစက်ရုံတွေ၊ စီးပွားရေးလုပ်ငန်းသုံး ပါဝါမီတာတွေကို အာဏာပိုင်တွေက လိုက်လံဖြုတ်သိမ်းနေပြီး လျှပ်စစ်ဓာတ်အားပေးဝေမှုကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။

XS
SM
MD
LG