သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိတ်ဖိစီးမှု အကြောင်းရင်း


A Women Struggling With Stress
A Women Struggling With Stress

မြန်မာနိုင်ငံမှာလည်း စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းရင်းကြီး (၅) ခုနဲ့ အကြောင်းရင်းငယ်တွေကို သိထားသင့်တယ်လို့ စိတ်ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောဆိုပါတယ်။

အမေရိကန်နိုင်ငံ စိတ်ဖိစီးမှုဆိုင်ရာစစ်တမ်း တွေ့ရှိချက်မှာ ပထမအကြောင်းရင်းကြီးက ကုန်ဈေးနှုန်းနဲ့ ငွေရေးကြးရေးကိစ္စဖြစ်ပြီး၊ နောက်အကြောင်းရင်းကြီးတွေကတော့ အလုပ်အကိုင်၊ ချစ်ခင်နီးစပ်သူတွေနဲ့ ဆက်ဆံရေး၊ ကျန်းမာရေးနဲ့ သေကျေဆုံးရှုံးရမှုတွေ ဖြစ်ပါတယ်။

ဒီအကြောင်းရင်းတွေက မြန်မာအပါအဝင် တခြားနိုင်ငံတွေမှာလည်း အလားတူ စိတ်ဖိစီးမှုကို ဖြစ်စေလေ့ရှိရာမှာ၊ လက်ရှိ မြန်မာနိုင်ငံအခြေအနေက ပုံမှန်အနေအထား မဟုတ်တာကြောင့် ပိုတောင်ဖြစ်စေနိုင်တယ်လို့ စိတ်ကျန်းမာရေးပညာရှင်တွေက ထောက်ပြပါတယ်။

ဒုတိယ အကြောင်းရင်းကြီးဖြစ်တဲ့ အလုပ်အကိုင်ရဲ့ သဘာဝကိုက စိတ်ဖိစီးမှုနဲ့ အများစု တွဲဖက်နေတတ်ပါတယ်။ ဒီအထဲ ရုံးတွင်းစိတ်ဖိစီးမှု (Office Stress) လည်း ပါဝင်နေပြီး၊ အဓိကအားဖြင့် အလုပ်ထဲ မပျှော်ရွှင်တာ၊ အလုပ်များလွန်းတာ (Workload ကြီးမားတာ)၊ အလုပ်ချိန်များလွန်းပြီး အကြာကြီးလုပ်ရတာ (ရက်ပေါင်းများစွာ ဆက်လုပ်ရတာအပါအဝင်)၊ အလုပ်ထဲ စိတ်ညစ်စရာတွေရှိလာတာ (ဥပမာ - လုပ်ဖော်ကိုင်ဖက် မကောင်းတာ၊ အထက်အရာရှိ ဗိုလ်ကျအနိုင်ကျင့်တာ) စတဲ့ လုပ်ငန်းခွင်ပြဿနာတွေ ပါဝင်ပါတယ်။

တတိယ အကြောင်းရင်းကြီးဖြစ်တဲ့ ချစ်ခင်နီးစပ်သူတွေနဲ့ ဆက်ဆံရေး (Relationship) ကလည်း စိတ်ဖိစီးမှု ဖြစ်စေပြီး၊ ကိုယ့်ကိုကိုယ်အဆုံးစီရင်စေတဲ့ အဓိကအကြောင်းရင်းတောင် ဖြစ်လာနေပါတယ်။ ဒီအထဲ လင်မယား ချစ်သူရည်းစား ဆက်ဆံရေးလည်း ပါပါတယ်။ အထူးသဖြင့် အိမ်ထောင်ရေး ပြဿနာကြောင့် စိတ်ဖိစီးမှုကနေ အဆုံးစီရင်ကြတာက၊ သြစတေးလျ Queensland ဒေသမှာ ဖြစ်နေတဲ့ စိတ်ဖိစီးမှုကြောင့် သတ်သေမှုထဲ အများစု ဖြစ်လာနေပါတယ်။ အခြားအချစ်ရေး၊ ဘဝဆက်ရပ်တည်ရေး အခက်အခဲတွေကြောင့်လည်း ကိုယ့်ကိုယ်ကို သတ်သေမှုတွေ ဆက်ဖြစ်နေပါတယ်။

အထက်ပါ အကြောင်းရင်းတွေ မခံစားရလျှင်တောင် နောက် အကြောင်းရင်းကြီးဖြစ်တဲ့ ကျန်းမာရေး ပြဿနာ ကြုံရတတ်ပါသေးတယ်။ သာမန် ချောင်းဆိုးနာစေး ဖျားနာတာမဟုတ်တဲ့ ရောဂါကြီးတွေဖြစ်လာတာကြောင့် စိတ်ဖိစီးမှု ဖြစ်လာစေနိုင်တာပါ။ အထူးသဖြင့် နာတာရှည်ရောဂါကြီးတွေဖြစ်တဲ့ နှလုံးနဲ့သွေးကြောရောဂါ၊ ကင်ဆာ စတာတွေကြောင့် စိတ်ဖိစီးရတာက လူနာအပြင် မိသားစုပါ ခံစားရတတ်ပါတယ်။ ဒီရောဂါကြီးတွေ ဖြစ်လာတာနဲ့ ငွေရေးကြေးရေးအပါအဝင် စိတ်ဖိစီးစေနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေလည်း ဆက်လိုက်လာနိုင်ပါသေးတယ်။

စိတ်ဖိစီးမှု နောက်ဆုံးအကြောင်းရင်းကြီးဖြစ်တဲ့ ချစ်ခင်သူတွေ အသက်ဆုံးရှုံးရမှုအတွက် ယူကြုံးမရဖြစ်မှုကည်း မြန်မာမှာ ပိုဖြစ်လာနေပါတယ်။ အထူးသဖြင့် အာဏာသိမ်းမှုဖြစ်အပြီး ပစ်ခတ်သတ်ဖြတ်မှုတွေထဲ လူငယ်လေးတွေပါ သေကျေရတာတွေ ပိုများလာနေကာ၊ အားလုံးအတွက် ဝမ်းနည်းပူဆွေးမှုတွေ ပိုများပြားကြီးမားလာနေပါတယ်။ သာမန်အချိန်တွေမှာတော့ အများစုအတွက်က မိဘဆွေမျိုး သူငယ်ချင်းတွေ အသက်ဆုံးရတာအတွက် ပူဆွေးဝမ်းနည်းကြရပေမဲ့၊ အခု အစားထိုးမရတဲ့ ဆုံးရှုံးရမှုများစွာ ရေရှည်ဖြစ်လာတာမို့ စိတ်ရောဂါမျိုးစုံ ရသွားစေနိုင်ပါတယ်။

အထက်ပါ စိတ်ဖိစီးမှုဖြစ်စေတဲ့ ပြဿနာကြီး (၅) ရပ်အပြင်၊ အကြောင်းရင်းငယ်တွေလည်း ရှိပါသေးတယ်။ ဒါတွေက ရုတ်တရက်ဖြစ်တတ်တဲ့ ပြဿနာမျိုးပါ။ ဥပမာ အင်တာနက် (ကွန်ပြူတာ) ပျက်တာ၊ အင်တာဗျုး ဖြေရတာ၊ စာမေးပွဲနီးလာတာ၊ တခါတရံ အိမ်ပြောင်းရွှေ့ရတာ၊ ကားမတော်တဆ တိုက်ခိုက်မှုဖြစ်တာ၊ ပစ္စည်းပျောက်တာ စတဲ့ ခဏတာ အဆင်မပြေမှုမျိုးတွေပါ။ သဘာဝဘေးနဲ့ စစ်ပွဲဒဏ်ကြောင့် ပြောင်းရွှေ့ရတာကတော့ ဒီထက်ကြီးမားနိုင်ပါတယ်။ ဒါပေမဲ့ စိတ်ဖိစီးမှုဖြစ်စေတဲ့ ပြဿနာအကြီးအငယ်ကို ခွဲခြားသိထားနိုင်ခြင်းဖြင့်၊ သက်သာစေမဲ့ နည်းလမ်းရှာဖွေရေး အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက သြစတေးလျနိုင်ငံ Central Queensland ဆေးရုံက စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး ဒေါက်တာသက်ဌေးကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG