သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အပါအဝင် နိုင်ငံတချို့ ပြင်းထန်တဲ့ အပူဒဏ်ခံနေရ


Heatwave in Athens
Heatwave in Athens

အမေရိကန်ပြည်ထောင်စု၊ ဥရောပနဲ့ ဂျပန်နိုင်ငံတွေအပါအဝင် ကမ္ဘာတဝန်းမှာ အပူချိန် စံချိန်တင်လောက်အောင် မြှင့်တက်နေတာကြောင့် လူတွေသန်းနဲ့ချီပြီး ပြင်းထန်တဲ့ အပူဒဏ်ကိုရင်ဆိုင်နေရပါတယ်။ အမေရိကန်မှာတော့ ကယ်လီဖိုးနီးယားပြည်နယ်ကနေ တက္ကဆက်ပြည်နယ်အထိ အပူလှိုင်းဖြတ်တာနဲ့ ကြုံနေရပြီး၊ အပူချိန်ဟာ စနေနဲ့ တနင်္ဂနွေမှာ အပူဆုံးဖြစ်မယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ပြင်းထန်တဲ့ အပူချိန်ကြောင့် ကျန်းမာရေးအန္တရာယ်တွေ ဖြစ်ပေါ်နေပြီး လူတွေကိုလည်း နေ့ပိုင်းမှာ အပြင်မထွက်ကြဖို့ နဲ့ ရေဓါတ်ခမ်းခြောက်မှုတွေ မဖြစ်အောင်နေကြဖို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ Arizona ပြည်နယ် Phoenix မြို့မှာတော့ အပူချိန်ဟာ ၁၅ ရက်ဆက်တိုက်စံချိန်တင်ခဲ့ပြီး သောကြာနေ့ကတော့ ၁၀၉ ဒီဂရီဖာရင်ဟိုက် ရှိခဲ့ပါတယ်လို့ အမျိုးသား မိုးဇလဌာနက ပြောပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်က Death Valley ဒေသမှာဆိုရင်လည်း မနက်ဖြန်မှာ အပူချိန်က စံချိန်တင်မြင့်တက်ပြီး ၁၃၀ ဒီဂရီဖာရင်ဟိုက်အထိ ပူပြင်းမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဝါရှင်တန်မြို့တော်မှာလည်း လာမယ့်သီတင်းပတ်ကုန်အထိ အပူဒဏ်ခံစားရမယ်လို့ ကြိုတင်ခန့်မှန်းထားကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အမေရိကန် မက္ကဆီကိုနယ်စပ်တလျှောက်မှာ ရာသီဥတုအရမ်းပူလွန်းတာကြောင့် ရွှေ့ပြောင်းအခြေချနေထိုင်ဖို့ ကြိုစားသူ ၁၀ ယောက်သေဆုံးခဲ့တယ်လို့ နယ်စပ်လုံခြုံရေးတာဝန်ရှိသူတွေက ပြောပါတယ်။

မြေထဲပင်လယ်ဒေသမှာလည်း အပူလှိုင်းဖြတ်နေတာမှာ အဆိုးဆုံး အီတလီနိုင်ငံမှာ ဒီနေ့ စနေနဲ့ တနင်္ဂနွေမှာ အပူချိန်က စံချိန်တင် ထပ်တက်ဦးမယ်လို့ ခန့်မှန်းနေတာကြောင့် ရောမမြို့တော်အပါအဝင် မြို့ကြီး ၁၆ မြို့မှာ အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်ထားပါတယ်။ ဂရိနိုင်ငံမှာတော့ အပူချိန်က ဒီနေ့မှာ ၁၁၀ ကျော် ဖာရင်ဟိုက်အထိ ရှိလာနိုင်တာကြောင့် ကမ္ဘာလှည့်ခရီးသည်တွေအသွားများတဲ့ Acropolis ရှေးဟောင်းအဆောက်အဦးနဲ့ ပန်းခြံတွေ အများအပြားကို ဒုတိယမြောက်နေ့အဖြစ် ပိတ်ထားပါတယ်။

ဒါ့အပြင် ပြင်သစ်၊ ဂျာမနီ၊ စပိန်နဲ့ ပိုလန်နိုင်ငံတွေမှာလည်း အပူချိန်ပြင်းထန်တဲ့ ဒဏ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် ဂျပန် အရှေ့ပိုင်းက တချို့နေရာတွေမှာ မနက်ဖြန် တနင်္ဂနွေ နဲ့ တနင်္လာနေ့တွေမှာ အပူချိန်က ၁၀၀ ဒီဂရီကနေ ၁၀၂ အထိ ရှိမယ်လို့ ဂျပန်မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG