အာရှတလွှား အပူဒဏ်ခံနေရတဲ့ နိုင်ငံတွေထဲ အပါအဝင်ဖြစ်တဲ့ မြန်မာနိုင်ငံမှာ စံချိန်တင်အပူဒဏ် မြင့်တဲ့အထိ ကြုံနေရပါတယ်။ အပူချိန်အမြင့်ဆုံးဒဏ် ခံနေရတဲ့ မကွေးတိုင်း ချောက်မြို့မှာတော့ ဒေသခံတွေ အပူဒဏ်က သက်သာရာရဖို ကြိုးပမ်းနေကြရတာပါ။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မမြသဇင်အောင် တင်ပြထားပါတယ်။
အပူချိန်လွန်ကဲတဲ့ဒဏ် ခံနေရတဲ့ မြန်မာနိုင်ငံမှာ မကွေးတိုင်း၊ ချောက်မြို့ကတော့ စံချိန်တင်အောင် အပူချိန်မြင့်မား နေတာပါ။ နေ့အပူချိန်ဟာ တနင်္ဂနွေနေ့ တိုင်းတာချက်အရ ၄၈.၂ ဒီဂရီဆဲလ်စီးယပ် (၁၁၈ ဒီကရီဖာရင်ဟိုက်) အထိ ရှိခဲ့တယ်လို့ မိုးလေဝသဌာနက ဒီကနေ့ပဲ သတင်းထုတ်ပြန်ထားပါတယ်။ မိုးလေဝသဌာနက မှတ်တမ်းတင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၅၆ နှစ်ကစ အပူဆုံးဒဏ်ခံ သက်သာရာရနိုင်ဖို့လည်း ဒေသခံတွေ နည်းမျိုးစုံ ကြိုးပမ်းနေကြရပါတယ်။
"ပန်ကာလေး တလုံးရှိတာ ပန်ကာလေး ဖွင့်ထားလိုက်တယ်။ အိမ်ရှေ့တံခါး ပြတင်းပေါက်တွေ အကုန်ပိတ်ထားတယ်။ နောက်ဖေးက တံခါးကတော့ ဖွင့်ထားတယ်။ အဲဒီဘက်က လေဝင်အောင်ပေါ့ဗျာ။ ခေါင်းရင်း ပြတင်းပေါက်လေး တခုလည်း ဖွင့်ထားတယ်။ တကယ်လို့ လိုအပ်ရင် စောင်တွေဘာတွေကို ရေစွတ်ပြီးတော့ ဟိုနားဒီနားကာဖို့ လုပ်ထားတာပေါ့။ ရေလာတဲ့နေ့ဆို ရေတွေဖြန်းကြတယ်။ အိမ်ဝိုင်းတွေလည်း ဖြန်း၊ အိမ်ထဲတွေလည်း ဖြန်းပြီးတော့ အဲလိုပဲ နေကြရတယ်။ မတတ်နိုင်တဲ့ လူတွေကျတော့ ယပ်တောင်နဲ့ နေကြရတာပေါ့။"
ဧပြီလ ၂၉ ရက်၊ ဒီကနေ့ ညနေအချိန် မိုးရွာသွန်းခဲ့ပေမယ့် အပူချိန် လျော့မသွားဘူးလို့ ချောက်ဒေသခံတွေက ပြောပါတယ်။ အခုနှစ် နွေရာသီ အပူချိန်ပြင်းထန်လို့ အပူရှပ်အန္တရာယ် ကာကွယ်နိုင်ဖို့ သတိပေးတာတွေလည်း ရှိပါတယ်။ ပူပြင်းလွန်းတဲ့ ဒေသတွေမှာတော့ အပူရှပ်ပြီး သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။
ချောက်မြို့မှာလည်း အခုဧပြီလထဲ သေဆုံးသူဦးရေ တိုးလာတယ်လို့ ချောက်မြို့နယ်က မနောဖြူ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
"ကျန်းမာရေး ထိခိုက်တာကတော့ အပူကြောင့်ဖြစ်တယ် ဆိုပြီးတော့ အကူအညီတောင်းခံခြင်းတော့ မရှိဘူး။ သေတဲ့ရာခိုင်နှုန်းတော့ မြင့်တက်တာဟုတ်တယ်။"
အပူဒဏ်ကြောင့် သေဆုံးနာမကျန်းမှု အချက်အလက်တွေနဲ့ ပတ်သက်လို့ အာဏာပိုင်တွေက တရားဝင် ထုတ်ပြန်တာမျိုးတော့ မတွေ့ရပါဘူး။ ဒါပေမဲ့လည်း အပူဒဏ်နဲ့ ဆက်နွယ်ပြီး သေဆုံးမှုတွေ ရှိနိုင်တယ်လို့လည်း ဒေသခံတွေက ခန့်မှန်းနေကြတာပါ။
"ပုံမှန်အားဖြင့်တော့ ပိုပြီးတော့ သေတဲ့ရာခိုင်နှုန်း များလာတာပေါ့နော်။ ဆိုလိုတာက ရောဂါတခုခု ရှိတယ်ဆိုရင်လည်း သေတာတော့ ရောဂါနဲ့ပဲ သေတာပေါ့။ ခံနိုင်ရည်အားကတော့ လျော့နည်းသွားတာပေါ့။ ဒီအပူရှိန်ကြောင့် ပိုပြီးတော့ ပြင်းထန်သွားတာ ဖြစ်နိုင်တာပေါ့။ ဒီနှစ်နွေကတော့ ပိုပူတယ်လို့ ခံစားရတယ်။"
နေ့အပူချိန်မြင့်မားတဲ့ အထဲမှာ မန္တလေးလည်း ပါဝင်ပါတယ်။ မန္တလေးမှာ ဧပြီလထဲ အပူရှပ်ပြီး သေဆုံးသူ ၅ ဦးထက်မနည်း ရှိခဲ့တယ်လို့ ဒေသတွင်း လူမှုကယ်ဆယ်ရေး အသင်းတွေဆီက သိရပါတယ်။ မြန်မာနိုင်ငံထဲက ချောက်၊ မကွေး၊ ညောင်ဦး၊ မင်းဘူး နဲ့ စစ်ကိုင်း အပါအဝင် မန္တလေး၊ မုံရွာမြို့တွေဟာလည်း ကမ္ဘာ့အပူဆုံး မြို့၁၅ မြို့နယ်ထဲမှာ ပါဝင်ခဲ့ပါတယ်။
အာရှတလွှားမှာ အပူဒဏ်ကြောင့် စာသင်ကျောင်းတွေပိတ်၊ သတိပေးချက်တွေ ထုတ်ပြန်နေရပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ဆိုရင်လည်း အစိုးရက ကျောင်းတွေကို ၂ ရက်ပိတ်လိုက်ပြီး အားလုံးကို အိမ်တွေမှာပဲနေကြဖို့ အမိန့်ထုတ်ခဲ့တာပါ။ အပူဒဏ်ကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်ထဲ နိုင်ငံတဝန်း စာသင်ကျောင်းတွေပိတ်ထားခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာလည်း ကျောင်းတွေပိတ်ဖို့ ဒီကနေ့ပဲ အမိန့်ထပ်မံထုတ်ပြန်ခဲ့တာပါ။ မြို့တော်ဒါကာမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပျမ်းမျှ အမြင့်ဆုံးအပူချိန် ၁၀၅ ဒီကရီဖာရင်ဟိုက် အထိမြင့်တက်ခဲ့တာပါ။ ဒီအပူချိန်က နှစ်ပေါင်း ၃၀ အတွင်း အမြင့်ဆုံးအပူချိန်ဖြစ်ပြီး လာမယ့်ရက်တွေမှာလည်း ရာသီဥတု ဆက်ပြီးပူပြင်းမယ်လို့ ခန့်မှန်းထားပါတယ်။ အပူဒဏ်ကြောင့် ဧပြီလထဲ သေဆုံးသူ ၇ ယောက်ထက်မနည်းရှိတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံမှာလည်း အခုနှစ်အတွင်း အပူလှိုင်းကြောင့် သေဆုံးသူဟာ ၃၀ ထက်မနည်း ရှိသွားပြီဖြစ်သလို မြောက်ပိုင်းခရိုင်တွေမှာ ပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေနဲ့ ကြုံနေရတယ်လို့ မိုးလေဝသဌာနက သတင်းထုတ်ပြန်ပါတယ်။
Forum