သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ နေရာအတော်များများမှာ အပူချိန်သိသိသာသာ ထပ်တိုးဖွယ်ရှိ


ရန်ကုန်မြို့က ညနေအချိန်မြင်ကွင်း
ရန်ကုန်မြို့က ညနေအချိန်မြင်ကွင်း

ပြည်နယ်နဲ့တိုင်း ဒေသတချို့မှာ နေ့အပူချိန် တိုးလာနေပြီး၊ အခု ဧပြီလထဲမှာ အပူချိန်သိသိသာသာ ထပ်တိုးလာတာကို ခံစားနေရတာပါ။ မိုးလေဝသနဲ့ ဇလဗေဒဌာနရဲ့ အမြင့်ဆုံးအပူချိန် ခန့်မှန်းချက်တွေနဲ့အတူ အပူဒဏ်ကြောင့် ရုတ်တရက်ဖြစ်လာနိုင်တဲ့ ကျန်းမာရေး သတိပေးချက်တွေလည်း ရှိနေပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မအိသန့်စင်က ပြောပြမှာပါ။

မြန်မာနိုင်ငံရဲ့ နွေရာသီကာလထဲ အခု ဧပြီလမှာ အပူချိန်သိသိသာသာ တိုးလာတဲ့ဒဏ်ကို ပြည်နယ်နဲ့တိုင်း ဒေသတချို့မှာ ခံစားနေရတာပါ။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်း အပါအဝင် ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ဧပြီလ ၁၂ ရက်နေ့အထိ နေ့အပူချိန် အနည်းငယ်ထပ်ပြီး တိုးလာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ခန့်မှန်းထားပါတယ်။ အပူပိုင်း ဒေသဖြစ်တဲ့ မန္တလေးတိုင်းမှာလည်း အခုနှစ် ဧပြီလဟာ ပြီးခဲ့တဲ့နှစ်တွေကထက် ပူတဲ့ဒဏ် ပိုခံစားရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"မန္တလေးမှာလည်း အတော်ပူတယ်ဗျ။ ဒီနှစ်ကတော့ အရင်နှစ်တွေထက်စာရင် ပိုပြီးပူတယ်လို့ပဲ သတ်မှတ်ထားတယ်ဗျ။"

မန္တလေးတိုင်းမှာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်ထက် ၂ ဒီဂရီစင်တီဂရိတ် ကျော်လွန်ခဲ့တယ်လို့ မိုးဇလရဲ့ တနင်္လာနေ့က ထုတ်ပြန်တဲ့ အပူချိန် တိုင်းတာချက်မှာ ဖော်ပြထားပါတယ်။ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းအပါအဝင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာလည်း ပျမ်းမျှအပူချိန်ထက် ၂ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်ခဲ့တာပါ။

ကချင်ပြည်နယ်မှာ အခုလရဲ့ ပျမ်းမျှအပူချိန်ထက် ၆ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်ခဲ့ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ ကယားပြည်နယ်မှာတော့ ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီစင်တီဂရိတ်ကနေ ၄ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်ခဲ့တယ်လို့ မိုးဇလက ခန့်မှန်းခဲ့ထားပါတယ်။ သာမန်ထက် နေ့အပူချိန်တိုးလာနေလို့ အပူဒဏ်ကြောင့် ကျန်းမာရေးရုတ်တရက် ထိခိုက်တာမျိုးမဖြစ်အောင် သတိထားတာမျိုးတွေ ရှိတယ်လို့ ယာဉ်မောင်းတဦးကလည်း ပြောပါတယ်။

"ကားသွားမယ်ဆိုရင် အဲကွန်းနဲ့ပဲ သွားတာပေါ့။ အပြင်မှာက ဒီရက်တွေထဲ တော်တော်ပူတယ်။ အရမ်းပူတဲ့အခါကျတော့ သွားရတာ ပင်ပန်းတာပေါ့။ နေပူတဲ့အချိန်မှာ ကားနားမယ်ဆိုရင် မနားခင်မှာ ကားကိုရပ်ပြီး ချက်ချင်းအောက်ဆင်းတာမျိုးတော့ မလုပ်ဘူး။ ကိုယ်နဲ့အတူတူ သွားတဲ့သူတွေကိုလည်း သတိပေးတာပေါ့။ အပြင်လေကို ဖြည်းဖြည်းချင်း အဝင်ခံတဲ့သဘောပါ။ အဲကွန်းကိုလည်း မပိတ်ဘူး၊ အပြင်လေနဲ့ ရောပေးတာပေါ့။ မှန်ဘောင်တွေလည်း လှပ်ထားတယ်။ အဲလိုလေးတွေတော့ လုပ်နေရတယ်။"

ထူးခြားတဲ့ နေ့အပူချိန်အဖြစ် ဘော်လခဲမြို့မှာ ၄၃ ဒီဂရီ စင်တီဂရိတ်အထိ ရှိခဲ့ပြီး၊ မြင်းခြံ၊ ရမည်းသင်း၊ လှိုင်းတက်မြို့၊ ချောက်၊ အောင်လံ၊ ဂန့်ဂေါနဲ့ ဆင်ဖြူကျွန်း၊ ပြည်မြို့နဲ့ ဖားဆောင်းမြို့တို့မှာ ၄၂ ဒီဂရီ စင်တီဂရိတ်အထိ ရှိခဲ့ပါတယ်။ ပူပြင်းတဲ့ ရာသီဥတုဒဏ်ကြောင့် ဖြစ်တတ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေကိုလည်း ပညာရှင်တွေက သတိပေးထားပါတယ်။ အပူရှပ်တာ၊ အပူဒဏ်ကြောင့် ပင်ပန်း နွမ်းနယ်တာမျိုး မရှိရအောင် သတိပေးနေကြတာပါ။

လူနေထူထပ်တဲ့ ရန်ကုန်မြို့အပါအဝင် မြို့ကြီးတွေမှာ လျှပ်စစ်မီးပုံမှန်မရကြတာကြောင့် နွေရာသီရဲ့ အပူဒဏ်ကို ခံစားနေကြရသူ ပြည်သူတွေအဖို့ အခုထက် အပူချိန်ထပ်တိုးရင် အပူဒဏ်ကြောင့် သက်ကြီး ရွယ်အိုတွေနဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးထိခိုက်မှာကို စိုးရိမ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}










XS
SM
MD
LG