သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းတပ်ဖွဲ့နဲ့ ရုရှားလိုလားသူတွေကြား ပစ်ခတ်မှုဖြစ်


ရုရှားလိုလားသူ လက်နက်ကိုင်ခွဲထွက်ရေးသမားတွေကို ယူကရိန်းအရှေ့ပိုင်း Slovyansk နားမှာတွေ့ရစဉ်။ (မေ ၅၊၂၀၁၄)
ရုရှားလိုလားသူ လက်နက်ကိုင်ခွဲထွက်ရေးသမားတွေကို ယူကရိန်းအရှေ့ပိုင်း Slovyansk နားမှာတွေ့ရစဉ်။ (မေ ၅၊၂၀၁၄)
ယူကရိန်းနိုင်ငံအရှေ့ပိုင်းက Slovyansk မြို့မှာ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းအစိုးရတပ်တွေကြား တနင်္လာနေ့က တိုက်ပွဲတွေ ဖြစ်ပွါးခဲ့ပါတယ်။

တနင်္လာနေ့ တိုက်ပွဲမှာ ရုရှားလိုလားသူ လက်နက်ကိုင် ၂၀ ဒါမှမဟုတ် ဒီထက်များများ သေဆုံးသွားနိုင်တယ်လို့ Slovyansk က ခွဲထွက်ရေးသမားတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရုရှားသတင်းစာ Interfax ကဖေါ်ပြပါတယ်။

ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာနက တိုက်ပွဲအတွင်း အရံရဲ ၄ ဦး သေဆုံးကြောင်း ပြောကြားခဲ့သလို ကာကွယ်ရေးဝန်ကြီးဌာနကတော့ ယူကရိန်း ရဟတ်ယာဉ် Mi-24 ဟာ Slovyansk မှာ ပစ်အချခံခဲ့ရပေမယ့် ယာဉ်မှူးတွေ အသက်ရှင်တယ်လို့ ဆိုပါတယ်။ Slovyansk မြို့ပြင်က ရုပ်သံဌာနကိုတော့ ယူကရိန်းတပ်တွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာ ရေးသားကြပါတယ်။

တနင်္ဂနွေနေ့ကတော့ Odessa မြို့မှာ ရာနဲ့ချီတဲ့ ရုရှားလိုလားသူ ဆန္ဒပြသူတွေက ရဲစခန်း ဝင်ပေါက်တခုက တံခါးတွေကို ထုနှက် ဖျက်ဆီးပြီးနောက် ကားဂိုဒေါင်ကနေတဆင့် အတင်း ဝင်ရောက်ခဲ့ ကြတာပါ။ အာဏာပိုင်တွေကတော့ သောကြာနေ့က ရုရှားလိုလားသူ ၄၂ ဦးလောက် သေဆုံးပြီး မီးလောင်တဲ့အထိ ဖြစ်ခဲ့တဲ့ ပဋိပက္ခအတွင်း ဖမ်းဆီးထားခဲ့တဲ့ ၁၅၀ ထဲက ၆၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ယူကရိန်းဝန်ကြီးချုပ် အာဆန်နီ ယတ်ဆန်ယွတ် (Arseniy Yatsenyuk) ကတော့ အခုနောက်ဆုံး Odessa မြို့အပါအဝင် နိုင်ငံ့အရှေ့ပိုင်းမှာ ထိပ်တိုက် ရင်ဆိုင်မှုတွေဖြစ်အောင် ဖန်တီးပြီး ယူကရိန်းနိုင်ငံကို ဖျက်ဆီးဖို့ ရုရှားက ကြိုးပမ်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရုရှားအစိုးရဟာ ယူကရိန်း ယာယီအစိုးရကို ဆန့်ကျင်ပြီးတော့ စနစ်တကျ အကွက်ချပြီး လှုံ့ဆော်နေတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။

ဒေသခံ ရုရှားစကားပြော ယူကရိန်းလူမျိုးတွေဆီက အကူအညီတောင်းတဲ့ ဖုန်းတွေ ထောင်ပေါင်းများစွာ ရရှိနေတယ်လို့ ရုရှားအစိုးရ ပြောနေချိန်မှာပဲ ယူကရိန်းအစိုးရကတော့ နိုင်ငံ့အရှေ့ပိုင်းက ရုရှားလိုလားသူ ခွဲထွက်ရေး သမားတွေအပေါ် စစ်ဆင်ရေးတွေနဲ့ ဆက်ပြီး ဖိအားပေးသွားမယ်လို့ ပြောဆိုထားပါတယ်။
XS
SM
MD
LG