သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်တွင်း တိုက်ပွဲများ ပိုပြင်းထန်


KIA ရှေ့တန်းတပ်ဖွဲ့ဝင်များ
KIA ရှေ့တန်းတပ်ဖွဲ့ဝင်များ

ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ကို ကမ္ဘာတဝှမ်း ကျင်းပနေချိန်မှာ မြန်မာပြည် အတွင်းမှာတော့ အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ အဓိက ဖြစ်ပွားနေတာကတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းမှာဖြစ်ပွားနေပြီး တိုင်းရင်းသားလက်နက်ကိုင်တွေဖက်က အစိုးရက ထိုးစစ်ဆင်တာ ကြောင့်လို့ ပြောဆိုနေချိန်မှာပဲ အစိုးရတပ်မတော်ဖက်က တိုင်းရင်းသားတွေဖက်က နယ်မြေချဲ့ထွင်တာတွေ ကြောင့်လို အပြန်အလှန်စွပ်စွဲတာတွေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီလ ၁၅ ရက်နေ့လောက်ကတည်းက စတင်ခဲ့တဲ့ ကချင်ပြည်နယ်တွင်းတိုက်ခိုက်မှုတွေဟာ ဒီကနေ့ ထိ ငြိမ်သက်မသွားသေးဘဲ တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်လာနေပါတယ်။

လက်ရှိကချင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေကိုတော့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှုးကြီးနော်ဘူက အခုလို ပြောပါတယ်။

“ကျနော်တို့ ကချင်ပြည်နယ်ဘက်က တိုက်ပွဲအခြေအနေကတော့ မနေ့က ညနေ ၅ နာရီခွဲအချိန်ကနေ ၉ နာရီ အချိန်အထိပေါ့ KIA ရဲ့ ၂၅၂ တပ်ခွဲထားတဲ့ Nhkam Bum တောင် ဆိုတဲ့နေရာမှာ ထိုးစစ်ဆင်တဲ့တိုက်ပွဲတွေ ရှိပါတယ်။ ညသန်းခေါင်လောက်မှာနားပြီးမှာ ဒီမနက် ၇ နာရီလောက်ကနေ ၈ နာရီအထိတခါ ပြန်ပြီးတိုက်ပွဲဖြစ်ပါတယ်။ သူတို့ထိုးဝင်လာလို့တခါ တိုက်ပွဲဖြစ်ပါတယ် အခုလည်းတိုက်ပွဲ ဖြစ်တဲ့သတင်းတွေကြားတယ်။”

လက်ရှိဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ထိခိုက်တာနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲနဲ့ ပတ်သက်တာတော့ သတင်းအတိအကျမရသေးကြောင်း ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက KIA တပ်မဟာ၄ က တာဝန်ရှိသူတဦးကတော့ ရှမ်းပြည်နယ် မြောက်ပိုင်း သိန်းနီနဲ့ ကွမ်လုံကြားမှာ တိုက်ပွဲဖြစ်ပွားကြောင်း ပြောပါတယ်။

“အဲဒီဘက်မှာ စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးတယ်လို့ပြောတယ်။ အဲဒါကြောင့် ဒီမနက်လွတ်တဲ့နေရာကို ရွေ့ခိုင်းလိုက်တာ ။မနေ့ကတော့ တိုက်ပွဲ ၁ ကြိမ်ဖြစ်တယ်။ ဒီနေ့ကတော့ အခုအချိန်အထိ တိုက်ပွဲဖြစ်တာတော့ မကြားသေးဘူး။”

KIA တပ်ဖွဲ့ဘက်ကတော့ အစိုးရတပ်မတော်ဖက်က ထိုးစစ်ဆင်တိုက်ခိုက်တယ်လို့ ပြောဆိုတာရှိပေမဲ့ အစိုးရတပ်မတော်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် အောင်ရဲဝင်းကတော့ တိုက်ပွဲတွေ ဘာကြောင့်ဖြစ်ပွားရ သလဲဆိုတာကို အခုလို ပြောဆိုပါတယ်။

“အဓိကတော့ သူတို့ သတ်မှတ်နေမြေမှာ မနေတာ တခုပေါ့နော်၊ ပြီးသွားရင် ကျနော်တို့ပုံမှန်လှုပ်ရှားသွားလာနေတဲ့ လှုပ်ရှားမှုတွေမှာ သူတို့ဘက်ကနေပြီးတော့ စတင်ပစ်ခတ်မှုတွေရှိတာပေါ့နော်။ အဲဒီလောက်ပါပဲ အဓိကတော့။”

ဒီလို တိုက်ပွဲတွေ ဖြစ်တာများလာရင်တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ထိခိုက်လာနိုင်တယ်လို့လည်း ပြောပါတယ်။

“ဒီဟာကတော့ ကျနော်တို့လည်း ရည်ရွယ်ချက်နဲ့လုပ်တာမဟုတ်ပါဘူး။ ဒီလို ထိတွေ့မှု နည်းခြင်း၊ များခြင်းကတော့ နည်းနည်းတော့ စကားပြောလာနိုင်တာပေါ့နော်။”

ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ကို တိုင်းရင်းသူအမျိုးသမီးအဖွဲ့အစည်းတွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLBကတော့ သူတို့အဖွဲ့တွေအခြေစိုက်တဲ့ ကချင်၊ကရင်၊ကယား၊ မွန်၊ရခိုင်၊ ရှမ်းစတဲ့ပြည်နယ်တွေနဲ့ စစ်ကိုင်းတိုင်းတိုင်းဒေသကြီးတွေမှာ ကျင်းပခဲ့ပါတယ်။

WLBရဲ့ အထွေထွေအတွင်းရေးမှုး မဂျူလီယာမရစ်ကတော့ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့အတွက် အခုလိုတောင်းဆိုကြောင်း ပြောပါတယ်။

“လက်ရှိအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွေ ဆက်တိုက်၊ အစဉ်မပျက်လုပ်နေတယ်၊ တချိန်တည်းမှာလည်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်ဆိုရင်တော့ ကျမတို့မျှော်မှန်းတဲ့ စစ်မှန်ပြီးမှ၊ ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ ပြဿနာဖြစ်လာနိုင်တယ်လေ။ တကယ့်တကယ် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး တည်ဆောက်မယ်ဆိုရင်တော့ အောက်ခြေအဆင့်မှာ တိုက်ပွဲတွေဖြစ်နေတာကို လုံးဝရပ်တန့်ပြီးမှ ၊ တပ်အင်အားတိုးချဲ့ပြီးမှ တိုင်းရင်းသားဒေသတွေမှာ တပ်စွဲထားတဲ့ အစိုးရတပ်တွေကို ပြန်ဖို့အတွက်လည်း ကျမတို့ ထုတ်ပြန်ထားတဲ့ သဘောထားထုတ်ပြန်ချက်ထဲမှာပေါ့နော်၊ တောင်းဆိုချက်တခုအနေနဲ့ ထည့်ထားတာဖြစ်ပါတယ်ရှင့်။”

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေစတင်ပြီးတဲ့နောက် နိုင်ငံတကာက နယ်စပ်ဒေသက ဒုက္ခသည်တွေကို ကူညီထောက်ပံတာတွေ လျော့ချလာတကြောင့်ဒုက္ခသည်တွေ အခက်အခဲတွေ့ နေရကြောင်းနဲ့ ထောက်ပံ့တာတွေကို မရပ်ဆိုင်းစေလိုကြောင်းလည်း ဆက်ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ဖွဲ့ရှိနေပြီး အဖွဲ့၈ဖွဲ့ကသာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCAကို လက်မှတ်ရေးထိုး ထားပါတယ်။ ဒီလဆန်းပိုင်းက ပြီးဆုံးသွားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံကို NCA လက်မှတ် မရေးထိုးသေးတဲ့ အဖွဲ့ ၁၂ဖွဲ့ပါ ပါဝင်တက်ရောက်ခဲ့ပါတယ်။နောက်တကြိမ်ညီလာခံနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ဆိုရင် NCAမှာ ပါဝင်လက်မှတ်ရေးထိုးဖို့ လိုအပ်နေပြီး လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ NCA လက်မှတ်ရေးထိုးဖို့အတွက် အဟန့်အတားတွေဖြစ်လာမယ့် အခြေအနေရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG