သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူငယ်ဂေါက်သီးပြိုင်ပွဲ မြန်မာလူငယ် ကမ္ဘာ့အဆင့်တစ်ရရှိ


အမေရိကန်ပြည်ထောင်စု ၂၀၁၇ အမေရိကန် ဂျူနီယာ လူငယ်ဂေါက်သီးပြိုင်ပွဲ ကမ္ဘာ့အဆင့်(၁) အနိုင်ရသူ မြန်မာနိုင်ငံက ကိုဟိန်းစည်သူ ။
အမေရိကန်ပြည်ထောင်စု ၂၀၁၇ အမေရိကန် ဂျူနီယာ လူငယ်ဂေါက်သီးပြိုင်ပွဲ ကမ္ဘာ့အဆင့်(၁) အနိုင်ရသူ မြန်မာနိုင်ငံက ကိုဟိန်းစည်သူ ။

အမေရိကန်ပြည်ထောင်စု ကျင်းပခဲ့တဲ့ နိုင်ငံတကာ လူငယ်ဂေါက်သီးပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံက ကိုဟိန်းစည်သူက အနိုင်ရသွားပါတယ်။ ဒီပြိုင်ပွဲကို အနိုင်ရလိုက်တဲ့ အတွက် သူဟာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာလည်း နံပါတ် ၁ လူငယ်ကစားသမား ဖြစ်လာပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

၂၀၁၇ အမေရိကန်ဂျူနီယာ လူငယ်ဂေါက်သီးပြိုင်ပွဲကိုတော့ ဒီဇင်ဘာ ၂၈ ရက်နေ့က ၃၀ ရက်နေ့အထိ ဖလော်ရီဒါပြည်နယ် St. Augustine မြို့မှာ ၃ ရက်ကြာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံက အသက် ၁၇ နှစ်အရွယ် ကိုဟိန်းစည်သူက နောက်ဆုံးနေ့မှာ သတ်မှတ်ရိုက်ချက်ထက် ၅ ချက်လျှော့ရိုက်ပြီး စုစုပေါင်းသတ်မှတ်ရိုက်ချက်အတိုင်း ၂၁၆ ချက် နဲ့ ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။ ဒီပွဲနိုင်လိုက်တဲ့အတွက် သူဟာ ကမ္ဘာ့အဆင့် ၁ လူငယ်ဂေါက်သီးကစားသမား လည်းဖြစ်လာခဲ့ပါတယ်။ ဒီလိုအနိုင်ရပြီး၊ ကမ္ဘာ အဆင့် ၁ လူငယ်ကစားသမားဖြစ်လာတာနဲ့ ပတ်သက်ပြီး ကိုဟိန်းစည်သူက ဗီအိုအေကို အခုလို ပြောပါတယ်။

ဒီပြိုင်ပွဲမှာ အိုက်စလန်နိုင်ငံက Sidgurdur Gardarsson နဲ့ အမေရိကန်က James Ballato တို့က ၂၂၃ ချက်နဲ့ ပူးတွဲဒုတိယရခဲ့ကြပြီး၊ ဆွီဒင်က Karl Filip Einarrson က စတုတ္ထ နဲ့ အမေရိကန်က Ford Chandler တို့က ပဉ္စမတွေ ရခဲ့ကြတာဖြစ်ပါတယ်။ ကိုဟိန်းစည်သူဟာ မနှစ်ကလည်း ဒီပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယရခဲ့ပါသေးတယ်။ ဒီနှစ်မှာ အခုလို အနိုင်ရဖို့အတွက် ပြိုင်ပွဲအတွက် ဘယ်လိုလေ့ကျင့်ပြင်ဆင် ခဲ့သလဲဆိုတဲ့အပေါ်မှာတော့ ကိုဟိန်းစည်သူက အခုလို ပြောပါတယ်။

" ဒီလိုရတာကိုတော့ တအားဝမ်းသာတယ် ဘာဖြစ်လို့လဲဆိုတော့ ချန်ပီယံအဖြစ်တင်မကဘူး။ World Junior Golf မှာ နံပတ်ဝမ်းအထိ တက်သွားတယ်ဆိုတော့ ဂုဏ်ပုဒ်အထိ Accomplish ဖြစ်သွားတာပေါ့။ ဒီလိုမျိုးဖြစ်ဖို့လည်း ကျနော် တော်တော်ကြိုးစားလိုက်ရပါတယ်။ တစ်လလောက်ကြိုပြီးတော့လေ ကျနော်က ရန်ကုန်မှာ ဒီပွဲစဉ်အတွက်ကို ဒီPractice ကို နေ့တိုင်း ရိုက်တယ် မနက်ကနေ ညအထိ ရိုက်တယ် ဒီပွဲက အရေးကြီးတယ်ဆိုတော့။ ဒီအမေရိကားရောက်တော့ ကျနော် အော်လန်ဒိုမှာနေတော့ ကျနော် နေ့တိုင်းသွားသွားရိုက်တယ် ဒီပွဲအတွက်ပေါ့။ ဒီမှာနဲ့ အသားကျသွားအောင် အဲ့မှာလေ့ကျင့်တာပေါ့ "

ကိုဟိန်းစည်သူဟာ ဖခင်ဖြစ်သူက အသက် ၄ နှစ်အရွယ်ကတည်းက ဂေါက်သီး ကစားတာကို လေ့ကျင့်သင်ကြားပေးခဲ့တာဖြစ်ပြီး၊ အသက် ၁၄ နှစ်သားအရွယ်မှာ စတင်ပြီး ပြည်တွင်းက လူငယ်ပြိုင်ပွဲတွေမှာ ပြိုင်ပွဲတွေမှာ အနိုင်ရလာတာဖြစ်တယ်လို့ သူ့ရဲ့ ဖခင်ဖြစ်သူ ဦးမောင်မောင်ထွန်းက ပြောပါတယ်။ အခုလို သားဖြစ်သူ ကိုဟိန်းစည်သူ နိုင်ငံတကာပြိုင်ပွဲမှာ အနိုင်ရပြီး ကမ္ဘာအဆင့် ၁ လူငယ် ကစားသမားဖြစ်လာတဲ့အပေါ်မှာ အလွန်ဂုဏ်ယူမိတယ်လို့ ဦးမောင်မောင်ထွန်းက ပြောပါတယ်။

ဒီပြိုင်ပွဲကို နိုင်ငံပေါင်း ၂၀ ကျော်က လူငယ်ဂေါက်သီးအားကစားသမားပေါင်း ၅၀ ကျော် ဝင်ပြိုင်ခဲ့ကြပြီး၊ မြန်မာနိုင်ငံ ကိုဟိန်းစည်သူ အပြင်ကိုကောင်းမြတ်ကျော်၊ ကိုဖြိုးဇံ နဲ့ကိုမင်းသန်းလွင်အောင်တို့လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ အဆင့် ၂၉ ၊ ၃၁ နဲ့ ၃၂ အသီးသီးချိတ်ခဲ့သလို၊ အမျိုးသမီးလူငယ်ပြိုင်ပွဲဘက်မှာတော့ မြန်မာနိုင်ငံက မဖူးပွင့်ရတီခိုင်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အဆင့် ၉ ရခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG