သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ကြီးနားအနီး စစ်ရဟတ်ယာဉ်ပျက်ကျ


ကချင်ပြည်နယ် လိုင်ဇာအနီးက ကချင်ဒုက္ခသည်စခန်းတခုပုံ။ (ဇန်နဝါရီလ ၄ ရက်၊ ၂၀၁၃)
ကချင်ပြည်နယ် လိုင်ဇာအနီးက ကချင်ဒုက္ခသည်စခန်းတခုပုံ။ (ဇန်နဝါရီလ ၄ ရက်၊ ၂၀၁၃)
အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်တွင်းမှာ မနေ့က ညနေပိုင်းက စစ်တပ်ပိုင် ရဟတ်ယာဉ်တစီး အရေးပေါ် ဆင်းသက်လိုက်ရတဲ့ အတွက် ရဟတ်ယာဉ်မောင်းနှစ် ထိခိုက် သေဆုံးခဲ့ရတယ်လို့ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ မနေ့က ပျက်ကျခဲ့တဲ့ ဒီ စစ်တပ်ပိုင် ရဟတ်ယာဉ်အတွက် ကယ်ဆယ်ရေးနဲ့ ရဟတ်ယာဉ် ပြန်လည် ရရှိရေးတွေကို ဒီကနေ့ စစ်တပ်ဘက် က ပြန်လည် ဆောင်ရွက်နေပြီ လို့လည်း သမ္မတ ပြောခွင့်ရသူက ပြောလိုက်တာပါ။ ဒီသတင်းကို ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။

မနေ့က ညနေပိုင်းလောက်မှာ မြစ်ကြီးနားမြို့ တာလောကြီးရွာ အနီးမှာ အစိုးရစစ်တပ်ပိုင် ရဟတ်ယာဉ်တစီး အင်ဂျင်စက် ချို့ယွင်းသွားတဲ့အတွက် အရေးပေါ် ဆင်းသက်ခဲ့ရပြီး ရဟတ်ယာဉ်ပေါ်က လေယာဉ်မှူးနှစ်ဦး အပြင်းအထန် ထိခိုက် သေဆုံးခဲ့ပါတယ်။ အခုလို အရေးပေါ် ဆင်းသက်စဉ် ပျက်ကျသွားခဲ့တဲ့ အဲဒီရဟတ်ယာဉ်ကို ဒီကနေ့မှာ စစ်တပ်ဘက်က တာဝန်ရှိသူတွေ သွားရောက်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေပြီလို့ နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့် ရှိသူလည်း ဖြစ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ရတဲ့သတင်းကတော့ အဲဒီ မြစ်ကြီးနား လေတပ်စခန်းက ရဟတ်ယာဉ်၊ အဲဒီမှာ အုပ်ချုပ်မှုကိစ္စအတွက် ပျံသန်းနေချိန်မှာ မြစ်ကြီးနားမြို့နဲ့ တောင်ဘက် မိုင် ၂၀ လောက်မှာရှိတဲ့ တာလောကြီးကို ရောက်တဲ့အချိန်မှာ ရဟတ်ယာဉ်မောင်းကနေ သူ့အင်ဂျင် စက်ချို့ယွင်းသွားတယ်၊ အရေးပေါ် ဆင်းရမယ်ဆိုပြီးတော့ သတင်းပို့ပါတယ်။ အရေးပေါ် ဆင်းသက်ပါတယ်။ လေယာဉ်ပေါ် ပါတဲ့ ရဟတ်ယာဉ်မှူး နှစ်ဦးကတော့ ဆင်းတဲ့အချိန်မှာ သစ်ပင်တွေနဲ့ တိုက်မိပြီးတော့ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ အဲဒီ ရဟတ်ယာဉ် ပျက်ကျတဲ့နေရာကို ကျနော်တို့ တခြား ရဟတ်ယာဉ်တွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ခေါ်ပြီးတော့ အဲဒီအနီးမှာ သွား ဆင်းသက်ပြီးတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ပါတယ်။”

ဒီလေယာဉ်အပေါ်မှာ စီးနင်းလိုက်ပါလာတဲ့သူ ဦးရေ ဘယ်လောက်ရှိတယ် ဆိုတာတော့ သူ မသိတဲ့အကြောင်း ဦးရဲထွဋ်က ပြောပါတယ်။

ကချင်ပြည်နယ်တွင်းမှာ အစိုးရ စစ်တပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ကြား အပြင်းအထန် တိုက်ပွဲတွေ ဖြစ်ပွားနေပြီးတော့ အစိုးရဘက်က ကချင် KIA နယ်မြေတွေ ကို လေကြောင်းကနေ ထိုးစစ်ဆင်မှုတွေ ဒီရက်ပိုင်းမှာ ပြုလုပ်ခဲ့တာပါ။ အဲဒီလို အစိုးရရဲ့ လေကြောင်း ထိုးစစ်ဆင်တဲ့ စစ်တပ်ပိုင် ရဟတ်ယာဉ်တွေကို KIA ဘက်က လက်နက်ကြီးတွေ အသုံးချပြီး ပစ်ချခဲ့တယ်လို့လည်း သတင်းတွေ ရှိနေပါတယ်။ ဒါပေမဲ့ အခု ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ် ကတော့ မြစ်ကြီးနားမြို့ တာလောကြီးအနီးမှာ အုပ်ချုပ်ရေးကိစ္စ ဆောင်ရွက်နေစဉ် စက်ချို့ယွင်းပြီး ဆင်းသက်စဉ်မှာ အခုလို လေယာဉ်မှူးတွေ သေဆုံးခဲ့တာ ဖြစ်ပြီး လေယာဉ်ပျက်ကျခြင်းဟာ KIA ဘက်က တစုံတရာ ပစ်ခတ်တာတွေကြောင့် ပျက်ကျတာ မဟုတ်တဲ့အကြောင်း ဦးရဲထွဋ်က ပြောပါတယ်။

“ပစ်ချတယ်ဆိုရင်ဗျာ ပေါက်ကွဲသွားတာတို့၊ စက်ချို့ယွင်းတာကို ဘယ်လိုသတင်းပို့ဖို့ အချိန်ရမလဲ။ ကျနော်တို့ မြစ်ကြီးနားမှာ တာဝန်ထမ်းဆောင်စဉ် တုန်းကလည်း အဲဒီလိုပဲ စက်ချို့ယွင်းပြီးတော့ လေယာဉ်မှူး ဆုံးပါးသွားတဲ့ အဖြစ်အပျက်မျိုးတွေ နှစ်ခု ရှိခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ တနိုင်း ဘက်မှာပေါ့။”

စစ်တပ်လေယာဉ် ပျက်ကျခဲ့တာကို နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြတာမျိုး မရှိသေးဘဲ ဆက်လက် ထွက်ပေါ်လာမယ့် နောက်ဆက်တွဲ အခြေအနေတွေကိုတော့ စစ်တပ်ဘက်က သတင်းထုတ်ပြန် သွားနိုင်တယ်လို့လည်း ဦးရဲထွဋ်က ပြောခဲ့ပါသေးတယ်။
XS
SM
MD
LG