သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသား အရေး ဦးစားပေးဖို့ USCB တိုက်တွန်း


NLD ကို ထောက်ခံအားပေးနေသူ တိုင်းရင်းသူများ။
NLD ကို ထောက်ခံအားပေးနေသူ တိုင်းရင်းသူများ။

ရွေးကောက်ပွဲ အပြီး နောင်တက်လာမယ့် အစိုးရအနေနဲ့ မြန်မာနိုင်ငံက တိုင်းရင်းသား အရေးကို သေသေချာချာ ကိုင်တွယ်သွားဖို့ လိုအပ်တယ်လို့ ဝါရှင်တန် ဒီစီက Heritage Foundation မှာ ကြာသပတေးနေ့က မြန်မာနိုင်ငံရဲ့ အနာဂတ် ဒီမိုကရေစီ အလားအလာတွေနဲ့ ပါတ်သက်တဲ့ ဆွေးနွေးပွဲ မှာ မြန်မာ့ အရေးလေ့လာသူတွေက သုံးသပ်ခဲ့ကြပါတယ်။

တနင်္ဂနွေနေ့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပွင့်လင်းမှု ရှိတာတွေ့ရ သလို မြန်မာလူထုရဲ့ ဒီမိုကရေစီ ဘယ်လောက်လိုလားနေတယ် ဆိုတာ ကို ပြနေပေမယ့် ရှေ့မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရဖို့ ရှိတယ်လို့ လည်း ဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

မြန်မာ့အရေးလေ့လာသူတွေထဲက မြန်မာနိုင်ငံရွေးကောက်ပွဲကို ကိုယ်တိုင် သွားရောက်လေ့လာခဲ့တဲ့ The Project 2049 သိပ္ပံက Kelly Currie က ချင်းပြည်နယ် ဖလမ်းမြို့အထိ သွားရောက်ခဲ့သလို ရန်ကုန်မှာ ရွေးကောက်ပွဲ အတွက် ပြင်ဆင်ဆောင်ရွက်မှုတွေကို လေ့လာခဲ့သူဖြစ်ပါတယ်။ သူက မြန်မာလူထု အနေနဲ့ ဒီမိုကရေစီ အပြောင်းအလဲကို သိပ်လိုလား နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲမှာ ပါဝင်သူနောက်တဦးဖြစ်တဲ့ US Campaign for Burma အဖွဲ့က Jennnifer Quigley ကတော့ အများစုက NLD ကိုမဲပေးကြတာဟာ စစ်အုပ်ချုပ်ရေး ကို မလိုလားဘူး ဆိုတာ ပြနေတယ်လို့ ပြောပါတယ်။

"ဒီရွေးကောက်ပွဲ ရလဒ်ကို ကြည့်ရင် မြန်မာလူထုက ဒီမိုကရေစီကို ဘယ်လောက် လိုလားနေတယ် ဆိုတာ ပြနေပါတယ်။ စစ်အုပ်ချုပ်မှုကို မလိုချင်ကြဘူးဆိုတဲ့ အကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲမပေးပဲ ပြခဲ့ကြသလို NLD ကိုပဲ မဲပေးကြတာဟာ အစိုးရသစ်ဖွဲ့နိုင်ဖို့နဲ့လွှတ်တော်မှာ ပြန်လည် ပြုပြင်မှုတွေ လုပ်ဖို့ အတွက် ဆိုတာပြနေပါတယ်။"

ရွေးကောက်ပွဲ အနိုင်ရသူအနေနဲ့ ရွေးကောက်ပွဲအပြီးမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ကိုရင်ဆိုင်ရဖို့ ရှိပြီး ဒီအထဲမှာ အဓိက က မြန်မာစစ်တပ်ရဲ့ အခန်းကဏ္ဍ လို့ ယုံကြည်ကြောင်း ဆွေးနွေးပွဲမှာ တင်ပြခဲ့ကြတာပါ။အခု အနိုင်ရNLD ပါတီဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲခဲ့တဲ့ မြန်မာစစ်တပ်အတွက် အတားအဆီး တခုဖြစ်နေသလို သူတို့အနေနဲ့ NLD မှာ ဘာလုပ်ပိုင်ခွင့် အာဏာမှ မရသင့်ဘူးလို့ ထင်နေနိုင်တာမို့ စစ်တပ်ဟာ လူထု ဆန္ဒနဲ့ အညီမဟုတ်တဲ့အတွက် ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်ရမယ် ဆိုတာကို စစ်တပ်က သိလာအောင် နိုင်ငံတကာ က ဝိုင်းဝန်း ဖိအားပေး ပြောကြားဖို့လည်း ပြောပါတယ်။

ဒါ့အပြင် နောက်ထပ် အရေးပါတဲ့ စိန်ခေါ်မှု တခုကတော့ လူမျိုးစု အများအပြား စုပေါင်းနေထိုင်တဲ့ မြန်မာနိုင်ငံအတွက် တိုင်းရင်းသား အရေးလို့ ဆိုပါတယ်။

"အကြီးဆုံး စိန်ခေါ်မှု တခုကတော့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ ရပိုင်ခွင့်နဲ့ သူတို့အသံကို တင်ပြနိုင်ခွင့်ပေးဖို့ လုပ်ပေးဖို့ပါ။ အခု ရွေးကောက်ပွဲ အပြီးမှာ NLD အနေနဲ့ တိုင်းရင်းသား အရေးကိစ္စနဲ့ ပါတ်သက်ပြီး အများကြီး ပြန်လုပ်ပေးဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ တိုင်းရင်းသား ပါတီတွေနဲ့ ဆက်ဆံရေးကို ပြန်လည် ထူထောင်တာဟာ နိုင်ငံ ရေရှည်အကျိုးစီးပွါးအတွက် ဖြစ်ပြီး တိုင်းရင်းသား လူနဲစုတွေကို သူတို့ရဲ့ ဆန္ဒတွေ ထုတ်ဖေါ်ခွင့်တွေ ပေးဖို့ လိုပါတယ်။ ဒါဟာ NLD အစိုးရသစ်ဖွဲ့ရင် လုပ်ဆောင်သင့်တဲ့ အချက်ပါ။"

NLD ဟာ တိုင်းရင်းသား ဒေသတွေမှာ မဲဆွယ်မှုကနေ တိုင်းရင်းသားတွေနဲ့ မပြေလည်မှု တွေ ရှိခဲ့သလို အခု မဲထည့်ခဲ့ကြတဲ့ တိုင်းရင်းသားတွေကလည်း လက်ရှိစစ်အစိုးရကို လွှမ်းမိုးနိုင်မယ့် သူဟာ NLD ဆိုတာကို သိနေကြတာမို့ မဟာ ဗျူဟာ အရ မဲပေးခဲ့ကြတယ် ဆိုတာကို နားလည်မှု ပေးဖို့ အရေးကြီးတယ်လို့ လည်း သုံးသပ်ပါတယ်။

အခုလက်ရှိ အုပ်ချုပ်မှု ယန္တယား အောက်မှာ ရှိနေသူတွေ အားလုံး လိုလိုကို စစ်တပ်က ခန့်ထားတာ ဖြစ်တဲ့အတွက် နောက်တက်လာမယ့် အစိုးရဟာ ဒါကို ဦးစားပေး ပြောင်းလဲ ပစ်ဖို့ လိုပေမယ့် NLD က ကိုယ်စားလှယ် အများစုဟာ ဒီလိုအရည်ချင်းတွေ ရှိတာတွေ့ရလို့ စိတ်ပူစရာတော့ သိပ်မရှိဘူးလို့ ဆိုပါတယ်။လူမျိုးရေး၊ ဘာသာရေး ဖိနှိပ်မှုတွေ မရှိဖို့ လက်ရှိအစိုးရ ပြဌာန်းထားတဲ့ မျိုးစောင့် ဥပဒေလို ဥပေဒေ မျိုးတွေကို ပြန်လည် ဆန်းစစ်ဖို့ လိုသလို အစိုးရသစ် အနေနဲ့ လူ့အခွင့်ရေးအတွက် အလေးထားဖို့ လုပ်လာမယ် လို့လည်း မျှော်လင့်ကြောင်း ပြောပါတယ်။

အမေရိကန် အစိုးရဘက်ကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ခုထက်ပိုပြီး သတိရှိရှိနဲ့ ပံ့ပိုးပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

"အမေရိကန် အနေနဲ့ နည်းလမ်း မျိုးစုံနဲ့ အရေးပါတဲ့ ပံ့ပိုးမှုတွေ လုပ်ပေးနိုင်မယ်လို့ ကျမ ထင်ပါတယ်။ ဥပမာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ အနိုင်ရ NLD နဲ့ တိုင်းရင်းသား ပါတီတွေ ဘက်က လိုအပ်ချက်တွေ တင်ပြလာရင် ဖြည့်ဆည်းပေးဖို့ လိုမျိုးပါ။ ဒီအထဲမှာ အစိုးရပိုင်း ပြုပြင်တာတွေ၊ စီးပွါးရေး ပြုပြင်ပြောင်းလဲမှု လုပ်တာတွေ အတွက် အမေရိကန်အစိုးရက အမည်မည်း စာရင်း ထုတ်ပြန်ပြီး ထိန်းညှိပေးတာမျိုး အမေရိကန်ဘက်က ကိုယ်ကျိုးစီးပွါး အတွက် အလဲအလှယ်တွေ မလုပ်တာမျိုးတွေနဲ့ အများကြီး ပံ့ပိုးပေး နိုင်ပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်အနေနဲ့ သူတို့ရဲ့ နိုင်ငံရေး၊ စစ်ရေး အရှိန်အဝါကို လွယ်လွယ်နဲ့ လက်လွှတ်မှာ မဟုတ်ဖူး ဆိုတာကို သတိကြီးကြီးထားပြီး စစ်ဘက် ဆက်ဆံရေးမှာ မြန်မာ အမေရိကန် အဆင့်မြင့် စစ်ဖက် ဆက်ဆံရေးတွေ အခု အချိန်မျိုးမှာ မလုပ်ဖို့လည်း လိုအပ်ပါတယ်။"

Heritage Foundation က ဒါရိုက်တာ Walter Lohman ရဲ့ဦးဆောင်မှုနဲ့ ပြုလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲမှာ အာရှိဒေသ ဆိုင်ရာ သုတေသန ပညာရှင် Olivia Enos ကတော့ အခု ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ ပွင့်လင်း မြင်သာမှု ရှိတာတွေ့ရပေမယ့် ပြဌာန်း ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အောက်မှာ ကျင်းပတာမို့ တရားမျှတမှုတော့ သိပ်မရှိဘူးလို့ ယုံကြည်ကြောင်း ပြောကြားခဲ့တာပါ။

XS
SM
MD
LG