သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟက်ဇ်ဘိုလာ တပ်မှူး အစ္စရေးတိုက်ခိုက်မှုအတွင်း သေဆုံး


ဂိုလန်ကုန်းမြင့်ဒေသက ဆီးရီးယားပိုင်နက်ထဲမှာ အစ္စရေးဘက်က လေကြောင်း တိုက်ခိုက်မှုတခုအတွင်း ဟက်ဇ်ဘိုလာ (Hezbollah) အဖွဲ့က တပ်မှူးတဦး အပါအဝင် တိုက်ခိုက်ရေးသမား ၅ ဦး သေဆုံးခဲ့ရတယ်လို့ လက်ဘနွမ် ရှီယာ ဟက်ဇ်ဘိုလာအဖွဲ့က ပြောပါတယ်။

ဒီပြောကြားချက်အတွက် အစ္စရေးစစ်တပ်ဘက်က မှတ်ချက်တစုံတရာပေးဖို့ ငြင်းဆိုပါတယ်။ ဒါပေမယ့် အရှေ့အလယ်ပိုင်းကလာတဲ့ သတင်းတွေမှာတော့ Quneitra နားမှာ တနင်္ဂနွေနေ့က အစ္စရေး ရဟတ်ယာဉ်တစင်းဟာ ဒုံးကျည်နှစ်စင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနေရာဟာ ဂိုလန်ကုန်းမြင့်ဒေသက ဆီးရီးယား ပိုင်နက်အခြမ်းနဲ့ အစ္စရေးတွေ သိမ်းပိုက်ထားတဲ့အပိုင်းကို ခွဲထားတဲ့ လိုင်းနားမှာ ရှိနေတာပါ။

အစ္စရေးရဲ့ Ynet သတင်းဝက်ဘ်ဆိုက်စာမျက်နှာမှာတော့ အစ္စရေးကို တိုက်ခိုက်လိုတဲ့ အကြမ်းဖက်သမားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်ဘက် သတင်းတွေကို ကိုးကား ဖေါ်ပြထားပါတယ်။ လက်ဘနွမ်ဘက်ကတော့ အစ္စရေးတွေရဲ့ တိုက်ခိုက်မှုဟာ ဟက်ဇ်ဘိုလာတွေရဲ့ မော်တော်ယာဉ်နှစ်စီးကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူဟာ ဟက်ဇ်ဘိုလာတပ်မှူး Mohammad Issa ဖြစ်ပြီး သူဟာ ဆီးရီးယားနဲ့အီရတ်က စစ်ဆင်ရေးတွေကို ကိုင်တွယ်သူလို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ နောက် သေဆုံးသူတဦးကတော့၂၀၀၈ ခုနှစ်တုန်းက ဆီးရီးယားမှာ ကားဗုံးပေါက်ကွဲပြီး သေဆုံးခဲ့ရတဲ့ ဟက်ဇ်ဘိုလာ စစ်ဘက် အကြီးအကဲImad Mughniyeh ရဲ့သားဖြစ်သူ Jihad Mughniyeh ဖြစ်ပြီး ဒီပေါက်ကွဲမှုဟာ အစ္စရေးတွေရဲ့ လက်ချက်လို့ အပြစ်တင်ခဲ့ပါတယ်။

XS
SM
MD
LG