ဟစ်ဇ်ဘိုလာခေါင်းဆောင် Hassan Nasrallah ဟာ မနှစ်က အစ္စရေး လေကြောင်းတိုက်ခိုက်မှုအတွင်း သူတို့အဖွဲ့ရဲ့ စစ်ဆင်ရေးအခန်းထဲမှာ သေဆုံးသွားခဲ့တယ်လို့ ဟစ်ဇ်ဘိုလာ အကြီးတန်းလုံခြုံရေးအရာရှိတဦးက ပြောကြားသွားပါတယ်။ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့က အစ္စရေးလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘေရွတ်မြို့ တောင်ပိုင်း ဆင်ခြေဖုံးက အဆောက်အအုံတွေ ပြိုပျက်ကျခဲ့ပြီး အဲဒီမှာ Nasrallah သေဆုံးသွားခဲ့တာပါ။ အဲဒီမှာ လူ ၆ ဦး သေဆုံးသွားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ သတင်းတွေအရ Nasrallah နဲ့ တခြားအကြီးတန်းခေါင်းဆောင်တွေ မြေအောက်ခန်းမှာ အစည်းအဝေးလုပ်နေကြတာ ဖြစ်ပါတယ်။
လက်ရှိ Hezbollah ဟစ်ဇ်ဘိုလာခေါင်းဆောင် Naim Kassem ကတော့ အမေရိကန်ကြားဝင်ညှိနှိုင်းထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အစ္စရေးတပ်တွေ လကုန်မှာ လက်ဘနွန် တောင်ပိုင်းဒေသက မထွက်သွားရင် ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားတွေက အစ္စရေးကို တိုက်ရင်တိုက်မယ်လို့ စနေနေ့ ဇန်နဝါရီ ၄ ရက်နေ့က သတိပေးသွားပါတယ်။
ဟစ်ဇ်ဘိုလာကို နှစ်ပေါင်း ၃၂ နှစ်ကြာ ဦးဆောင်လာခဲ့တဲ့ Nasrallah လုပ်ကြံခံရမှုကြောင့် အစ္စရေးနဲ့ စစ်သွေးကြွတွေကြား တိုက်ပွဲငယ်တွေကနေ တကယ့်စစ်ပွဲကြီးအသွင် ပြောင်းသွားခဲ့ရတာ ဖြစ်ပါတယ်။ အမေရိကန်က ကြားဝင်ညှိနှိုင်းထားတဲ့ အပစ်အခတ်ရပ်စဲရေး နိုဝင်ဘာ ၂၇ ရက်နေ့မှာ မစခင်အထိ လက်ဘနွန်နိုင်ငံ တောင်ပိုင်းနဲ့ အရှေ့ပိုင်း ဒေသတွေ စစ်ဒဏ်သင့်ခဲ့ပြီး ထိခိုက်ပျက်စီးမှု များခဲ့ပါတယ်။
Hassan Nasrallah သေဆုံးခဲ့တဲ့ နေရာအနီးမှာ တနင်္ဂနွေနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားရာမှာတော့ "Nasrallah က ဒီနေရာကနေပဲ စစ်ပွဲကို ဦးဆောင်နေကျပါ" လို့ အကြီးတန်းဟစ်ဇ်ဘိုလာ လုံခြုံရေးအရာရှိ Wafiq Safa က ပြောပါတယ်။ အခြားအသေးစိတ်ကိုတော့ မပြောပါဘူး။
Wafiq Safa ကိုလည်း ပစ်မှတ်ထားပြီး အစ္စရေးလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပေမဲ့ သူထိခိုက်မှုမရှိခဲ့ဘူးလို့ လက်ဘနွန်သတင်းတွေမှာ ဖော်ပြပါတယ်။
Forum