သုံးရလွယ်ကူစေသည့် Link များ

အဝေးပြေးလမ်းမ ခရီးသည်တင်ကား တိမ်းမှောက်မှု ၁၄ ဦးသေဆုံး


ရန်ကုန်-မန္တလေး-နေပြည်တော် အဝေးပြေးလမ်းမကြီး (ဓာတ်ပုံ-ရော်နီညိမ်း-ဗွီအိုအေ)
ရန်ကုန်-မန္တလေး နေပြည်တော် အမြန်ကားလမ်းမကြီးပေါ်မှာ မေလ ၁၂ ရက်နေ့ည ၇ နာရီခန့်က ရာဇာမင်း အဝေးပြေးကားတစ်စီး အရှိန်လွန်တိမ်းမှောက်ခဲ့ရာမှာ လူ ၁၄ ဦး သေဆုံးပြီး လူ ၂၉ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ရန်ကုန်-မန္တလေး နေပြည်တော် အမြန်ကားလမ်းမကြီးရဲ့ မိုင်တိုင်အမှတ် ၁၉၇- ၆ ဖာလုံ နေရာမှာ ရာဇာမင်းအဝေးပြေးကားတစ်စင်း အရှိန်လွန်ပြီး ချောက်ထဲကျသွားပြီး ခရီးသည် ၁၄ ဦး သေဆုံးခဲ့ပြီး ၂၉ ဦး ဒဏ်ရာအပြင်းအထန်ရခဲ့ကြတဲ့အကြောင်း ရန်ကုန်-နေပြည်တော် အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။ တာဝန်ကျ အရာရှိတစ်ဦးက အခုလို ရှင်းပြခဲ့တာပါ။

“၁၄ ဦးသေတယ်ဗျ။ ဒဏ်ရာရတာက ၂၉ ဦး။”

မေး။ ။ အခု လူနာတွေကို ဘယ်ကိုများ ပို့လိုက်လဲရှင့်။

“လူနာကတော့ ထိခိုက်ဒဏ်ရာပြင်းထန်တဲ့ အများစုက ကုတင် ၁ ထောင်မှာပဲ ရှိမယ်ဗျ။”

မေး။ ။ ကားတိုက်တာကရော- ဘယ်လိုကြောင့်ဖြစ်သွားတာလဲရှင့်။ ကားတိုက်မိတာလား၊ သူ့ဟာသူ မှောက်တာလားရှင့်။

“သူ့ဟာသူပေါ့-တံတားဘေးက အကာအချပ်ကြီး ကျသွားတာပဲ။ သူ့ဟာသူ အရှိန်မထိန်းနိုင်ဘဲနဲ့ လမ်းမှာ မိုင်တိုင်တွေ ရှိတယ်လေ။ မိုင်တိုင်ကို တိုက်လိုက်ပြီးတော့မှ ထိုးကျသွားတာပေါ့။ တံတားနားက မိုင်တိုင်ကို တိုက်ပြီးတော့ ချောက်ထဲကျသွားတာပေါ့။ တံတားအောက်ကို ကျသွားတယ်ဗျ။”

ရန်ကုန်-မန္တလေး နေပြည်တော် အမြန်လမ်းမကြီးဟာ ကားသမားတွေရဲ့ ယာဉ်စည်းကမ်း မလိုက်နာမှု၊ အရှိန်ပြင်းစွာမောင်းနှင်မှု၊ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ လမ်းအချောသတ်ရေးအတွက် စံချိန်စံညွှန်းအားနည်းမှုတွေကြောင့် တစ်လမှာ အနည်းဆုံး ရက် ၂၀ ခန့်က ယာဉ်တိုက်မှုတွေ ဖြစ်နေတာပါ။ ဒါကြောင့် မေလဆန်းတုန်းကပဲ အမြန်လမ်းမကြီး ဘေးအန္တရာယ်ကင်းကင်းရေး လမ်းအချောသတ်မှုတွေ၊ စံချိန်စံညွှန်းဆိုင်ရာ နည်းပညာတွေ ပံ့ပိုးကူညီနိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်နဲ့ အမေရိကန်အခြေစိုက် USAID အဖွဲ့က Mission Director တို့ တွေ့ဆုံပြီး အကူအညီပေးရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာတော့ ၂၀၁၃ ခုနှစ်အတွင်း ယာဉ် မတော်တဆမှုစာရင်းအရ တစ်ရက်ကို ယာဉ်တိုက်မှု ၃၀.၁၂ မှုခန့် ဖြစ်ပွားနေပြီး ဒဏ်ရာရသူ ၆၀.၀၅ ဦးခန့်နဲ့ သေဆုံးသူ ၁၀.၉ ဦးခန့်ရှိကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရဲ့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ မြန်မာနိုင်ငံရဲ့ မတော်တဆ ယာဉ်တိုက်မှု ထိခိုက်အန္တရာယ်ဖြစ်မှု အခြေပြဇယားအရ ယာဉ်တိုက်မှုပေါင်း ၁၃,၉၁၂ မှု အတွင်း ဒဏ်ရာရသူပေါင်းက ၂၃,၃၇၈ ဦးဖြစ်ပြီး သေဆုံးသူပေါင်း ၃,၇၂၁ ဦး ရှိခဲ့ပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG