သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားလေယာဉ်ပြန်ပေးဆွဲသူ ၂ ဦးလက်နက်ချ


လစ်ဗျားလေယာဉ်ပြန်ပေးဆွဲသူ ၂ ဦးလက်နက်ချ (ဒီဇင်ဘာ ၂၃)
လစ်ဗျားလေယာဉ်ပြန်ပေးဆွဲသူ ၂ ဦးလက်နက်ချ (ဒီဇင်ဘာ ၂၃)

လစ်ဗျားလေယာဉ်တစင်းကို ပြန်ပေးဆွဲခဲ့ကြသူ ၂ ယောက်ဟာ Malta နိုင်ငံကို လမ်းကြောင်းပြောင်း ပျံသန်းခဲ့ပြီး၊ လေယာဉ်ပေါ် ပါလာတဲ့ ဓားစာခံအားလုံးကို လွှတ်ပေးခဲ့ပြီးနောက် သောကြာနေ့က ရဲတပ်ဖွဲ့ထံ လက်နက်ချခဲ့ကြောင်း Malta ဝန်ကြီးချုပ် Joseph Muscat က ပြောဆိုပါတယ်။

လေယာဉ်ပြန်ပေးဆွဲသူတွေဟာ အဖမ်းမခံခင် နောက်ဆုံးကျန်နေတဲ့ လေယာဉ်အမှုထမ်းတွေကိုလည်း ပြန်လွှတ်ပေးခဲ့တယ်လို့ ဝန်ကြီးချုပ် Muscat က Twitter အင်တာနက်စာမျက်နှာပေါ် ဆက်တိုက်ရေးသား ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အစပိုင်းမှာတော့ လေယာဉ်ပြန်ပေးသမားတွေက ဓားစာခံတွေကို ၂ သုတ်ခွဲ လွှတ်ပေးခဲ့ပြီး - လေယာဉ်ပေါ်မှာပါလာတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေကို အရင် လွှတ်ပေးခဲ့တာပါ။

လေယာဉ်ပေါ်မှာ လက်ပစ်ဗုံးတလုံးနဲ့ ပစ္စတိုသေနတ် ၂ လက်ကို တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပေမဲ့ ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ လက်နက်တွေဟာ အတုတွေဖြစ်နေတယ်လို့လည်း နောက်ပိုင်းမှာ ဝန်ကြီးချုပ် Muscat က Twitter ကနေ ပြောဆိုခဲ့ပါတယ်။

လေယာဉ်ပြန်ပေးဆွဲမှု အဆုံးသတ်ချိန် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ - ပြန်ပေးဆွဲသမားတွေကို ဖမ်းဆီးထားပြီး စစ်ဆေး မေးမြန်းမှုတွေ ဆက်လုပ်နေတယ်လို့ ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။ အဖြစ်အပျက်တွေကို သိရှိနိုင်ဖို့ လေယာဉ်အမှုထမ်းတွေနဲ့ ခရီးသည်တွေကိုလည်း မေးမြန်းခဲ့ကြောင်း၊ နာရီအနည်းငယ် စစ်ဆေးမေးမြန်းမှုတွေ လုပ်ပြီးသွားရင်တော့ လစ်ဗျားအစိုးရပိုင် လေကြောင်းလိုင်းနဲ့ ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေကို လစ်ဗျားနိုင်ငံဆီ ပြန်လည် ပို့ဆောင်ပေးဖို့ စီစဉ်ထားကြောင်းလည်း ဝန်ကြီးက Muscat က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG