သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရေးဝန်ကြီး ကလင်တန် အာရှ၊ ပစိဖိတ် ခရီးစဉ် စတင်


နိုင်ငံခြားရေးဝန်ကြီး ကလင်တန် အာရှ၊ ပစိဖိတ် ခရီးစဉ် စတင်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ သီတင်းနှစ်ပတ်ကြာမယ့် အာရှ ၇ နိုင်ငံ ခရီးစဉ်ကို ဒီနေ့ စတင်ပါတယ်။ သူမ သွားမယ့် နိုင်ငံတွေကတော့ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ပါပူဝါနယူးဂီနီ၊ နယူးဇီလန်၊ သြစတြေးလျနဲ့ နောက်ဆုံးမှ ဖြည့်လိုက်တဲ့ တရုတ်နိုင်ငံတို့ ဖြစ်ပါတယ်။

ခရီးစဉ်ရဲ့ အဓိက အကြောင်းကတော့ အခုသီတင်းပတ်မှာ ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး စည်းဝေးပွဲကို တက်ရောက်ဖို့ ဖြစ်ပါတယ်။ ဒီစည်းဝေးပွဲရဲ့ အဓိက အကြောင်းရင်းက ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေးအတွက် ဖြစ်ပေမဲ့ နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပမယ့် အငြင်းပွားဖွယ်ရာ မြန်မာနိုင်ငံက ရွေးကောက်ပွဲ အကြောင်းကိုလည်း အဓိကထား ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အများက လက်ခံပြီး ယုံကြည်ရလောက်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် သူတို့အနေနဲ့ တိုက်တွန်းတဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂ၀ါ (Marty Natalegawa) က ဗုဒ္ဓဟူးနေ့မှာ ကျင်းပတဲ့ အာဆီယံ စည်းဝေးပွဲအပြီး သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

သူက ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အချိန်မနှောင်းသေးပါဘူးလို့ မြန်မာစစ်အစိုးရကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

အခုနှစ် အစောပိုင်းက ကျင်းပခဲ့တဲ့ အာဆီယံ အစည်းအဝေးမှာတော့ တောင်တရုတ်ပင်လယ် အတွင်းက ကျွန်းတွေနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အာဆီယံနိုင်ငံ တချို့အကြား နယ်မြေအငြင်းပွားတဲ့ ပြဿနာက အဓိက လွှမ်းမိုးခဲ့ပါတယ်။

ဝန်ကြီး ကလင်တန်ရဲ့ ခရီးစဉ်အစ တထောက်နားမယ့် ဟာဝိုင်ယီကျွန်းမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဆေးဂျိ မာအီဟာရာ (Seiji Maehara) နဲ့ တွေ့ဆုံတဲ့အခါ တရုတ်ပင်လယ်ပြင်မှာ တရုတ်နဲ့ ဂျပန်အကြား နယ်နိမိတ် အငြင်းပွားမှု ပြဿနာကိုလည်း ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။

XS
SM
MD
LG