အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဟာ ကမ္ဘာ့နိုင်ငံ အရပ်ရပ်က လူထုအခြေပြု အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး အမေရိကန် အစိုးရနဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးက လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ ရှေ့ဆက် ဘယ်လို ပူးပေါင်း ဆောင်ရွက်သွားနိုင်မလဲ ဆိုတဲ့ ကိစ္စရပ်တွေကို တိုင်ပင် ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ လူထုအဖွဲ့အစည်းတွေကို ကိုယ်စားပြုပြီး USCB အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင်လည်း ဒီဆွေးနွေးပွဲမှာ တက်ရောက်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲရဲ့ ထူးခြားမှုနဲ့ ပတ်သက်လို့ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တဦးအနေနဲ့ နိုင်ငံအသီးသီးမှာရှိတဲ့ လူထုအဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ တစုတစည်းတည်း မဟာဗျူဟာမြောက် ဆွေးနွေးညှိနှိုင်းမှုလုပ်တာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာ အစိုးရချင်း ဆက်ဆံရေးတင် မဟုတ်တော့ဘဲ လူ့အဖွဲ့အစည်း အချင်းချင်း ဆက်ဆံမှု၊ အထူးသဖြင့် အစိုးရ မဟုတ်တဲ့ လူထုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုလည်း ထည့်သွင်းရမယ်ဆိုတဲ့ အမေရိကန် အစိုးရရဲ့ မူဝါဒကို ထင်ဟပ် ဖော်ပြတဲ့ ဆွေးနွေးပွဲ ဖြစ်တယ်လို့ ဆွေးနွေးပွဲ အစမှာပဲ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ၀ီလီယမ် ဘန်းစ် (William Burns) က ပြောသွားပါတယ်။
အမေရိကန် ပြည်ထောင်စု အနေနဲ့ ကမ္ဘာအနှံ့ ဒီမိုကရေစီ အပြောင်းအလဲတွေ ဖြစ်လာစေဖို့ အစိုးရတွေနဲ့တင် မဟုတ်ဘဲ အစိုးရမဟုတ်တဲ့ အခြားသော အစိတ်အပိုင်းတွေနဲ့ပါ ဆက်ဆံ ပူးတွဲ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ဒီအစည်းအဝေး အဖွင့်မှာ ပြောသွားပါတယ်။
ဒါကြောင့်လည်း ဒီမိုကရေစီ အပြောင်းအလဲတွေ ဖြစ်လာအောင် အမေရိကန် အစိုးရနဲ့ လူထုအဖွဲ့အစည်းတွေကြား ရှေ့ဆက် ဘယ်လိုပူးပေါင်း ဆောင်ရွက်ကြမလဲ ဆိုတာကို အခုစည်းဝေးပွဲ အတွင်းမှာ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူတဦး ဖြစ်တဲ့ USCB အမေရိကန် ပြည်ထောင်စု အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ကိုအောင်ဒင်က ပြောပါတယ်။
“အမေရိကန် အစိုးရနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေကြားမှာ ဘယ်လို ပူးပေါင်း ဆောင်ရွက်ကြမယ်။ နောက် ဒီ လူထုအခြေပြု အဖွဲ့အစည်းများရဲ့ အကြံပြုချက်နဲ့ တင်ပြချက်တွေက အမေရိကန် အစိုးရရဲ့ နိုင်ငံခြားရေးရာ မူဝါဒတွေကို ဘယ်လိုမျိုး တစုံတရာ အကျိုးရှိမယ်၊ အကျိုးပြုမယ်၊ အဲဒီလို အတွေးအခေါ်တွေကို ဆွေးနွေးကြတဲ့ သဘောပါပဲ။”
အမေရိကန် အစိုးရ အနေနဲ့ အစိုးရတင် မဟုတ်ဘဲ တကယ့် လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတာ ပထမဦးဆုံးလို့ သိရပါတယ်။ အဲတော့ အဓိက ဘယ်လိုရည်ရွယ်ချက်နဲ့ အခုလို စတွေ့တာလဲခင်ဗျ။
“ကမ္ဘာတ၀န်းမှာ အစိုးရတွေက အစိုးရချင်း အစိုးရချင်း ဆက်ဆံကြ၊ ပတ်သက်ကြသလိုပဲ လူထုအခြေပြု အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍကလည်း သက်ဆိုင်ရာ နိုင်ငံများရဲ့ အရေးအရာမှာ အင်မတန် အရေးကြီးတယ်ဆိုတာ သူတို့ လက်ခံလာတဲ့ သဘောပါပဲ။ ကျနော်တို့အတွက်ကတော့ ကြီးမားတဲ့ အခွင့်အရေးပေါ့ဗျာ။ အမေရိကန် ပြည်ထောင်စုရဲ့ အဓိကကျတဲ့ နိုင်ငံခြားရေးရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေကို ကျနော်တို့က မျက်နှာချင်းဆိုင် တွေ့ပြီးတော့ သက်ဆိုင်ရာ ကိုယ့်နိုင်ငံရဲ့ အကြောင်းချင်းရာတွေကို ဆွေးနွေးခွင့်၊ ပြောဆိုခွင့်ရတာ အင်မတန်မှ ကြီးမားတဲ့ အခွင့်အရေး တရပ်ပါပဲ။”
မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ရော ကိုအောင်ဒင်တို့ ဘာများ ဆွေးနွေးဖြစ်လဲခင်ဗျ။
“အဓိက အချက် ၂ ချက် ထောက်ပြပါတယ်။ ဘယ်နိုင်ငံမှာမဆို တိုင်းပြည်တွင်းမှာ ရှိနေတဲ့ လူထုကသာလျှင် တိုင်းပြည်ရဲ့ ကံကြမ္မာ၊ တိုင်းပြည်ရဲ့ နိုင်ငံရေး အပြောင်းအလဲကို အဆုံးအဖြတ် ပေးရမှာပေါ့။ ဒါကြောင့် အဲဒီလို လူထုရဲ့ ကြံ့ခိုင်သန်စွမ်းရေးအတွက် ထောက်ပံ့တာ အားလုံးကို ကျနော်တို့က ကျေးဇူးတင်တယ်။ တဘက်မှာကျတော့ လူထု ကြံ့ခိုင်သန်စွမ်းအောင် ဘယ်လောက်ပဲ ကူညီကူညီ၊ တဘက်မှာ မတရားမှုတွေက သိပ်ကြီးမားတယ်ဆိုရင် အဲဒီ လူထုရဲ့ ကြံ့ခိုင်မှုကလည်း အဟန့်အတား ဖြစ်မှာပဲပေါ့။
“အခု ကျနော်တို့ မြန်မာနိုင်ငံ ဥပမာအနေနဲ့ပဲ ပြောမယ်ဆိုရင် လူထုရဲ့ ဆန္ဒကို အကြီးအကျယ် ဖော်ထုတ်ခဲ့ကြပြီးပြီ။ ဒါပေမဲ့ လူထုဆန္ဒတွေက အခုချိန်ထိ အောင်မြင်မှု မရသေးဘူး။ ဘာကြောင့်လဲဆိုတော့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့်။ အမေရိကန် အစိုးရ အနေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေကို ထောက်ပံ့ ကူညီသလိုပဲ တဘက်မှာ အာဏာရှင်တွေကို ဖိအားပေးနေတဲ့ အာဏာရှင် နိုင်ငံကြီးတွေကိုလည်း ထိထိရောက်ရောက် ဖိအားပေးပြီးတော့ အာဏာရှင် စစ်အစိုးရတွေကို ထောက်ပံ့တာ ရပ်တန့်အောင်လုပ်ဖို့ လိုပါတယ်ဆိုပြီး ကျနော် အဲဒီတချက် တင်ပြပါတယ်။
“နောက်တခုက လူထုအခြေပြု အဖွဲ့အစည်းဆိုတဲ့ နေရာမှာလည်း ၂ ခုရှိပါတယ်။ ဆိုလိုတာက မြန်မာနိုင်ငံမှာဆိုရင် ဗိုလ်ချုပ်ကတော်တွေက ဦးဆောင်ဖွဲ့ထားတဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းများဆိုတာ ရှိတယ်။ အဲတော့ လူထုအခြေပြု အဖွဲ့အစည်းကို ဆက်ဆံ ကူညီတဲ့ နေရာမှာ သေသေချာချာ ခွဲခြားဖို့၊ ဘယ်အဖွဲ့အစည်းက အစစ်အမှန် ဖြစ်ပြီးတော့ ဘယ်အဖွဲ့အစည်းက အတုအယောင်ဆိုတာ ခွဲခြားပြီးတော့ စစ်မှန်တဲ့ အဖွဲ့အစည်းကိုသာ လေးလေးနက်နက် ကူညီထောက်ပံ့ပြီး မစစ်မှန်တဲ့ အဖွဲ့အစည်းများကို ရှောင်ကျဉ်ဖို့၊ အဲဒီ ၂ ချက် ကျနော် တင်ပြခဲ့ပါတယ်။”
အခု ဒီနေ့ အစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်လည်း တက်တယ်ဆိုတော့ လူထုအဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ရော အမေရိကန်အစိုးရ အနေနဲ့ရော တစုံတရာ ကတိက၀တ်ပြုတာ ရှိပါသလားခင်ဗျ။
“ရှိပါတယ်။ သူတို့ ကတိက၀တ်က အဲဒီမှာဆိုရင် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က Commitment Signing ဆိုတာ လုပ်တယ်။ အမေရိကန် ပြည်ထောင်စုရဲ့ လူထုအခြေပြု အဖွဲ့အစည်းများနဲ့ မပြတ်ဆက်သွယ် ဆွေးနွေးပြီးတော့ သက်ဆိုင်ရာ တိုင်းပြည်များရဲ့ အကျိုးစီးပွားကို ကူညီ ပံ့ပိုးမယ်ဆိုတာ အမေရိကန် အစိုးရကိုယ်စား Commitment ပေါ့ဗျာ၊ ကတိက၀တ်ပြုတဲ့ လက်မှတ်ထိုးပွဲ တခုလည်း လုပ်ပါတယ်။ အဲဒါလည်း ကျနော်တို့ အများရှေ့မှာပဲ လက်မှတ်ထိုးတာပါ။”
အခုလို အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိတွေနဲ့ ကမ္ဘာအရပ်ရပ်က လူထုအခြေပြု အဖွဲ့တွေကြား ဆွေးနွေးပွဲလုပ်တဲ့ အချိန်မှာ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံ အတော်များများမှာ လူထုလှုပ်ရှားမှုတွေ ပေါ်နေပြီး အစိုးရတွေ မတည်မငြိမ် ဖြစ်နေတဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီဆွေးနွေးပွဲ အတွင်းမှာ အီဂျစ်၊ အီရန်နဲ့ အရှေ့အလယ်ပိုင်း ကိစ္စကတော့ အတော်လေး နေရာယူခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။