သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ်ပိုင်အီးမေးလ် အလုပ်အတွက် အသုံးပြုမှု ဝန်ကြီးဟောင်း ကလင်တန်ဝေဖန်ခံရ


အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်က သူတာဝန်ထမ်းဆောင်နေစဉ်ကာလ သီးခြား အီးမေးလ်အကောင့် နှစ်ခုကိုခွဲပြီး အသုံးပြုခဲ့ရင် ပိုပြီးသင့်တော်မှာ ဖြစ်တဲ့အကြောင်း ပြောကြားပြီး သူ့အနေနဲ့ ဘာမှ အမှားအယွင်း မကျူးလွန်ခဲ့တဲ့အကြောင်း အင်္ဂါနေ့က ပြောပါတယ်။

မစ္စစ် ကလင်တန်အနေနဲ့ တရားဝင် ဆက်သွယ်ရေးသားမှုများမှာ အစိုးရထံက အီးမေးလ်လိပ်စာအစား သူ့ရဲ့ကိုယ်ပိုင် အီးမေးလ်တခုတည်းကိုသာ အသုံးပြုခဲ့တဲ့အကြောင်း နယူးယောက်တိုင်းမ်စ် သတင်းစာက ဖော်ပြခဲ့ပြီးနောက်ပိုင်း ဒါဟာ သူရဲ့ပထမဦးဆုံး လူသိရှင်ကြား ကောက်ချက်ချ ပြောဆိုမှု ဖြစ်ပါတယ်။

လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့မှာ အမေရိကန် ကောင်စစ်ဝန်ရုံး အကြမ်းဖက်တိုက်ခိုက်ခံရမှု အပါအဝင် အချေအတင် အငြင်းပွားဖွယ်ရာ အီးမေးလ်နဲ့ ရေးသားဆက်သွယ်မှုတွေကို ဖုန်းကွယ်ဖို့ သူ့အနေနဲ့ ကြိုးစားတာဖြစ်တယ်လို့ ဝေဖန်သူတွေက စွပ်စွဲခဲ့ကြပါတယ်။

သူ့အနေနဲ့ အီးမေးလ်အကောင့် တခုတည်းကိုသာ အသုံးပြုရခြင်းမှာ ပိုပြီးအဆင်ပြေတဲ့အကြောင်း၊ သီးခြားစက်ကိရိယာနှစ်ခုကို ယူဆောင်သွားဖို့ မလိုလားတဲ့အတွက် ဖြစ်တယ်လို့ မစ္စစ်ကလင်တန်က အင်္ဂါနေ့က ပြောခဲ့ပါတယ်။

သူ့အနေနဲ့ အီးမေးလ်အကောင့် နှစ်ခုထားပြီး တယ်လီဖုန်းနှစ်လုံး သယ်ဆောင်တာပိုပြီး ကောင်းမယ်လို့ အခုသူ့အနေနဲ့ စဉ်းစားမိတဲ့အကြောင်း မစ္စစ် ကလင်တန်က ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ စည်းမျဉ်းတွေအရ သူ့အနေနဲ့ အီးမေးလ်အကောင့် တခုတည်းသုံးခွင့် ရှိတာကို ငြင်းလို့မရနိုင်တဲ့အကြောင်း မစ္စစ်ကလင်တန်က ပြောပါတယ်။

သူရာထူးသက်တမ်းကုန်ဆုံးချိန်မှာ အလုပ်နဲ့ပတ်သက်တဲ့ အီးမေးလ်ပေါင်း စာမျက်နှာ ငါးသောင်းငါးထောင်ကို နိုင်ငံခြားရေးဌာနကို အပ်ခဲ့တဲ့အကြောင်း သူကပြောပါတယ်။ အဲဒီအီးမေးလ်တွေဟာ ထိပ်တန်း လျှို့ဝှက်ချက်တွေမဟုတ်ဘဲ နောက်ပိုင်းမှာ လူသိရှင်ကြား ထုတ်ဖော်ပြသနိုင်တဲ့ အီးမေးလ်တွေဖြစ်ကြောင်း သူကပြောပါတယ်။

သူ့အနေနဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေဖြစ်တဲ့ သူ့သမီးရဲ့မင်္ဂလာဆောင်၊ သူ့မိခင်ရဲ့ ဈာပနအခမ်းအနား အစရှိတဲ့ အီးမေးလ်ပေါင်း သောင်းပေါင်းများစွာကို သိမ်းထားဖို့ မလိုတဲ့အတွက် သူဖျက်ခဲ့တဲ့အကြောင်း သတင်းထောက်တွေကို မစ္စစ် ကလင်တန်က ပြောပါတယ်။ မစ္စစ် ကလင်တန်အနေနဲ့ သူရဲ့အစီစဉ်တွေကို တရားဝင် မကြေညာရသေးပေမဲ့ နောက်နှစ်မှာ ဒီမိုကရက်ပါတီရဲ့ သမ္မတ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ရွေးချယ်ခံလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

XS
SM
MD
LG